မေ၂၀၊မိုးကောင်း
ဆန်စပါး သိုလှောင်မှုလုပ်ငန်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ တစ်ခုကို
စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖွဲ့စည်းလိုက်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
ဆန်နဲ့စပါးသိုလှောင်မှုအတွက် လုပ်ငန်းတည်နေရာ တစ်နေရာတည်းမှာ ဆန်တန်ချိန် (၅၀)၊ အိတ် ၁၀၀၀ အိတ် နှင့် စပါးတင်းရေ ၅၀၀၀ နဲ့အထက် သိုလှောင်မယ်ဆိုရင် မှတ်ပုံတင်ရမယ့်အနေအထားပဲ ဖြစ်ပါတယ်။
အဆိုပါ ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဌာနဆိုင်ရာတွေ ၊ ပုဂ္ဂလိကဆန်စပါးလုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။
“ လုပ််ငန်းဆောင်တာက ကောင်းတော့ကောင်းတယ်ဆိုပေမယ့် ဘယ်လောက်ထိကြီးကြပ်နိုင်မလဲဆိုတာက အဓိက ဘယ်လောက်ထိအလုပ်လုပ်နိုင်မလဲဆိုတာပေါ့၊ စပါးကုန်သည်တွေတော်တော်များများက ဒီအချက်ထဲမှာပါလာမယ်။ လုပ်ငန်းကြီးသမားတွေက မပါဘူး စပါးတင်းရေ ငါးထောင်လောက် သိန်းရာဂဏန်း ထောင်ဂဏန်းကိုင်နိုင်တဲ့သူတွေကပဲ လှောင်နိုင်မှာဆိုတော့ လုပ်ငန်းကြီးတွေ သမားတွေက အရမ်းကြီးက အကျိုး သက်ရောက်မှုမရှိဘူး” လို့ မှတ်ပုံတင်ရမယ့်အခြေအနေနဲ့ ပတ်သက်ပြီး ဆန်စက်ပိုင်ရှင်တစ်ဦးပြောပြတာက
ဒီအဖွဲ့ဖွဲ့စည်းတာဟာ ဆန်စပါးလုပ်ကိုင်နေသူများအနေနဲ့ ဝန်ထုပ် ဝန်ပိုးနှင့် အန္တရာယ်မဖြစ်စေဘဲ လုပ်ငန်းဆောင်ရွက်နိုင်ဖို့၊ အမြတ်များများရလိုမှုဖြင့် သမားရိုးကျ ရောင်းဝယ်ခြင်း မဟုတ်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေမှုကို ထိန်းကျောင်းနိုင်ဖို့ နှင့် ဆန်စပါးသိုလှောင်မှု အခြေအနေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“ အခွန်မဆောင်ပဲ လှောင်ချင်တိုင်းလှောင်တဲ့သူတွေက အကျိုးအမြတ်ပိုရတယ်။လေးသောင်းလှောင်မယ်တို့ ၊ ဆန်စက်လုပ်ငန်းလည်းမရှိဘူး ပိုက်ဆံရှိလို့လှောင်တယ်ပေါ့နော် မလိုအပ်တဲ့ ဆန်စျေးစပါးစျေးတွေက လှုပ်လာတာ စျေးကွက်ကို လုံးဝကို ထိန်းချုပ်လို့မရတာက အဲ့လိုမျိုးအကြောင်းအရာတွေပါတယ်” လက်ရှိ ဆန်စပါးသိုလှောင်မှုနဲ့ ပတ်သက်ပြီး ထို ဆန်စက်ပိုင်ရှင်ပြောပြတာကတော့
မှတ်ပုံတင်စနစ်ကို အားလုံးလိုက်ပါ ကျင့်သုံးနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး အကယ်၍ ကန့်သတ်ပမာဏ သိုလှောင်ခြင်းအတွက် မှတ်ပုံမတင်ပါက ဥပဒေနှင့်အညီ အရေးယူခံရမှာဖြစ်တယ်လို့လည်း သိရပါတယ် ။
အရင်က ဆန် နဲ့ စပါးကို သိုလှောင်မယ်ဆိုရင် ဘယ်ဌာနကိုမှ စာရင်းတင်ပြစရာမလို သလို မှတ်ပုံတင်လျှောက်ထားရတာမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။