တိုင်းရင်းသားဒေသက မရယ်ရတဲ့ ဟာသများ

အပိုင်း ( ၁)

အင်္ဂလိပ်ကိုလိုနီလက်ထက် မြန်မာပြည်မြောက်ပိုင်းမြေပုံ

တိုင်းရင်းသားဒေသများဆိုတဲ့နေရာမှာ ကျွန်တော်မွေးဖွားခဲ့တဲ့ အထက်ချင်းတွင်းဒေသကိုပဲ ဦးစွာညွှန်းပါရစေ။ အခုခေတ်မှာ ရှမ်းနီမြေလို့  ထင်ရှားလာတဲ့ အထက်ချင်းတွင်းမြစ်ဝှမ်းဒေသက ရှမ်းပြည်ဟောင်းကြီးပေါ့ခင်ဗျာ။ 

သမိုင်းအရ မောရှမ်းပြည်လို့ခေါ်တဲ့ အဝန်းအဝိုင်းထဲမှာပါခဲ့သလို မြန်မာမှတ်တမ်းများအရတော့ အညာရှမ်းပြည်လို့ ထင်ရှားဖူးပါတယ်။ မြန်မာမင်းများလက်ထက်က လွှတ်တော်ကနေစာဆင့်တဲ့အခါ ရှမ်းသံခံ ယွန်းသံခံများက ရှမ်းဘာသာ ယွန်း(ရှမ်း)ဘာသာပြန်ပြီး သက်ဆိုင်ရာ ရှမ်းပြည်များရဲ့ နယ်ရှင်စော်ဘွားကြီးများထံ ပို့လေ့ရှိပေမယ့် အညာရှမ်းပြည်အတွက်တော့ ဘာသံခံအရာရှိမှမထားဘဲ မြန်မာမင်းက တိုက်ရိုက်အုပ်ချုပ်ပါတယ်။ စာပို့တော့လည်း ဗမာစာနဲ့ပဲ ပို့တာပေါ့။ 

ဆိုတော့ အဲသည်ခေတ်ကာလမှာ “အမိန့်တော်ပါတယ်။ နာခံ”ဆို နားလည်လည် မလည်လည် ဒူးထောက်နာခံခဲ့ရမှာပါ။ နားမလည်သူကသာ ပိုများမှာ အသေအချာပါပဲ။ ဗမာ့နန်းတွင်းမှာ ပညာသင်ဖို့(အမှန်ကတော့ ဓားစာခံခေါ်တာပါပဲ။)သွားနေကြရတဲ့ စော်ဘွားကြီးများရဲ့ သားတော်တွေကလည်း ခမည်းတော်ရဲ့အရိုက်အရာကို ခံယူကြတဲ့အခါ ဒေသံရှမ်းစကားဟာ သူ့အတွက် နားစိမ်းသွားတာများမယ်လို့ ယူဆပါတယ်။ မဝေးလှသေးတဲ့ကာလက စော်ဘွားကြီးတစ်ပါးရဲ့ နေပြည်တော်မှာဆို သူ့ရှေ့ ဗမာလိုမပြောဘဲ ရှမ်းလိုပြောလျှင်တောင် ဒဏ်တပ်တယ်လို့ဆိုသကိုး။ 

စစ်အစိုးရ ကာလတစ်လျှောက်လုံးမှာ တိုင်းရင်းသားတွေဘက်က တလျှောက်လုံး လူမျိုးကြီးဝါဒဆိုပြီး ဝေဖန်ခဲ့ကြဖူးတယ်။ အခုထိလည်း ဝေဖန်နေကြတုန်းပါပဲ။ သည်လူမျိုးကြီးဝါဒ (သို့မဟုတ်) လူမျိုးလွှမ်းမိုးဖျောက်ဖျက်ခြင်းပြဿနာက အထက်ချင်းတွင်းနယ်မှာတော့ ၁၈၈၅ခု နှစ် မတိုင်မီကတည်းက ရှိနေခဲ့ပြီးဖြစ်ပါတယ်။ ကာလကြာရှည်လာတဲ့အခါ ဒေသခံရှမ်းအများအပြားဟာ  ရှမ်းစကားကိုလည်း သေချာမတတ်၊ ဗမာစကားကျတော့လည်း လေလုံးမကွဲနဲ့ အင်မတန်ဒုက္ခရောက်ရလေ့ ရှိပါတယ်။ မဆလခေတ်နဲ့ နဝတ၊ နအဖလို ခေတ်တွေမှာ ခရီးဝေးသွားတဲ့ ဒေသခံရှမ်းတွေဟာ အစစ်အဆေး အမေးအမြန်း အချုပ်အနှောင်နဲ့ မကင်းကြဘူးပေါ့ခင်ဗျာ။ မှတ်ပုံတင်တွေကမှအစ လူမျိုးအမည်မှန် မဖော်ပြဘဲ ဖျောက်ထားခဲ့ကြတယ်ပေါ့ဗျာ။

“စားတော့ ဟင်းပေါင်းဟင်းလှော်၊ 

ပျော်တော့ ဝေးလေးလေးအော်၊ 

ခေါ်တော့ ပမာ(ဗမာ)ပါ့အေး” 

ဆိုတဲ့ ခပ်လှောင်လှောင် ဆိုရိုးမျိုးဟာ အထက်ချင်းတွင်းဒေသနေ ရှမ်းမဟုတ်တော့တဲ့ ရှမ်းအနွယ်တွေအတွက်တော့ မထူးဆန်းတော့ပါဘူး။ တွေးကြည့်လျှင် အင်မတန်နစ်နာရတဲ့ လူမျိုးစုလိုက် မျိုးတုံးပျောက်ကွယ်မှုကို တွေ့နိုင်ပေမယ့် အုပ်ချုပ်သူတွေဘက်က အဲလောက်ထိထဲထဲဝင်ဝင် မခံစားကြတဲ့အခါ ခံစားချက်တွေဟာ ဟာသစကားလောက်နဲ့ပဲ ပျောက်ကွယ်ခဲ့ရပါတယ်။ အခုခေတ်မှာတော့ မဖြစ်သင့်တော့ဘူးပေါ့။

ဘာသာစကားပညာရှင်တွေက ရှမ်းမှာ ဟထိုးသံမပါဘူးလို့ သတ်မှတ်ကြပေမယ့် အထက်ချင်းတွင်းရှမ်းနယ်မှာတော့ ဟထိုးသံတွေ ထည့်ပြောလာတာ ဆယ်စုနှစ်တစ်ခု မကတော့ဘူး။ လှေကို အရင်က လေလို့ ဟထိုးသံဖျောက် ပြောခဲ့ကြပေမယ့် အခုတော့ လှေသံတွေ ပီသသွားကြပြီ။ ခင်ဆိုတဲ့ စကားသံကို အရင်က ခဲင်န်ဆိုပြီးထွက်တော့ စောခင်ကို စောခဲင်န်လို့ ခေါ်ခဲ့ကြပေမယ့် အခုတော့ စောခင်အမည်ကို ပီပီသသခေါ်ဖို့ မခက်ခဲကြတော့ဘူး။ ရှမ်းမှာ ဓနိတသံမရှိဘူး။ ဒါကြောင့် ဆွမ်းတော်တင်တဲ့အခါ ရှမ်းဘိုးဘွားတွေက

“ဥတကေရေချမ်း မာလပန်းနှင့် 

ဆွမ်းဘောဇဉ် ခဲဖွယ်တို့ကို”

ဆိုပြီး တင်ခဲ့ကြပေမယ့် အခုတော့ 

“ဥဒကေရေဂျမ်း”

ဆိုပြီး ဆိုတတ်ခဲ့ကြပြီ။ စကားပီသသွားတာကို မုဒိတာပွားရပေမယ့် တစ်ဖက်မှာတော့ မိခင်ရှမ်းဘာသာစကားဟာ လေလိုပြာလို လွင့်ပျောက်သွားခဲ့ရတာပေါ့။ 

ရှမ်းဒေသ၊ ရှမ်းရေမြေပါလို့ ဘုရားစူးကျိန်ပြောလို့ရပေမယ့် ဘာသာစကားကတဆင့် ယဉ်ကျေးမှုကူးလူးခြင်း နိယာမအရ ဆိုကြကကြပြန်တော့ ဗျောစည်သံနဲ့ မာမာအေးနဲ့ တွံတေးသိန်းတန်နဲ့။ အခုဆို မနောနဲ့တောင် စည်ကားခဲ့တဲ့ ပွဲပေါင်းမနည်းတော့ဘူး။ သို့သော် ဗမာဆိုရိုးမယ် 

“စကား စကား ပြောဖန်များ၊ စကားထဲက ဇာတိပြ”

ဆိုတာ ရှိတယ်မဟုတ်လား။ ဒေသခံရှမ်းတွေအနေနဲ့ ဗမာခံယူသာ သွားကြတယ်။ စကားများပြောကြတဲ့အခါ အာ..ညယ်၊ အာ…မောင်၊ အာ..မွေ စသဖြင့် ခံစားချက်အလိုက် စကားဦးမှာထားပြီး ပြောတဲ့စကားလုံးတွေကတော့ သူတို့ရဲ့မူလဇစ်မြစ်ကို ဖော်ပြနေဆဲပါပဲ။

ဒါနဲ့ပတ်သက်ပြီး မရယ်ရတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ရှိတယ်။ လုပ်ဇာတ်မဟုတ်တဲ့ ဖြစ်ရပ်မှန်ပါ။ အထက်ချင်းတွင်းနယ်က ရှမ်းရွာကြီးတစ်ရွာမှာ ဘုရားပွဲအတွက် ဇာတ်ပွဲထည့်သတဲ့။ ဇာတ်ပွဲဆိုလို့ မန္တလေးဇာတ်၊ ပခုက္ကူဇာတ်စသဖြင့် နာမည်ကြီးဇာတ်တွေ ဘယ်ငှားနိုင်ပါ့မလဲ။ ရာသီပေါ်သီးနှံလေးတွေနဲ့ အလုပ်ဖြစ်ချိန်လောက်သာ ဇာတ်ဆိုတာမျိုးကို ငှားနိုင်ကြတာဆိုတော့ နီးနီးနားနားက ဇာတ်ကို ငှားရတာပေါ့။ သူတို့ငှားလာတဲ့ဇာတ်က ဗမာလို့ခံယူသွားကြတဲ့ ရှမ်းနယ်က ဇာတ်ဆိုပဲ။ 

ဇာတ်ပွဲအစမှာ နတ်သံပစ်ရတယ်မဟုတ်လား။ အဲသည်ဇာတ်ကလည်း နတ်သံပစ်သတဲ့။ ဘယ်လိုပစ်တုန်းဆိုတော့ – 

       “ မင်္ဂလာရယ်မှ..မဏ္ဍိုင်…အာ့..အား…ညယ်…” 

ဆိုပြီး ပစ်ပါသတဲ့။ အောက်ကနေ ကြည့်ကြပါသော ရွာခံရှမ်းများကတော့ တခွိခွိပေါ့ခင်ဗျာ။ ဒါနဲ့ ဘုရားကန်တော့ပြီးတော့ စတိတ်ရှိုးကဏ္ဍရောက်လာတယ်။ ဇာတ်ပိုင်မင်းသားက ထွက်ဆိုသတဲ့။ မျိုးမြင့်လေးဆိုထားတဲ့ နေကာမျက်မှန်လေးနဲ့ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေတယ်လို့ဆိုပါတယ်။ သိတော်မူကြတဲ့အတိုင်းပါပဲ။ သည်သီချင်းရဲ့ မူလစာသားဟာ 

” မရေရာ နက်ဖြန်အရေးက တွေးဆရန်မလွယ်ပါတယ်… အဖြေရှာ တစ်သက်ပန်ဝေးကြ ဆွေးရမှာသေချာတယ်…

နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ်…” ဆိုတာနဲ့ စပါတယ်။ အဲဒါကို မောင်မင်းကြီးသားက ဇာတိဖျောက်ပြီး မဆိုနိုင်ရှာဘူး။  “မရေရာ နက်ဖြန်အရေးက တွေးဆရန်မလွယ်ပါညယ်.. အဖြေရှာ တစ်ဆက်ပန်ဝေးကြ ဆွေးရမှာဆေချာညယ်… နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ညယ်…”

ဆိုပြီး စင်ပေါ်ကနေ ဟစ်တဲ့အခါ အောက်ကပရိသတ်ခမျာ မအောင့်နိုင်တော့ပဲ ကွင်းလုံးပြည့် တဟားဟား ရယ်မိကြပါသတဲ့။ 

သည်ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကြားကြားချင်တော့ ကျွန်တော်ပါရယ်မိပါတယ်။ သို့သော် သေချာပြန်စဉ်းစားတဲ့အခါမှာတော့ ဝမ်းနည်းစရာပါပဲ။ဘာသာစကားတွေ ပျောက်သွားတဲ့အခါ ယဉ်ကျေးမှုတွေ လိုက်ပါပျောက်ဆုံးပြီး လူမျိုးရဲ့ မူလစရိုက်လက္ခဏာပါပျောက်သွားတာကို တွေ့လိုက်ရလို့ပါ။ ဇာတိမဖျောက်နိုင်ရှာတာလေးတစ်ခုပဲ ကျန်ခဲ့ပေမယ့် သူ့ကိုယ်သူ ဘာလူမျိုးလို့ အတိအကျပြောနိုင်ဖို့ပါ ခက်သွားပါတယ်။ ဗမာပါလို့ လွယ်လွယ်လေးဖြေလို့ရပေမယ့် သူ့ခုံခုံမင်မင် စားနေတဲ့အစားအစာတွေနဲ့ သူပြောနေတဲ့လေသံတွေကိုကြည့်ပြီး သူ့အပေါ် ဗမာလူမျိုးအဖြစ် ဗမာတွေကိုယ်၌က အလွယ်တကူလက်ခံနိုင်ဖို့ ခဲယဉ်းပါတယ်။

သည်လိုတွေပြောတော့ ကျွန်တော့်ကိုအမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီလို့ ထင်ပါလိမ့်မယ်။ သည်လိုအမြင်ကျဉ်းမြောင်းနေလျှင် အခုလိုစာမျိုးတောင် ဗမာလိုဘယ်ရေးပါ့မလဲ။ ရှမ်းဘာသာ (သို့မဟုတ်)ထိုင်းဘာသာနဲ့သာ ရေးတော့မှာပေါ့။ ဆိုလိုတာက လူမျိုးနဲ့ချီပြီး အပြစ်တင်လိုတဲ့အတွက် သည်စာကိုရေးတာမဟုတ်ဘူး။ စနစ်တစ်ခုရဲ့ မှားယွင်းမှုအောက်မှာ လူမျိုးနွယ်စုတစ်စုဟာ မျိုးတုန်းပျောက်ကွယ်လုလု အနေအထားရောက်သွားတယ်ဆိုတာကိုသာ ဖော်ပြလိုရင်းဖြစ်ပါတယ်။ ပြီးတော့ ငါတို့လူမျိုးသာ သူတို့နေရာမှာဆိုလျှင်ဆိုတဲ့ စာနာနားလည်ပေးမှုမျိုးကို ရိုးသားစွာ ရလိုတဲ့အတွက် ဖော်ပြတာဖြစ်ပါတယ်။ စာနာနားလည်မှု ရှိကြလိမ့်မယ်လို့လည်း ယူဆပါတယ်။ 

နောက်ထပ် မရယ်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကတော့ ဗမာစကား မကျွမ်းကျင်လို့ ရှမ်းစစ်စစ်တွေ ဒုက္ခရောက်ရတာပါ။ အရင်ခေတ်ကပါတဲ့။ အထက်ချင်းတွင်းနယ်မှာ သစ်ဆိုတာ ဖောချင်းသောချင်းပါပဲ။ အိမ်ဆောက်ဖို့ကအစ ခြံတိုင်အလယ် ထင်းအတွက်အဆုံး ခုတ်ယူကြတာပါပဲ။ ဘယ်သစ်တောမှ ပြုန်းတီးတာ မဖြစ်ဖူးပါဘူး။ ရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခု ကျလာမှသာ တောတွေပြုန်းကုန်တာပါ။ ထားပါတော့။ 

ဟူနောင်(ဟူ=ဦးခေါင်း၊ ထိပ်။ နောင်=အင်း။ အင်းထိပ်၊ အင်းဦးရွာ)၊ ဟင်နောင်(ဟင်= အမြီး၊ နောင်=အင်း၊ အင်းမြီးရွာ)လို့ခေါ်တဲ့ ရွာနှစ်ရွာဟာ အထက်ချင်းတွင်းမြစ်ဝှမ်းမှာရှိတဲ့ ရှမ်းရွာလေး၂ရွာပါ။ အင်မတန်ရိုးအေးတဲ့ ရှမ်းတိုင်းရင်းသားတွေနေထိုင်ကြပါတယ်။ တစ်နေ့မှာတော့အဲသည်ရွာသားတွေဟာ တောထဲသွားပြီး သစ်ခုတ်ကြပါသတဲ့။ အဲသည်မှာ သစ်တောက တာဝန်ရှိသူတွေနဲ့ တွေ့တယ်လို့ဆိုပါတယ်။ ဟိုကလည်း တာဝန်အရ စစ်ရဆေးရ ဖမ်းရပေါ့။ ဖမ်းသာဖမ်းလာရတယ် ပြားပြားမှရဖို့မမြင်သလို ဗမာစကားတောင် မရေလည်ကြရှာတာ တွေ့ရတော့ စစ်ဆေးပြီးပြန်လွှတ်မယ်ပေါ့။ 

ဒါနဲ့စစ်ဆေးတဲ့အခါ ဘယ်ကလာသလဲ။ ဘယ်ရွာကလဲလို့မေးတော့ 

“ဟူနောင်၊ ဟင်နောင်”

ကပါလို့ ဖြေသတဲ့။ ဒါပေမယ့် ဟိုအရာရှိနားမှာတော့ 

“ပူနောင်၊ ပူနောင်”

လို့ ကြားသတဲ့။ သူ့ကို ပါးစပ်ဆိုင်းတီးပြီး ပြောင်ပြတယ်ထင်လို့ သည်ရွာသားတွေကို ရိုက်တယ်ဆိုပဲ။ ရွာသားတွေခမျာလည်း မေးတိုင်းရှမ်းအသံနဲ့ဖြေလေ အရိုက်ခံရလေဆိုတော့ မသက်သာဘူးပေါ့။ ဒါနဲ့ပဲ ဟုမ္မလင်းနယ်ကပါခင်ဗျာဆိုပြီး ပြောင်းပြောမှ လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်။ 

သည်အဖြစ်အပျက်က ရှမ်းစကားတတ်တဲ့သူတွေအတွက်လည်း မသက်သာတဲ့အခြေအနေကို ဖော်ပြနေပါတယ်။ ဘာသာစကားဖွံ့ဖြိုးဖို့ ဘာသာစကားတည်မြဲဖို့အတွက် သည်ဘက်ခေတ်မှာ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများဘက်က ကြိုးစားပေးနိုင်လျှင် သိပ်ကောင်းမယ်ပေါ့။ 

တစ်ချို့ကဆင်ခြေပေးမယ်။ သည်စကားတတ်တော့ရော ဘာအရေးလဲ။ တတ်တော့ ဘာအသုံးကျမှာမို့တုန်းဆိုပြီး ပြောပါလိမ့်မယ်။ မတတ်တာထက်စာလျှင်တော့ တတ်တာက ပိုအသုံးကျပေါ့။ သားသမီးဝတ် ၅ပါးမှာ ” မွေခံထိုက်စေ ” ဆိုတာနဲ့ ” စောင့်လေမျိုးနွယ်”ဆိုတဲ့စကားကိုလေးလေးနက်နက်စဉ်းစားသင့်ပါတယ်။ ပြီးတော့ ဆရာဇော်ဂျီကိုယ်၌က  

” သင်၏မျိုးသား

  စာ စကားလည်း 

 ကြီးပွားတက်မြင့်

 ကျန်ကောင်းသင့်၏”

ဆိုပြီး သင်သေသွားသော်ကဗျာမှာ ထည့်ပြီးရေးဖွဲ့ပြခဲ့တယ်မဟုတ်လား။ ကိုယ့်ရဲ့စကားတစ်ခွန်းဟာ သည်ဒေသမှာ သည်လူမျိုးနေထိုင်ခဲ့ကြပါလားဆိုတာကို အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် မိခင်ရှမ်းဘာသာစကားပြောဖို့အတွက် အလွန်အရေးကြီးပါတယ်။

ဘာသာစကားနဲ့ စာပေဆိုတာ ဆရာဇော်ဂျီရဲ့ကဗျာထဲကလို တိုးတက်မြင့်မားပြီး ကျန်ခဲ့သင့်တာပါ။ တိုးတိတ်နွမ်းလျစွာ ပျောက်ကွယ်သွားတာမျိုး မဖြစ်သင့် မဖြစ်ထိုက်ဘူးပေါ့။ ကိုယ့်လူမျိုးရဲ့ဘာသာစကားကို ကိုယ်က စပြီး ထိန်းသိမ်းပြောဆိုဖို့လိုပါတယ်။ 

ချုပ်ပြီးဆိုရလျှင် အထက်ချင်းတွင်းနယ်ဟာ ၁၈၈၅မတိုင်မီကာလကတည်းက ဗမာ့စာပေယဉ်ကျေးမှုလွှမ်းမိုးခဲ့ပြီဖြစ်တယ်။ သည်အနေအထားကို ဗမာမင်းများကိုယ်၌က ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်။ သည်ရဲ့အကျိုးဆက်က ရှမ်းတိုင်းရင်းသားအတော်များများဟာ ဗမာဖြစ်မှန်းမသိဖြစ်ခဲ့ကြရပြီး မဆလ၊ နဝတ၊ နအဖ ခေတ်တွေမှာလည်း မှတ်ပုံတွေကအစ လူမျိုးအမည်မှန် ဖော်ပြခြင်း မခံကြရတော့ဘဲ လွယ်လွယ်နဲ့ ဗမာဖြစ်လာခဲ့ကြပြီဖြစ်တယ်။ ရှမ်းစကားပြောသေးတဲ့ သူတွေကျပြန်တော့ ရုံးပြင်ကန္နားသွားဖို့လာဖို့အတွက် ခက်ခဲနေကြရပြန်တယ်။ သည်လိုနဲ့ 

“ရှမ်းကြာ ဗမာဖြစ်”

ဆိုတဲ့ ဆိုရိုးအတိုင်း စီးမျောလိုက်ပါရင်း အထက်ချင်းတွင်းရှမ်းနယ်ရဲ့ရှမ်းဘာသာစကား၊ စာပေနဲ့ ရိုးရာယဉ်ကျေးမှုဟာ သေငယ်ဇောနဲ့ ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေတဲ့ လူမမာလို ဖြစ်နေရပါပြီ။ မဝေးတော့တဲ့ကာလမှာ

“နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ညယ်…” 

ဆိုတဲ့ အသံကများ လွှမ်းသွားလေမလား မသိတော့ပါခင်ဗျာ။   ။

ရေးသားသူ – ဆေခမ်းဖ (​မန္တလေးတက္ကသိုလ်)

Leave a Reply

Your email address will not be published. Required fields are marked *