သြဂုတ် ၁၉၊ ဆွမ်ပရာဘွမ်
ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်တွင် ကြွက်ဘေးကျရောက်နေကြောင်း ဒေသခံများကပြောပါတယ်။
” ကြွက်ဘေးသင့်တဲ့ရွာတွေကများတယ် ဆွမ်ပရာဘွမ်မြို့နယ်တစ်ခုလုံးလိုပေါ့ ။ကားလမ်းတောက်လျောက်ပေါ့နော။ ဆွမ်ပရာဘွမ်ကနေ အောက်ဘက် ၁၂ရွာပေါ့။ တစ်ချို့ရွာတွေဆိုတော်တော်ဆိုးတယ်။ ဆွပ်ခါးယန်တို့ ခဂါးယန်တို့ဆို စပါးပင်တောင်မပေါက်တော့ဘူးပြောတယ်။”ဟု ဆရာဘရန်ရှောင်ကပြောပါတယ်။
ကျရောက်သော ကြွက်အုပ်တွေဟာ အကောင်ရေသိန်းချီရှိပြီး စိုက်ပျိုးသီးနှံအားလုံးနီးပါး ဖျက်ဆီးခံရသဖြင့် လာမယ့်နှစ်တွင် ရိက္ခာရှားပါးမှုဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်နေကြပါတယ် ။
“ဒီနှစ်ဆို စပါးဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက် ကျမတို့ဒေသခံတွေအတွက် တော်တော် ဒုက္ခရောက်မှာပေါ့နော် ။ ဒီတောင်ယာတွေကိုပဲ မှီခိုပြီး စားသောက်ရတဲ့အတွက် ဒါကိုဒီလိုဖျက်ဆီးလိုက်တော့ ကျွန်မတို့အတွက် တော်တော်လေး ဒုက္ခရောက်မှာပေါ့ ။”ဟု ဆွမ်ပရာဘွမ်ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကြွက်ဘေးကျရောက်သဖြင့် သီးနှံများပျက်စီးသော ကျေးရွာများမှာ ဆွမ်ပရာဘွမ် ၊ လိုင်ဝါးယန်၊ ဆွပ်ခါး ၊ ကရန်ယန်၊ ဒရူးခ၊ ခဂါးယန်၊ မိုင်ထောင်၊ ဆူယန်၊ အင်ဂေါမ ၊ခင် ဒူကောင်၊ ပင်ဆောင်း၊ အင်တားဂလို ရွာစတဲ့ ရွာ များဖြစ်တယ်လို့ သိရပါတယ် ။
၂၀၁၈ ခုနှစ်ကလည်း ပူတာအိုခရိုင် နောင်မွန်းမြို့နယ် ပန်နန်ဒင်းမြို့နယ်ခွဲရှိ ကျေးရွာ ၁၀ ရွာတွင် ကြွက်ဘေးကျရောက်ခဲ့ပြီး သီးနှံများ ပျက်စီးခဲ့တဲ့ဖြစ်စဥ်တစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ဆွမ်ပရာဘွမ်ဒေသအပါအဝင် ကချင်ပြည်နယ် မြောက်ဖျားဒေသများတွင် ၁၉၇၃ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ကြွက်ဘေးကြီး ကျရောက်ခဲ့ပြီး တောင်ပေါ်နေ ကချင်မျိုးနွယ်စုအများအပြား မြေပြန့်ဒေသသို့ ပြောင်းရွှေ့ခဲ့ကြတယ်လို့ ကချင်မျိုးနွယ်စုတွေက ရေးသားမှတ်တမ်းတင်ခဲ့ကြပါတယ် ။
ဒီဖြစ်စဥ်ကို ယူလီခူး(Yuli Hku)(ကြွက်ဘေး) ဆိုပြီးခေါ်ဆိုကြပါတယ် ။