အောက်တိုဘာ ၁၁ ၊ အင်းတော်ကြီး
မိုးညှင်းမြို့နယ် နဲ့ အင်းတော်ကြီးဒေသတွေမှာ စပါးရိတ်ချွေခနှုန်းထားများ တစ်ဆနီးပါး စျေးမြင့်တက်လာနေတယ်လို့ တောင်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
“ တစ်ဧက တစ်သိန်းလို့ပြောတယ်။လောလော တစ်သိန်းစျေးပေါက်နေတယ်။ ဆီစျေးကျရင်တော့ သူကျပေးမယ် စျေးတွေတက်လာတော့ သူတို့လျော့ပေးလို့မရဘူးလို့ဆိုပါတယ်။ အခု ဆီကတက်လာတယ် ။ တစ်ပေပါကို ခုနှစ်သိန်းခွဲကျော်ထိ တက်လာတယ်။ “ အင်းတော်ကြီးဒေသ တောင်သူတစ်ဦးက ပြောပြပါတယ်။
၂၀၂၀ ခုနှစ်မှာ စပါးရိတ်ချွေက လေးသောင်းကျပ်ရှိခဲ့ပြီး အာဏာသိမ်းပြီးတဲ့နောက်မှာ ၆ သောင်းကျပ်အထိမြင့်လာကာ အခုနှစ်မှာ တစ်သိန်းကနေ တစ်သိန်းခွဲနီးပါးအထိရှိတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။
ကောက်ရိတ်သမားတွေကလည်း လမ်းခရီးအခြေအနေ ၊ လုံခြုံရေးအခြေအနေတွေနဲ့ ကပ်ရောဂါဘေးတွေကြောင့် ကောက်စိုက်သမားရှားပါးမှုတွေကြောင့် စက်ချွေစက်တွေကိုသာ အဓိက အသုံးပြုနေကြတယ်။
တောင်သူတွေက စပါးစိုက်ပျိုးစဉ်ကာလကလည်း စက်သုံးဆီစျေးနှုန်းကြီးမြင့်မှု ၊ဓာတ်မြေဩဇာစျေးနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကိုခံခဲ့ကြရပြီး စပါးထွက်ရှိလာတဲ့အခါမှာလည်း ရိတ်ချွေစရိတ်တွေမြင့်တက်လာမှုဒဏ်ကိုခံနေရတယ်လို့ မိုးညှင်းမြို့နယ်က တောင်သူ ဦးကျော်ထွေးက ပြောပြပါတယ်။
“ လယ်သမားတွေက ဘယ်လိုအဆင်ပြေကြမလဲ ၊ အဆင်မပြေလဲလုပ်ရမှာပဲ ၊ တောင်သူလယ်သမားဆိုတာ လယ်ပဲလုပ်စရာရှိတယ်။ စပါးစိုက်တုန်းကလည်း ဒီဇယ်တွေ ဆီတွေစျေးတက်လည်းလုပ်ရတာပဲ၊လုပ်ရကိုင်ရတာလည်း ရတာနဲ့ ရင်းနှီးရတာလည်း မကိုက်ဘူး ၊ ငါတို့အတွက်ကို မကျန်ဘူး ၊ ဒါပဲလုပ်စားတတ်တော့ ဒါပဲလုပ်ရတာ “
တောင်သူတွေက ဓာတ်မြေဩဇာတွေကို အပြည့်အဝမသုံးစွဲခဲ့ရတာကြောင့် ဒီနစ်မှာ စပါးအထွက်လျော့နည်းလာနိုင်တယ်လို့ ခန့်မှန်းထားကြသလို စပါးစျေးနှုန်းမြင့်တက်လာဖို့ကိုလည်း မျှော်လင့်နေတယ်လို့ဆိုပါတယ်။
“ ခေတ်ကာလက ဘယ်လိုပြောရမလဲ ဘာမှမပြောတတ်တော့ဘူး ဆီစျေးမကျဘဲ စပါးစျေးလိုက်လာရင်လည်း အားလား၊ ငါတို့တောင်သူတွေ စပါးစျေးအနည်းဆုံး တစ်သောင်းရောက်ရင်လည်း မကိုက်ဘူး။ တစ်သောင်းခွဲလောက်ရမှကို တောင်သူတွေ အသက်ရှုလို့ရမှာ” လို့ တောင်သူတစ်ဦးကပြောပါတယ်။
မိုးညှင်းမြို့နယ်နဲ့ အင်းတော်ကြီးဒေသမှာ စပါးစိုက်ပျိုးဧက နှစ်သိန်းနီးပါးရှိပြီး နှစ်စဉ်စပါးတင်း နှစ်သန်းနီးပါးထွက်ရှိနေတဲ့ ဒေသလည်းဖြစ်ပါတယ်။