တန်းတူရေးတရားမျှတမှုနဲ့လူ့အခွင့်အရေးအတွက်ဆက်လက်တိုက်ပွဲဝင်ဖို့ရှမ်းလူ့အခွင့်အရေးနေ့မှာရှမ်းကျောင်းသားအဖွဲ့ကတိုက်တွန်းထား

 

ဇွန်၁၆တောင်ကြီး

၁၉၉၇ ခုနှစ်ကနေ ကွန်ဟိန်းမြို့နယ် တာဖာဟိုကျေးရွာသူ/သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှ ဇွန်လ ၁၆ ရက်နေ့မှာ ၂၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ 

အဲ့ကာလက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စီမံကိန်းကြောင့် ရှမ်းပြည်ထဲက သိန်းနဲ့ချီနဲ့ ရှမ်းလူမျိုးတွေ တစ်ဖက်နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ရပြီး ဒီနေ့အထိ အိမ်မပြန်နိုင်ကြသေးသလို သေဆုံးခဲ့သူတွေအတွက် လည်း တရားမျှတမှုတွေက ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရှမ်းကျောင်းသား သမဂ္ဂ  TSU  က ဒီနေ့ဇွန်လ ၁၆ ရက်နေ့မှာဆိုပါတယ်။ 

စစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ မတရားမှု ၊ လူ့အခွင့်အရေးချိုးဖောက်မှုတို့အတွက်  တန်းတူရေး ၊ တရားမျှတမှု ၊ လူ့အခွင့်အရေး ရဖို့ တိုက်ပွဲဆက်လက်ဝင်ကြဖို့အတွက် တိုက်တွန်းထားပါတယ်။ 

ဖြတ်လေးဖြတ်စီမံကိန်းဆိုတာ  ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်မှာ စစ်တပ်က ရှမ်းလူမျိုးတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုပုံစံနဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုကြီးလို့ ရှမ်းအဖွဲ့အစည်းတွေကဆိုပါတယ်။ 

အဲ့အချိန်က ရှမ်းပြည်အလယ်ပိုင်းနဲ့ တောင်ပေါင်းက မြို့နယ် ၁၅ မြို့နယ်မှာဖြစ်ပွားခဲ့ပြီး ကျေးရွာပေါင်း ၁၈၅၅ ရွာနဲ့ ပြည်သူလေးသိန်းကျော်ကို အတင်းအဓမ္မ နေရပ်ရွေ့ပြောင်းခိုင်းတာတွေ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

အဲ့နှစ်တွေကို ငရဲနှစ်လို့လည်း တင်စားခေါ်ဝေါပြောဆိုနေကြတာပါ။ 

အမျိုးသမီး ၆၂၅ ယောက်ကတော့ အဓမ္မပြုကျင့်ခံခဲ့ရပြီး ပြည်သူအယောက် ၂၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရကာ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကတော့ ၁၉၉၇ ခုနှစ် ဇွန် ၁၆ ရက်နေ့မှာ  ကွန်ဟိန်မြို့နယ်အတွင်းက ရွာသူ၊ ရွာသားပေါင်း ၅၆ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်ခံရတဲ့ ဇွန်လ ၁၆ ရက်နေ့ကို အစွဲပြုပြီး ရှမ်းပြည်ညီညွတ်ရေးကော်မတီ-CSSU က ဇွန် ၁၆ ရက်နေ့ကို  ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့” အဖြစ် ၂၀၂၀ ခုနှစ်မှာ သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *