ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရဲ့မရောင့်ရဲရခြင်းပြဿနာ

မြန်မာနိူင်ငံတွင် ပအိုဝ်း ၊ ပလောင် ၊ ကိုးကန့် ၊ ဓနု ၊ ဝ နှင့် နာဂ တိုင်းရင်းသားများကို ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၆ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် တိုင်းများအဖြစ် ပေးအပ်ထားသည်။ 

အခြေခံကျကျပြန်ကြည့်ပါက လူများစု ဖြစ်ပြီးနယ်မြေတစ်ဆက်တစ်စပ်တည်း နှစ်မြို့နယ် အနည်းဆုံး ရှိသော တိုင်းရင်းသား မျိုးနွယ်စုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ပေးထားပြီး နယ်မြေတစ်ဆက်တစ်စပ်တည်း မဟုတ်သော်လည်း ပင်လောင်းမြို့နယ် ၊ ဟိုပုန်းမြို့နယ် ၊ ဆီဆိုင်မြို့နယ် သုံးမြို့နယ်ကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်နှစ်ခုပါသော ဝဒေသကိုမှု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်ကိုတွေ့ရသည်။

အခြေခံဥပဒေ ပေးထားချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ အဆင့်အတန်းနှင့် လုပ်ပိုင်ခွင့်သည် အတူတူပင်ဖြစ်ကြောင်း ပုဒ်မ ၂၇၆(က) အရလည်းကောင်း ဇယား ၃ ပါ ပေးထားချက်အရလည်း သိရှိရသည် ။

အထက်ပါ အတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအဖြစ် ပေးအပ်ထားပြီးဖြစ်သော်လည်း အဆိုပါအခွင့်အရေးရရှိထားသော တိုင်းရင်းသားအချို့သည် အဆိုပါအခွင့်အရေးနှင့် ကျေနပ်ခြင်းမရှိပဲ ပြည်နယ်ရရှိရေးကို အစဥ်တစိုက် တောင်းဆိုလျက်ရှိသည်ကို တွေ့ရှိရသည်။

လက်နက်စွဲကိုင်တောင်းဆိုမှုများကြောင့်လည်း စစ်မီးသည် မငြိမ်းသတ်နိူင်ပဲ ဖြစ်ပေါ်နေသည်ကိုလည်းတွေ့မြင်နေရပါသည်။

ယင်းကဲ့သို့ဖြစ်ပေါ်ရခြင်းပြဿနာအရင်းခံအကြောင်းအချက်များစွာရှိသော်လည်း  တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေး ပြဿနာဟုသာ မှတ်ယူရမည်ဖြစ်သည်။ 

တိုင်းရင်းသားတစ်မျိုးချင်းစီ၏ ပြဿနာအား မကြည့်ပဲ အခြေခံဥပဒေရှု့ထောင့်မှ ကြည့်ရှု့မည်ဆိုပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများသည် လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့် အရ  တိုင်းဒေသကြီး နှင့်ပြည်နယ်များ၏ လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့်နှင့် များစွာကွာခြားသည်ကိုတွေ့ရပါသည် ။

(ဤနေရာတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်များ၏ လုပ်ပိုင်ခွင့် ရပိုင်ခွင့် ပြည့်ပြည့်ဝဝရရှိထားသည်ဟု ဆိုလိုရင်းမဟုတ်ပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ လုပ်ပိုင်ခွင့် ရပိုင်ခွင့်များကိုသာ နိူင်းယှဥ်လိုရင်းဖြစ်သည် ။)

တိုင်းဒေသကြီး နှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်ကို ဇယား ၂ နှင့် ဇယား ၅ တွင်ဖော်ပြထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများ၏ လုပ်ပိုင်ခွင့်ကို ဇယား ၃ တွင်ဖော်ပြထားပါသည် ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသတို့အား ဒေသဦးစီးအဖွဲ့ဖွဲ့စည်းစေပြီး အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာကို ပေးအပ်ထားသည် ။

ဇယား ၃ တွင်ဖော်ပြချက်အရ အချက် ၁၀ ချက်ကိုသာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့အားလုပ်ပိုင်ခွင့် ပေးအပ်ထားပြီး အခွန်ဘဏ္ဍာ ကဲ့သို့သော ရပိုင်ခွင့်များ ပေးအပ်မထားကြောင်းကိုလည်းတွေ့မြင်ရမည်ဖြစ်သည်။

အခန်း ၅ ပါပြဌာန်းချက်များအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသများ၏ ဘဏ္ဍာရေးသည် ပြည်နယ် သို့မဟုတ် တိုင်း ဒေသကြီးကိုသာ လုံးလုံးမှီခိုရမည်ဖြစ်ပါသည်။

လုပ်ပိုင်ခွင့် ၁၀ ချက်သည်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီး၏ လုပ်ပိုင်ခွင့်များနှင့် ရောထွေးနေသည်ကို တွေ့မြင်ရမည်ဖြစ်သည် ။

ဥပဒေ ပြဌာန်းခွင့် အာဏာ နှင့်ပတ်သက်၍လည်း ပုဒ်မ ၁၉၈ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရ တိုင်း နှင့် ဒေသများသည် ပြည်ထောင်စု လွှတ်တော် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ ပြဌာန်းချက်အတိုင်း လိုက်နာရမည်ဟု အဆိုပါပုဒ်မ ၁၉၈ (ခ)(ဂ)(ဃ)တွင်အတိအလင်းဖော်ပြထားသည် ။

ဇယား ၃ ပါ လုပ်ပိုင်ခွင့် ၁၀ ချက်ကို ကြည့်ပါကလည်း ဒေသန္တရ တည်ဆောက်ရေးနှင့် ပြုပြင် ထိန်းသိမ်း စောင့်ရှောက် ပိုင်ခွင့်များသာဖြစ်ပြီး ရပိုင်ခွင့် သို့မဟုတ် အကျိုးခံစားခွင့် တစ်စုံတစ်ရာမှ မရှိသည်ကိုတွေ့ ရှိရမည် ဖြစ်သည် ။

ထိုအခြေအနေကို မြင်သာအောင် ဥပမာပေးရလျှင်

မိမိပိုင်ဆိုင်သော ခြံတွင် အိမ်ဆောက် သန့်ရှင်းရေးလုပ် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ပြီး စိုက်ပျိုးသော်လည်း ထိုမှရသော အကျိုးအမြတ်အား သူများကိုပေးအပ်၍ သူများခွဲပေးမှသာ ရရှိမည့် အခြေအနေဖြစ်နေပါသည်။ 

မိမိဒေသမှရရှိသော အခွန်အခမှန်သမျှကို တိုင်းနှင့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုကိုသာ ပေးအပ်ရမည်ဖြစ်ပါသည် ။

ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး နှင့် ပြည်ထောင်စု၏ ပြန်လည် ပံ့ပိုးကူညီမှုကို ရရှိနိူင်သော်လည်း ကိုယ့်ကြမ္မာကိုဖန်တီးခွင့် ဆုံးရူံးနေသည့် အနေအထားလည်း ဖြစ်ပါသည်။

အဆိုပါအနေအထားများကြောင့် အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုတွင် အုပ်ချုပ်ရေး ၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး အာဏာသုံးရပ်လုံး ခွဲဝေခြင်းသာမက ဘဏ္ဍာငွေ ကောက်ယူ ပိုင်ခွင့်ရှိသော ပြည်နယ်ရရှိရေးကိုသာ တိုင်းရင်းသားမျိုးနွယ်များက တောင်းဆိုနေခြင်းဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်သည် ။

အထက်ပါကိစ္စရပ်များသည် အချို့သော တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသမျှလောက်ဖြင့် ကျေနပ်မှုမရှိပဲ ပြည်နယ်အဆင့်အတန်းမျိုး တောင်းဆိုနေရခြင်း၏ အကြောင်းရင်းများဖြစ်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *