ကြမ်းကြမ်းတမ်းတမ်းပျက်စီးလာတဲ့  အင်းတော်ကြီးဒေသသဘာ၀ပတ်ဝန်းကျင်

အင်းတော်ကြီးဒေသက လယ်ကွက်တစ်ခုကို တွေ့ရစဉ် Photo/ShanNi Voice

မိုးဦးဝင်စဆိုရင် အင်းတော်ကြီး ကန်ရေပြင်က လှိုင်းပုတ်ခတ်တာ ပင်လယ်ပြင်အလားလို့ ဆိုကြပါတယ်။ လှိုင်းလုံးတွေက ပင်လယ်ပြင်က လှိုင်းလိုမြင်တွေ့ကြရတာပါ။ အခုတော့ လှိုင်းထန်တယ်ဆိုတာ မတွေ့ရသလောက်ဖြစ်လာပါတယ်။ မုတ်သုန်မိုးတွေ ဝင်ပြီဆိုရင် တောင်တန်းတွေမှာ ရစ်သိုင်းတတ်တဲ့ တိမ်ညိုညိုဟာလည်း ခပ်ပါးပါးသာ ရစ်သိုင်းတတ်ပါတော့တယ်။ ဒီလိုမြင်ကွင်းတွေက အကောင်းဘက်ကို ဦးတနေတာမဟုတ်ဘူးဆိုတာကိုတော့ သိသာထင်ရှားလာပါတယ်။ ဇီဝမျိုးကွဲတွေအစုံအလင်နဲ့ လူတွေတွဲဖက်နေတတ်တဲ့ ချစ်စရာ အားကျဖွယ်ရာဒေသတစ်ခုလို့လည်းဆိုရမှာပါ။ ဒီလိုတွေကြောင့် ကမ္ဘာက ယူနီစကို အဝိုင်းအဝန်းအဖြစ်သတ်မှတ် ထိန်းသိမ်းမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

၂၀၁၆ ယူနစကို စတင်ဝင်ပြီးတော့ အင်းတော်ကြီးကန် နဲ့ ပတ်ဝန်းကျင်ကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဒေသတွင်းလူငယ်တွေ အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်မှုက (၅) နှစ်မပြည့်တပြည့်မှာ တိုင်းပြည် အာဏာသိမ်းမှုနဲ့ ဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်းမှုကြောင့် အင်းတော်ကြီးဒေသက သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက် ရိုတ်ခတ်လာခဲ့ပါတယ်။ အင်းတော်ကြီးကန်ကို နှစ်ပေါင်း သုံးဆယ်ကျော်ကတည်းက ခြိမ်းခြောက်လာတဲ့ ရွှေမျှောတွေက တဖန် ဦးထောင်လာခဲ့ပါတယ်။ ရွှေမျှောလုပ်ကိုင်မှုတွေက အဆပေါင်းများစွာ ဒီတစ်နှစ်အတွင်းမှာ တိုးလာခဲ့တာကိုလည်း တွေ့မြင်ရတာဖြစ်ပါတယ်။  

“ သစ်လုပ်ငန်း၊ရွှေလုပ်ငန်းတွေပိုပြီးတော့မှာဥပဒေမဲ့သလိုပိုပြီးတော့မှလုပ်လိုက်တာလေ၊အာဏာမသိမ်းခင်ကနည်းနည်းထိန်းထိန်းသိမ်းသိမ်းရှိတယ်၊အခုရွှေလုပ်ငန်းတွေဆိုလည်းရွာထဲထိရပ်ကွက်နဲ့တဆက်တစပ်တည်းရောက်နေတယ်” လို့မိုင်းနောင်ကျေးရွာသားတစ်ဦးကဆိုပါတယ်။ 

မိုင်းနောင်ကျေးရွာအနောက်ဘက် ရွှေမျှောတိုက်နေမှုတွေကို Google Map ကတွေ့ရစဉ်

အင်းတော်ကြီးဒေသ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဒေသခံတွေ အများဆုံးထောက်ပြနေကြတာ သုံးခုရှိပါတယ်။ အဓိက စိန်ခေါ်မှု အကြီးဆုံးကတော့ ရွှေတူးဖော်မှုပါ။ အင်းတော်ကြီးကန်ရဲ့ အနောက်ကမ်းတလျှောက်က ရွာတိုင်းမှာ ရွှေကြောရှိတာလည်းဖြစ်ပါတယ်။ ရွှေတူးဖော်မှုတွေက အရင်ကတည်းက ရှိလာခဲ့ပြီး မြန်မာစစ်တပ် နဲ့ ကေအိုင်အေ ကို ငွေပေးပြီး လုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ သို့ပေမယ့် အတင့်ရဲ သူတချို့နဲ့ အပိုင်အဆိုင်ရှိသူတွေကသာ လုပ်ရဲကိုင်ရဲကြတာလည်းဖြစ်ပါတယ်။​ စစ်တပ်က အာဏာသိမ်းပြီးတော့ ရွှေမျှောတွေက ပိုတိုးလာခဲ့ပါတယ်။ 

အခုမမုန်ကိုင်ဆိုလည်းရွာထိနေပြီကွာအရင်တုန်းကမမုန်ကိုင်ဆိုလမ်းနဲ့ဝေးဝေးလုပ်သေးတယ်။မိုင်းနောင်ဆိုလည်းဝေးဝေးလုပ်သေးတယ်။အခုတော့ရပ်ကွက်နားမှာချကုန်ကြပြီကော၊ဘယ်သူ့ကိုလည်းမကြောက်ဆိုတော့ရပ်ကွက်နဲ့လည်းခြံစည်းရိုးပဲခြားတော့တာကြီးကိုသစ်တောရုံးမိုင်းနောင်ဘိနယ်ရုံးသူတို့ခြံစည်းရိုးပဲကျန်တယ်။သူတို့နားထိရွှေမျှောတွေရောက်နေတယ်လို့မိုင်းနောင်သားတစ်ဦးကပြောပြပါတယ်။ 

ရွှေမျှောတွေက စက်ယန္တရားကြီးတွေနဲ့ တူးဖော်တဲ့အဆင့်ထိပါရောက်လာပါတယ်။ မိုင်းနောင်ကျေးရွာထဲမှာ ယခင်က ဘတ်ဟိုးအစီးအရေအတွက် ဆယ်ဂဏန်းသာရှိပေမယ့် အခု အနည်းဆုံး ၁၀၀ စီးအထက်မှာ ရှိနေတယ်လို့လည်း စုံစမ်းသိရပါတယ်။ ရွှေမျှောတွေ အများဆုံးတွေ့မြင်ရတဲ့ မိုင်းနောင်ကျေးရွာ နဲ့ မမုန်ကိုင်ကျေးရွာတွေက မိုးကြီးတဲ့နှစ်တိုင်း ရေကြီးရေလျှံမှုက ကြုံတွေ့ရင်ဆိုင်နေရတာပါ။ ဒီနှစ်မိုးရာသီမှာလည်း ဒီလိုပြဿနာက ပိုကြီးကြီးမားမားကြုံတွေ့နိုင်တာလည်း မလွဲဧကန်ပါပဲ။ မျှောကနေ စွန့်ပစ်လိုက်တဲ့ မျှောမြှီးတွေက  အင်းတော်ကြီးကန် ရေဝေရေလဲချောင်းတစ်ခုမှာ ဆိုးဆိုးရွားရွား ဝင်ရောက်နေပါတယ်။ ဒေသခံတွေရဲ့ ခန့်မှန်းချက်က ဒီနှစ်ထဲမှာ ရွှေမျှောတွေရဲ့နွံရေ တွေက ၅ ဆအထက်မှာ ဝင်ရောက်နိုင်ပြီး အင်းကမ်းစပ်တွေ ပိုကောလာနိုင်တယ်လို့ဆိုကြပါတယ်။ ဒီလိုလုပ်ဆောင်နေတာကို တားဆီးနိုင်မယ့်သူတွေမရှိသေးသလို ဆက်လက်ပျက်စီးနေတာကို ထိုင်ကြည့်နေရဆဲရတာပါ။ 

လယ်ချဲ့ထွင်ခြင််းနဲ့ငါးသယံဇာတအလွန်အကျွံဖမ်းယူခြင်း 

လွဲမွန်ကျေးရွာက တံငါလှေများကို တွေ့ရစဉ် Photo/ ShanNi Voice

အင်းတော်ကြီးဒေသရဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေက လူတွေပြုလုပ်နေတာကြောင့် အများဆုံးဖြစ်ပါတယ်။ ရွှေမျှောအလွန်အကျွံတူးဖော်မှု အပြင် တခြားပြဿနာတွေလည်းရှိနေပါတယ်။ ကန်ရေပြင်အစပ်နားထိ တောင်သူတွေက လယ်ယာမြေတွေကို ချဲ့ထွင်လာကြပါတယ်။ အင်းတော်ကြီးစိမ်းလန်းက သတ်မှတ်ထားတဲ့ ဧရိယာတွေကိုကျော်လွန်ပြီး ချဲ့လာကြပါတယ်။ လယ်ယာမြေအတွင်းမှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာ ၊ ပေါင်းသတ်ဆေး ၊ ပိုးသတ်ဆေးတွေက ကန်ရေပြင်ထဲကိုရောက်လာမှ မလွဲပါ။ ဒီလိုလယ်ချဲ့ထွင်မှုတွေကို ပညာပေးလုပ်ငန်းတွေနဲ့ အမြန်ဆုံးတားဆီးဖို့လည်းလိုအပ်နေပါတယ်။ 

လယ်ယာမြေတွေတအားချဲ့ထွင်လွန်းတာလေအဲ့တာ။ချဲ့ထွင်တဲ့တယ်ဆိုတာကျွန်တော်တို့ထိန်းသိမ်းရေးနယ်မြေတွေမကျန်လုပ်ခဲ့ကြတော့ကျွန်တော်တို့ရဲ့အင်းတော်ကြီးကထိန်းသိမ်းရေးအပိုင်းမှာထိခိုက်စေတာပေါ့လို့အင်းတော်ကြီးဒေသရှမ်းနီစာပေနဲ့ယဉ်ကျေးမှုအသင်းဥက္ကဌဦးစိိန်လွင်ဦးကပြောဆိုပါတယ်။ 

တားဆီးဖို့အတွက် ပညာပေးတဲ့လုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်ကြရမှာလို့ ဦးစိန်လွင်ဦးကဆိုပါတယ်။ အင်းတော်ကြီးဒေသမှာ ပညာပေးတဲ့ လုပ်ငန်းတွေ အားနည်းမှုများစွာရှိခဲ့တာလို့လည်း ပြောဆိုကြပါတယ်။ ပညာပေးလုပ်ငန်းတွေမှာ လယ်ယာလုပ်တာအစ တံငါလုပ်ငန်းအဆုံးပညာပေးမှုတွေ လိုအပ်နေတာလည်းဖြစ်ပါတယ်။ တံငါလုပ်ငန်းကို လုပ်ကိုင်လာကြတဲ့ တံငါသည်တွေလည်း ငါးသယံဇာတကို အလွန်အကျွံဖမ်းကြတာပါ။ အင်းတော်ကြီးကန်ထဲမှာ ငါးမျိုးစိတ်ပေါင်း ၉၃ မျိုးနဲ့ ရှားပါးစာရင်းဝင် ငါး ၇ မျိုးလည်းတွေ့နိုင်ပါတယ်။ တံငါတွေကို ပိုက်စိပ်နဲ့ ဖမ်းဖို့ ၊ သမားရိုးကျဖမ်းဖို့လို့ ငါးဦးစီးနဲ့ အင်းတော်ကြီးကန် သဘာဝထိန်းသိမ်းရေးတွေက ဆော်ဩထားပေမယ့် ပိုက်စိပ်အသုံးပြုတာ ၊ ကျဉ်စက်အသုံးပြုဖမ်းတာတွေပြုလုပ်နေကြပါတယ်။ တံငါလှေတွေက တစ်ရက်ကိုအနည်းဆုံး နှစ်ရာဝန်းကျင်မှာရှိပြီး ငါးအသေးအကြီးမရွေး အကုန်ဖမ်းဆီးနေတယ်လို့လည်း တံငါသည်တွေဆီကနေသိရပါတယ်။ အင်းတော်ကြီးစိမ်းလန်းအဖွဲ့တွေလည်း ကန်ထဲကို မဆင်းကြည့်တာ ၆ လဝန်းကျင်ရှိလာတာကြောင့် တံငါသည်တွေအတွက် ငါးကိုပုံစံအမျိုးမျိုးနဲ့ မရရအောင်ဖမ်းဆီးနေကြတာပါ။  အရေးယူနိုင်မှုတွေ အားနည်းလာတာကြောင့် ငါးမျိုးသုဉ်းနိုင်မယ့် ပြဿနာကိုလည်း စိုးရိမ်နေကြပါတယ်။ 

“  ပိုက်စိပ်တွေ၊ကျဉ်စက်တွေနဲ့ထိုးတာညတိုင်းပဲအဲ့တာကြောင့်အင်းကမကောင်းကုန်တော့ဘူး။အဲ့လိုဆိုတော့ငါးကိုမရှိတော့တာဒီနှစ်မိုးကျတော့ငါးတွေတောင်မတက်တော့ဘူး။ချောင်းတွေမှာလည်းငါးတွေမရှိကုန်တော့ဘူး” လို့အင်းဘေးကပ်ရပ်မှာနေတဲ့ကျေးရွာသားတစ်ဦးကပြောပါတယ်။ 

ဒါ့အပြင် တံငါသည်တွေရဲ့ ပိုက်ချည်တိိုင်တွေကအစ အင်းထဲမှာ ဒီအတိုင်းစွန့်ပစ်ထားသလို ၊ အမှိုက်သရိုက်တွေလည်း ဖြစ်သလို အင်းထဲကို စွန့်ပစ်ကြတယ်လို့ဆိုပါတယ်။ မီးရှို့ဖျက်ဆီးလို့ရတဲ့ အမှိုက်တွေကိုလည်း အင်းထဲနဲ့ အင်းအစပ်တွေမှာ စွန့်ပစ်မှုတွေကများလာတယ်လို့လည်း ဆိုပါတယ်။ 

အင်းတော်ကြီး လွတ်တော်အမတ်တစ်ဦးပိုင်ဆိုင်ခဲ့ဖူးတဲ့ သစ်စက်ကိုတွေ့ရစဉ် Photo/ShanNi Voice

အင်းတော်ကြီးကန်နဲ့ ဒေသကို ပျက်စီးစေမယ့်တခြားအကြောင်းအရာတွေကလည်းများစွာရှိနေပါသေးတယ်။ ပျက်စီးလက်စကို ထပ်မံမဖျက်ဆီးစေနိုင်ဖို့အတွက် အင်းတော်ကြီးဒေသခံတွေက ဦးဆောင်ပြီး ပြန်လည် ထိန်းသိမ်းကြရမှာပါ။ ဒီအင်းတော်ကြီးဒေသကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ဆိုရင် ရွှေတူးဖော်တာကို ဦးစွာရပ်ပစ်ရမှာဖြစ်ပြီး ၊လယ်သမားတွေကိုလည်း ပညာပေးလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင်ကို မှီခိုတဲ့နေရာကနေ ကင်းလွှတ် လုပ်ဆောင်မှရနိုင်မယ်လို့ဆိုပါတယ်။  အင်းတော်ကြီးကန်က တိမ်ကောလာမှုနဲ့ အဆုံးအစွန်ပျက်စီးမှုတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ အင်းကောတဲ့ လက္ခဏာတချို့ကိုလည်း လွန်ခဲ့တဲ့နှစ်တွေမှာ တွေ့မြင်ခဲ့ကြရပြီး အဲ့ကတည်းက ထိန်းသိမ်းဖို့ ဆော်ဩခဲ့ကြပါတယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှု စနစ်မကျခြင်းကလည်း ဒီဒေသကို တဖြည်းဖြည်းပျောက်ကွယ်အောင်ဖျောက်ဖျက်နေတဲ့နည်းတွေဖြစ်လာတာကို သတိမူရမှာဖြစ်ပါတယ်။ အတိတ်ကာလက သမိုင်းတွေ ၊ ဒဏ္ဍာရီတွေက ရှမ်းနီတို့ရဲ့ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ ဒေသတစ်ခု အမွေအနှစ်တစ်ခုဖြစ်တာကြောင့် ဒီထက်မပျက်စီးခင် စုပေါင်းထိန်းသိမ်းကြဖို့ အားလုံးမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *