ဖေဖော်ဝါရီ ၂ ၊ အင်းတော်ကြီး
ဖေဖော်ဝါရီလ ၂ ရက်နေ့က ကမ္ဘာ့ရေတိမ်ဒေသများနေ့အဖြစ် သတ်မှတ်ပြီး သက်ရှိမျိုးကွဲရှင်သန်နေထိုင်ရေးအတွက် သဘာဝဂေဟ စနစ်ကို ထိန်းသိမ်းရေးဖို့ လှုံ့ဆော်ပေးကြတဲ့ နေ့တစ်ခု ဖြစ်ပါတယ်။
အင်းတော်ကြီးဒေသဟာ ကမ္ဘာ့ရေတိမ်များစွာထဲက တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဘက်ဘက်ကနေ ပျက်စီးလာနေတဲ့ ဒေသတစ်ခုဆိုရင်လည်း ပြောဆိုနိုင်ပါတယ်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန်နှင့်ဘေးမဲ့တောကို ရမ်ဆာစာရင်းဝင် ရေတိမ်ဒေသအဖြစ် သတ်မှတ်ကြေညာခြင်းခဲ့ပါတယ်။
ရမ်ဆာဒေသစာရင်းဝင်ဒေသ သတ်မှတ်မှု (၈) နှစ် အင်းတော်ကြီးမှာ ရွှေအလွန်အကျွံတူးဖော်မှုတွေနဲ့ လယ်ယာစိုက်ပျိုးမြေများ ချဲ့ထွင်လာမှုတွေက ထိခိုက်ပျက်စီးလာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ မိုင်းနောင်နှင့် မမုန်ကိုင်မှာ ရွှေလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။ အများဆုံးကတော့ မိုင်းနောင်ရွာက ပိုလုပ်ကြတယ်။ အင်းတော်ကြီးကန်ထဲကို သူတို့ရဲ့စွန့်ပစ်မြေစာတွေက ဝင်တာလေ။ အဲ့ဒါပြီးတော့ တောင်သူတွေ လယ်တွေ အခင်းတွေ လုပ်ကြတာကလည်း အင်းစပ်အထိရောက်တယ်။ အဲ့ဒါတွေလည်း ပါတာပေါ့လေ။ အရင်ကတော့ ကိုင်းတောတွေ ဘာတွေ ရှိသေးတယ်လေ။ အခုတော့ မရှိတော့ဘူး။ အကုန်လုံး အခင်းတွေ လယ်တွေ လုပ်လို့ကုန်ပြီ။ အဲ့လိုဆိုတော့ အင်းရေကလည်း ခန်းခြောက်ပြီးတော့ ကောလာရတာပေါ့လေ။” အင်းတော်ကြီးဒေသခံ ရှမ်းနီတစ်ဦးကပြောပြပါတယ်။
အင်းတော်ကြီးဒေသကို ထိန်းသိမ်းဖို့အတွက် ရွှေတူးဖော်မှု ၊ လယ်ယာတိုးချဲ့လုပ်ကိုင်မှုများ နှင့် ငါးအလွန်အကျွံ ဖမ်းဆီးမှုများကို တားဆီးနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
“ အခုဟာက တားမြစ်နယ်မြေဆိုတာ မရှိတော့ဘူး။ အကုန်လုံး စည်းမဲ့ကမ်းမဲ့ပဲ တူးချင်သလို တူးကြတော့တာ။ ငွေများ တရားနိုင် အဲ့လိုကို ဖြစ်နေတော့တာ။ ရွှေမှော်တွေနှင့် ငါးဖမ်းတဲ့သူတွေ ဆင်ခြင်လိုက်ရင်တော့ အင်းတော်ကြီးကန်လည်း ပြန်ကောင်းလာမှာပေါ့လေ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
သို့ပေမယ့် အင်းတော်ကြီးကန်နှင့်အနီးတဝိုက်မှာ ရွှေတူးဖော်တဲ့ ရွှေမှော်တွေက ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုတိုးများလာတာဖြစ်ပြီး စည်းကမ်းမဲ့ တူးဖော်မှုတွေအထိ ရှိနေတာလည်းဖြစ်ပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များရဲ့ သဘောတူညီမှုတွေနဲ့ ရွှေတူးဖော်မှုတွေဟာ ပြုလုပ်နေတာကြောင့် တားဆီးဖို့အရေး အလွန်ခက်ခဲတယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။
အင်းတော်ကြီးဒေသဟာ မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေတဲ့ ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော လိပ် ၅ မျိုးနဲ့ အင်းတော်ကြီးမှသာ ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသ တစ်ခုဖြစ်ပါတယ်။