၂၀၂၃ ခုနှစ် ၊ သြဂုတ်လ ၂၅ ၊
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း နိုင်ငံရေး ပဋိပက္ခများကြောင့် ကုန်သွယ်ရေး အခက်အခဲနှင့် ကြုံတွေ့နေရပြီး ကုန်စျေးနုန်း အဆမတန် မြင့်တက်နေကြောင်း သိရသည်။
“ကုန်ကားတွေလည်း ၆ လပိုင်းကတည်းက မဝင်ဘူး။ ရေလမ်းကလည်း သိပ်အဆင်မပြေဘူး၊ တစ်ချို့ပစ္စည်းတွေဆို လေယာဉ်နဲ့တင်ရတာဆိုတော့ စျေးကတအားကိုကြီးနေတာ၊ မနေ့က ကျမ ပင်လယ်စာတစ်ပုံး လေယာဉ်နဲ့တင်လာတာ တန်ဆာခကြီးကို နှစ်သိန်းလေးသောင်းကျော်ကျတယ်။”ဟု စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
မုံရွာမှ အမြန်ယာဉ်များရှိသော်လည်း လမ်းခရီးတွင် အကောက်ခွန်ဂိတ်များ ပေါများခြင်း ကုန်စည်ကန့်သတ်မှုများ ရှိနေခြင်းများကြောင့် ကုန်စျေးနုန်း အဆမတန်ကြီးမြင့်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲကြောင့် ဟုမ္မလင်းမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်ကြသော ကြက်ဥ တစ်လုံးလျှင် 500 ကျပ် ၊ ခရမ်းချဥ်သီး တစ်ပိသာ 10000 ကျပ် ၊ခါကျက်ဥ တစ်ပိသာ 20000 ကျပ် ၊ ခရမ်းသီး တစ်ပိသာ 5000 ကျပ် ၊ ပန်းမုံလာ တစ်ပွင့်လျှင် 7000 ကျပ် ၊ မုံလာထုပ် တစ်ထုပ်လျှင် 4000/5000 ကျပ် ၊ အာလူးတစ်ပိသာ8000/10000 ကျပ် ၊ စားဆီ တစ်ပုံးလျှင် 130000 ကျပ် ၊ ပန်းငြုပ်ပွ တစ်ပိသာလျှင် 16000 ကျပ် ၊ ပန်းသစ်တော်သီး တစ်လုံး 5000 ကျပ် ၊ပန်းသီးတစ်လုံး4000 ကျပ် ကျသင့်ကြောင်းလည်း သိရသည်။
“ ပေါ်ဆန်းမွှေးဆန်ဆို တစ်အိတ်ကို တစ်သိန်း ရှစ်သောင်းလောက်ပေးရတယ်၊ ဘိလပ်မြေတစ်အိတ် သုံးသောင်းကျော်တယ်။” ဟု ဟုမ္မလင်း မြို့ခံတစ်ဦးကဆိုသည်။
ဟုမ္မလင်းမြို့သို့ မုံရွာ-ဟုမ္မလင်း သို့ရေကြောင်းမှလည်းကောင်း ၊ မန္တလေး-ပင်လည်ဘူး- ဖောင်းပြင် _ ဟုမ္မလင်း သို့ ကုန်းလမ်းမှလည်းကောင်း ၊ မန္တလေး – မုံရွာ – ဟုမ္မလင်း လေကြောင်းမှ လည်းကောင်း သွားလာနိုင်သော်လည်း လတ်တလောတွင် ကားလမ်းမှ သွားလာနိုင်ခြင်းမရှိသေးသလို ရေကြောင်းသွားလာမှုလည်း ပုံမှန်မရှိသေးကြောင်းသိရသည်။
ဟုမ္မလင်းဒေသသည် ရွှေသယံဇာတ ထွက်သည့် ဒေသဖြစ်သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နယ်မြေအများစု နိုင်ငံရေးမတည်မငြိမ်ဖြစ်သောကြောင့် အဆိုပါဒေသများမှ ပြည်သူများ ရွှေလုပ်ငန်းလာရောက်လုပ်ကိုင်သူများပြားသဖြင့် လေကြောင်းခရီးသွားလာမှုကိုသာ အဓိက လုပ်ဆောင်ကြရပြီး ခရီးသွားလာမှုလည်း များပြားကြောင်းသိရသည်။
“လေယာဉ်ကနေ့တိုင်းရှိတယ် ၊ တစ်ချို့ရက်တွေမှာ တစ်ရက်ကို ၃ စီးလောက်ဆင်းတာတောင် လက်မှတ်က ဝယ်ရခက်တယ်။”ဟု ဒေသခံတစ်ဦးက ဒေသတွင်း ခရီးသွားလာရေးအခြေအနေကို ပြောပြသည်။
ဟုမ္မလင်းမြို့နယ်၏ ဧရိယာအများစုကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ထိန်းချုပ်ထားပြီး ဟုမ္မလင်းမြို့နယ်သို့ ကုန်စည်စီးဆင်းသည့် လမ်းပိုင်းဒေသများကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက ထိန်းချုပ်ထားသဖြင့် ဟုမ္မလင်းဒေသသို့ ကုန်စည်စီးဆင်းမှုကို ကန့်သတ်မှုများ ရှိနေခြင်းဖြစ်ကြောင်းလည်း ဒေသခံများထံက သိရသည်။