ဇီးကျွန်းကျေးရွာဟောင်းကိုရွာအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးဖို့  လက်မှတ်ရေးထိုးပြီးစာပို့

ဇူလိုင် ၁၈ ၊ မြစ်ကြီးနား 

    ဝိုင်းမော်မြို့နယ်  ဇီးကျွန်းကျေးရွာဟောင်းကို  ရွာအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးဖို့ အိမ်ထောင်စု ၁၀၀ ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး   ပြည်ထဲရေးဝန်ကြီးကို ဇူလိုင်လ(၁၇) ရက်နေ့မှာ  စာပေးပို့လိုက်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

  “ ကျေးရွာမှာ သမိုင်းဝင် ဘုရားစေတီပုထိုးတွေရှိတဲ့အတွက်ကြောင့်ပေါ့ ထိန်းသိမ်းရမယ့်ဟာ အဲ့ဒီဇီးကျွန်းကျေးရွာသူ ကျေးရွာသားတွေမှာလည်း တာဝန်ရှိနေတာပေါ့နော် နာမည်ပယ်ဖျက်ခြင်းရဲ့နောက်ကွယ်မှာ ခရိုနီတွေရောက်လာမှာကိုလည်း စိုးရိမ်တာပေါ့လေ   ဇီးကျွန်းကျေးရွာက ဒီရွာသူရွာသားတွေအားလုံးရဲ့ ထမင်းအိုးလဲဖြစ်တာကိုး အေ့ဒီမှာပဲ စိုက်ပျိုးရေးကို အဓိကထားပြီး လုပ်ကိုင်ကြတယ်ဆိုတော့လေ” ဟု ဦးဆောင်စာပေးပို့ခဲ့သူ တစ်ဦးက ပြောပြပါတယ်။

  ဇီးကျွန်းကျေးရွာဟောင်းမှာ ရွာသူရွားသားများရဲ့ အားကိုးအားထားရာ လယ်ယာမြေတွေ၊ စေတီပုထိုးတွေ၊ ရှေးဟောင်းအမွေအနှစ်များ ကျန်ရှိတည်ရှိနေသေးတာကြောင့် မူလအတိုင်းဆက်လက်ထားရှိဖို့ စာပို့တောင်းဆိုရခြင်းဖြစ်တယ်လို့ ကျေးရွာသားများက ဆိုကြပါတယ်။

  ဇီးကျွန်းကျေးရွာဟောင်းဟာ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ ကျော်ကတည်းက တည်ရှိခဲ့သော ကျေးရွာတစ်ရွာဖြစ်သည်သာမက ရှမ်းနီ(တိုင်းလျန်) တိုင်းရင်းသား လူမျိုးများ နေထိုင်ခဲ့သော ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

   “ အဓိကဦးတည်ပြီးသွားတာကတော့ ပြည်ထောင်စုဝန်ကြီးပေါ့ ပြည်ထဲရေးဝန်ကြီး နေပြည်တော်ပေါ့ ကျန်တာကတော့ ဝန်ကြီးချုပ်တို့ သိရှိဖို့အတွက်ကကျတော့ ဌာနတွေအားလုံးကိုတော့ မိတ္တူဖြန့်ပေးလိုက်တာပေါ့”  ၎င်းကဆက်ပြောပါတယ်။  

ပြည်ထဲရေးဝန်ကြီးဌာနက   ရွာအမည်စာရင်း ပယ်ဖျက်ဖို့ သဘောထားတောင်းခံမှုအပေါ်တွင် ရှမ်းနီလူမျိုးများရဲ့သမိုင်းဖြစ်တာကြောင့် သမိုင်းမဖျောက်ဖျက်သင့်ကြောင်း နှင့် လူထုသဘောဆန္ဒကို လိုက်လျောလက်ခံပေးစေသည်ဟု ပေးပို့တင်ပြသည့်စာထဲတွင် ပါရှိပါတယ်။

  ၁၉၇၉   ခုနှစ်မှာ  ဧရာဝတီမြစ်ရေကြီးကာ ဇီးကျွန်းကျေးရွာကို ရေလွှမ်းမိုးမှု အကြီးမားဆုံးဖြစ်ပွားခဲ့ပြီးနောက်  ရေတိုက်စားမှုတွေကြောင့် ကျေးရွာသူ/သားများကို  မြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ကို  တဖြည်းဖြည်းပြောင်းရွေ့ရင်း ၂၀၀၄ ခုနှစ်တွင် အပြီးအပိုင်ပြောင်းရွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

  ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက  မတ်လ၂၈ ရက်နေ့တွင်  ရွာအမည်ပျက်စာရင်းသွင်းရန် သဘောတူကြောင်း လက်မှတ်ရေးထိုးဖို့ ကျေးရွာဒေသခံများထံကို စာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *