တိုင်းရင်းသားမီဒီယာမူဝါဒ ပေါ်ထွက်လာရေးအတွက် သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံက ဆုံးဖြတ်

သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာမူဝါဒ ပေါ်ထွက်လာရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

            “ အကြံအဥာဏ်တွေကို အဆင့်ဆင့်ယူသွားမယ် အနည်းဆုံး လောလောဆယ်တော့ အတိအကျ မပြောနိုင်သေးပေမယ့် မူဝါဒတစ်ခုရေးဆွဲဖို့က အချိန်အတိုင်းအတာတစ်ခုအထိတော့ ယူရမှာ ရှိသေးတယ် ။ တက်ရောက်လာတဲ့ သတင်းဌာနတွေရောမတက်ရောက်လာတဲ့ သတင်းဌာနတွေ ကိုရော ကျွန်မတို့က ချိတ်ဆက်ပြီးတော့ တွေ့ဆုံမှုတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ၊ လုပ်သွားမယ့် တစ်ဆင့်တစ်ဆင့်  ဆောင်ရွက်သွားမယ်ဆိုလို့ရင်တော့ ဖြစ်မယ်” ဟု BNI ဥက္ကဌ ဒေါ်နန်းဖောဂေက ပြောကြားသည်။

            တိုင်းရင်းမီဒီယာမူဝါပေါ်ထွက်လာရေးအတွက် ယခင်နှစ်များက ကျင်းပခဲ့သော တိုင်းရင်းမီဒီယာ ညီလာခံတွင်လည်း ဆွေးနွေးမှုများရှိခဲ့ကြောင်းသိရသည်။

            ထိုမူဝါဒအတွက် တိုင်းရင်းသားဒေသအခြေစိုက် မီဒီယာများနှင့်တွေ့ဆုံမှုများပြီး တွေ့ဆုံညှိနှိုင်းမှုများ အတွက် ဘတ်ဂျက် (ငွေကြေး) အခက်အခဲများရှိနေသည်ဟု BNI ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ စိုင်းမိန်းက လည်းပြောကြားသည်။

            ယခုကျင်းပပြီးစီးခဲ့သည့် တိုင်းရင်းမီဒီယာညီလာခံတွင် သတင်းအချက်အလက်ရပိုင်ခွင့် ဥပဒေကို ပြဌာန်းပေးရန် ၊အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများကို ပြည်သူများ သိရှိနိုင်ရန် ပွင့်လင်းမြင်သားစွာ ချမှတ်ထား ၇န် ၊ မီဒီယာမူဝါဒများကို တရားမျှတစွာချမှတ်ပြဌာန်းရန် နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း နယ်မြေ နေရာကန့်သတ်မှုမရှိဘဲ သတင်းရယူခွင့် များအတွက် တောင်းဆိုကြသည်။

            သတ္တမအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို မြစ်ကြီးနားမြို့  မနောကွင်း မဂျွယ်ခန်းမ တွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *