တိုင်းရင်းသားဒေသက မရယ်ရတဲ့ ဟာသများ

အပိုင်း (၂)

ဟာသ(ဟဿ)ဆိုတာ ရယ်ရွှင်မြူးထူးတာကို ဆိုလိုပါတယ်။ အနှောင်အဖွဲ့မပါတဲ့ ပေါ့ပါးလွတ်လပ်စွာ ရွှင်မြူးမှုသဘောလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါဆို ရယ်မောလိုက်တိုင်း ဟာသ(ဟဿ)မြောက်ရဲ့လားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျွန်တော်ကတော့ ရယ်မောရတိုင်း ဟာသ(ဟဿ)မမြောက်ဘူးလို့ ခံရယူပါတယ်။ ဘာကြောင့်လဲလို့ မေးကြပါလိမ့်မယ်။ မြန်မာစကားမှာ မချိသွားဖြဲဆိုတဲ့စကားက အဖြေပါပဲ။ တစ်ဖက်သားက မချိလို့ သွားဖြဲပြရတဲ့အဖြစ်ကို ရယ်စရာမှတ်လို့မှ မရဘဲ။ အဲဒါကိုမှ ရယ်နေရပြီဆိုလျှင်တော့ ပြောစရာလေးတွေ ဖြစ်လာပြီပေါ့။ 

မြန်မာပြည်လို့ခေါ်တဲ့ ဒီပြည်ထောင်စုနိုင်ငံကြီးမှာ တိုင်းရင်းသားလို့ပြောလိုက်လျှင် ရေးဆွဲခဲ့သမျှသော အခြေခံဥပဒေများအရ ပြည်ပကဝင်လာသူများကလွဲလို့အားလုံးနဲ့အကျုံးဝင်တာပါပဲ။ ဒါက အခြေခံဥပဒေအရ ပေးထားချက်ကိုး။ သို့သော်အားလုံးလို့ဆိုတဲ့ ထဲကနေ ပြောဆိုမှု၊ နေထိုင်စားသောက်မှု၊ ဝတ်စားဆင်ယင်မှုတွေကိုကြည့်ပြီး သူတို့ကတော့တိုင်းရင်းသားတွေဆိုတဲ့ အမြင်တစ်မျိုးနဲ့ ခွဲခြားသိမြင်မှုကတော့ ယခုတိုင်ရှိနေပါသေးတယ်။ 

သည်အမြင်ရဲ့အောက်မှာ ဘာတွေပေါက်ဖွားလာသလဲလို့ ကြည့်လိုက်တော့ တစ်ဆင့်မြင့်ချင်တာရယ်၊ တစ်ဆင့်နိမ့်လို့ သတ်မှတ်ခံရတာရယ်ဆိုတဲ့စိတ်ထားတွေက ၁၉၄၈မတိုင်မီကနေ လက်ရှိအချိန်ထိ ဖြစ်ပေါ်နေဆိုတာကို တွေ့ရတယ်။ သည်အမြင်ဟာ သမာသမတ်ကျနပြီးခေတ်ပညာတတ်တဲ့ လူကြီးလူကောင်းတွေမှာတော့ မရှိပါဘူးလို့ ယေဘုယျသတ်မှတ်နိုင်ပါတယ်။ သို့သော် အားလုံးတော့ မဟုတ်ပါဘူး။ 

တန်းတူညီမျှမှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပထမဆုံး ပွတ်တိုက်မိတာက ဘာသာစကားပါ။ ရုံးသုံးဘာသာစကားအဖြစ် မြန်မာဘာသာစကားကို သတ်မှတ်တယ်ဆိုတာက အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်ပြီး အခြေခံဥပဒေထဲမှာမှ မြန်မာဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေကို ဆိုလိုပါတယ်ဆိုပြီး ပြောထားပြန်ပါတယ်။ ဒါဆိုလျှင် တိုင်းရင်းသားဘာသာစကားအားလုံက ရုံးသုံးဘာသာစကားဖြစ်သလားလို့ဆိုပြန်တော့ မဟုတ်ပြန်ဘူး။ အခြေခံဥပဒေကို ပြင်မယ်တို့ ပြောင်းမယ်တို့ လုပ်နေသူများအနေနဲ့ ဘာသာစကားပွတ်တိုက်မှုတွေကို အခြေခံပြီး ပြင်ဖို့၊ ပြောင်းဖို့ရော စဉ်းစားမိကြပါရဲ့လား။ ရုံးသုံးစာမို့၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံနေတဲ့ မြန်မာစာမို့ သည်စာသည်စကားနဲ့ အဓိကသက်ဆိုင်တဲ့လူမျိုးကရော သူ့စာ၊ သူ့စကားကို လေးလေးနက်နက်ရှိကြသလားလို့ ကြည့်တဲ့အခါ သူတို့ကိုယ်၌ကတောင် ပေါ့ပေါ့တန်တန်ပဲဆိုတာ တွေ့ရတယ်။ ဘာတွေ ဘယ်လောက်ထိပေါ့တန်တယ်ဆိုတာကို စာရှည်မှာစိုးလို့ အပ်ကျမတ်ကျမပြောတော့ပါဘူး။ ကိုယ့်လူမျိုးတောင် စနစ်တကျ မသုံးချင်တဲ့ ဘာသာစကားကို တစ်ဆင့်နိမ့်တယ်လို့ မြင်ခြင်းခံရတဲ့ တိုင်းရင်းသားတွေကိုကျ သုံးဖို့၊ ပြောဖို့ အားပါးတရလုပ်နေကြပြန်တော့ ဘာပေါ်လစီနဲ့များ လုပ်နေကြပါလိမ့်ဆိုပြီး တအံ့တသြဖြစ်ရပါတယ်။ အံ့လည်း အံ့သြချင်စရာကြီး။ 

ကိုယ်၄တန်း၊၅တန်းလောက်က အတန်းထဲမှာ ရှမ်းလိုပြောလျှင် အမာန်အမဲခံရသကိုး။ ဒဏ်ကြေးကောက်မယ်ဆိုပြီး အဆူခံရသေးသကိုး။ အခုခေတ်တော့ မရှိလောက်တော့ပါဘူး။ ခက်တော့လည်း ခက်သား။ အဲလိုတအံ့တသြရှိတဲ့ ကျွန်တော်ကိုယ်၌က အဲသည်စာပေဌာနမှာ ဆရာပြန်ဖြစ်လာတာကလည်း ကိုယ့်ကိုယ်ကိုယ် အံ့သြမိတယ်။

တွေးကြည့်ပြန်တော့ ကိုယ့်ဒေသဟာ ရှမ်းဒေသ။ ကိုယ်တိုင်ကလည်း ရှမ်းလူမျိုး။ သို့သော် ကိုယ်မွေးလာတဲ့အချိန်မှာ ရှမ်းဒေသဟာ မာမာအေးတို့၊ တွံတေးသိန်းတန်တို့ရဲ့ သီချင်းတွေ ဆိုနေကြပြီ။ ဘုရားပွဲ၊ ကျောင်းပွဲတွေမှာ မန္တလေးဇာတ်တွေငှားပြီး ကြည့်နေကြပြီ။ အရပ်ပြဇာတ်တွေကလျှင်တောင် မြန်မာလိုပြောပြီး ကနေကြပြီကော။ ကလေးတစ်ယောက် ဖွားမြင်လာလို့ အမည်ပေးကင်ပွန်းတပ်တာကစလို့ သေဆုံးချိန် အသုဘရှုတာအဆုံး မြန်မာလိုပဲ ရေးသားပြောဟောနေလိုက်ကြရင်းနဲ့ မြန်မာဖြစ်မှန်းမသိ ဖြစ်လာကြတယ်။ 

မှတ်ပုံတင်တွေ ထုတ်ပေးပြန်တော့လည်း တိုင်းရင်းသားတွေရဲ့ မြန်မာဘာသာစကား မကျွမ်းကျင်မှုနဲ့ ရိုးသားမှုအပေါ် အခွင့်ကောင်းယူပြီး လူမျိုးအမည်မှန်ထည့်မပေးခဲ့ကြဘူး။ အဲသည်လို ခံရတဲ့အထဲမှာ ကိုယ်ပါနေမှန်းသိတော့မှ သြော်..ဒါကြောင့်မို့ ငါသည်လောကထဲမှာပဲ သည်စာသင်၊ သည်စကားပြော၊ သည်သီချင်းဆိုနေမှတော့ သည်ဆရာဖြစ်လာရတာ မဆန်းဘူးကိုးဆိုပြီး ကိုယ့်ဘာသာမှတ်ချက်ချရပါတော့တယ်။ 

မြန်မာလို ပြောတယ်လို့ဆိုရာမှာ ဆိုစရာအကြောင်းရှိတယ်။ ဘာအကြောင်းလဲဆိုတော့ တိုင်းရင်းသားတွေခမျာ ဘာသာစကားအခက်အခဲများကြားကနေ မြန်မာစကားကို အမြီးအမောက်မတည့်လှစွာ သင်နေကြရလို့ပဲ။ သည်စကားမှ တတ်မထားပြန်တော့ ဒုက္ခရောက်စရာတွေက ကိုယ့်အနီးမှာ ရှိနေသေးတာကိုး။ 

စစ်ကြောင်းတစ်ခု ရွာထဲဝင်လာချိန် မြန်မာလိုမေးလို့မှ ပြန်မပြောတတ် မဖြေတတ်လျှင် ဘယ်လိုဒုက္ခရောက်ဖူးကြတယ်ဆိုတာက သာဓကပေါင်းများစွာ ရှိဖူးတယ်လေ။ ဘာသာစကားကြောင့် ဘယ်လိုပဲ ဒုက္ခရောက်ရပေမယ့် ရိုးတာလှတဲ့ အခြေခံစိတ်ရင်းကြောင့် သူတို့ခံစားဖူးမျှကို မချိသွားဖြဲနဲ့ ပြန်ပြောပြတတ်ကြပါတယ်။ 

ကျွန်တော့်ဘကြီး၊ ဘထွေးဝမ်းကွဲများရဲ့ ဖြစ်ပုံကတော့သည်လိုပါ။ ရွာဦးကနေ ရွာလယ်မှာရှိတဲ့ စာသင်ကျောင်းဆီ သွားတက်ရတဲ့ကာလလို့ ဆိုပါတယ်။ ကလေးများပီပီ ကျောင်းသွားချိန်မှာ ကျောင်းတန်းမသွားဘဲ လက်ဖက်ခင်းဘက်ကနေ ကွေ့ပတ်သွားပါသတဲ့။ ဆီးဖြူ၊ ဖန်ခါးဆိုတာကလည်း လက်ဖက်ခင်းထဲမှာ ပေါတာကိုး။ ကလေးဆိုတော့ စားကြပါလိမ့်မယ်။ ပြည်မဘက်မှာ ကျောင်းသွားချိန် မုန့်ဖိုးရတယ်ဆိုပေမယ့် ကျွန်တော်တို့ဒေသဘက်မှာတော့ အဲသည်ကာလတုန်းက ဘာမုန့်ဖိုးမှ ရဖို့မဆိုထားနဲ့ တောင်းဖို့တောင် နားမလည်ပါဘူး။ ဆားနဲ့ ငရုပ်သီးကို ဖက်ထဲထည့်ပြီး လိပ်ယူလာနိုင်တဲ့ကောင်က သာ ဆရာကျတဲ့ကာလပါ။ ငပိဖုတ်ကလေးပါ ယူလာနိုင်လျှင်တော့ ရှေ့တန်းက စာသင်ခုံမှာထိုင်ဖို့ ခေါ်သူမရှားတော့ပါဘူး။ အစ်ကိုများကလည်း ဆား၊ ငါးပိဖုတ်၊ငရုပ်သီးတွေထည့်ပြီး ကျောင်းသွားချိန်မှာ လက်ဖက်ခင်းတွေဘက်က ပတ်သွားတော့ ကျောင်းချိန်မှန်မှန် ဘယ်ရောက်ပါတော့မလဲ။ ဆီးဖြူပင်အောက်ထိုင်လိုက်၊ ဖန်ခါးပင်အောက်ထိုင်လိုက်နဲ့ ဝိုင်းစားနေကြတာနဲ့တင် နောက်ကျတဲ့ရက်တွေက များပါလိမ့်မယ်။ 

တစ်ရက်သားကျတော့ နေ့လယ်ချိန်မှာ ကျောင်းသားတွေကို ကျောင်းအုပ်ကြီးကိုယ်တိုင်စစ်ပါလေရော။ အစ်ကိုတို့ကလည်း ကျောင်းမရောက်သေးဘူးဆိုတော့ အရင်က နောက်ကျတာတွေပါ ပေါ်လာတယ်။ အဲသည်မှာ ကျောင်းအုပ်ကြီးခမျာ တုတ်တစ်ချောင်းနဲ့ ကျောင်းသားရှာ ထွက်တော်မူရပါသတဲ့။ လှည့်ပတ်ပြီး ရှာလိုက်တာ သူ့တပည့်တွေဖြစ်တဲ့ ကျွန်တော့်ဘကြီးဘထွေးတွေကို လက်ဖက်ခင်းထဲမှာ ကုန်းကုန်းကုန်းကုန်းနဲ့ ချောင်းနေကြတာကို တွေ့ပါသတဲ့။ ဒါနဲ့ ဆူပူအော်ဟစ်ပြီး တုတ်တပြပြနဲ့ ကျောင်းပြန်ခေါ်လာပြီး စစ်ဆေးပါတော့တယ်။ ဘကြီး၊ ဘထွေးတွေခမျာမှာလည်း ကျောင်းအုပ်ကြီးကိုလည်းကြောက်ရ မြန်မာလိုက မရေလည်နဲ့ အတော်စိတ်ဆင်းရဲရတယ်ဆိုသကိုး။ ကျောင်းအုပ်ကြီးက သူတို့ခြောင်းမြောင်းကြည့်ရှုနေကြတာကိုစစ်တဲ့အခါမယ် –

” ဆရာကြီး။ 

တီးကောင်နဲ့ ရောင်ကောင်လေ။ 

မီးပင်အောက်မှာလေ။ ခွပ်ကြတာလေ။

သူတို့အစိုးရတွေ ကျွတ်ကုန်ရော။

အဲဒါလေ။ ကြည့်နေတာဗျ။ “

ဆိုပြီးဖြေလို့ မြေပြန့်က ပြောင်းလာတဲ့ ရွှေမြန်မာကျောင်းအုပ်ကြီးခမျာ မျက်လုံးပြူးသွားရှာပါသတဲ့။

ဘယ်လိုမေးမေး အဲလိုဖြေနေတော့ ဒေသခံဆရာမတွေကိုပါ ခေါ်ပြီးစစ်ခိုင်းမှ အဖြေထွက်လာပါတော့တယ်။တစ်တီတူးငှက်ကို မြန်မာလိုမခေါ်တတ်တော့ တီးကောင်လို့ ဖြေတာပါ။ ရောင်ကောင်ဆိုတာက ဇီးကွက်ပါ။ ရှမ်းလို နုတ်ကောင့်(နုတ်-ငှက်၊ ကောင့်- ငှက်အမည်)ကို မြန်မာလိုတိုက်ရိုက်ဘာသာပြန်တော့ ရောင်ကောင် ဖြစ်ကရော။ မီးပင်ဆိုတာ ကနစိုပင်ပါ။ ရှမ်းလို မတ်ဖိုင်း (မတ်-အသီး၊ ဖိုင်း-မီး)ကို တိုက်ရိုက်ပြန်ဆိုတော့ မီးပင်ဆိုပြီး ဖြေတယ်ပေါ့လေ။ အစိုးရဆိုတာလည်း တိုက်ရိုက်ပြန်လိုက်တာပါပဲ။ အမွေးအတောင်ကို ရှမ်းလို ခွန်လို့ခေါ်လို အစိုးရ၊မင်းတို့ကိုလည်း သည်အသံနဲ့ပဲခေါ်တာကိုး။

” တစ်တီတူးနဲ့ ဇီးကွက်။

ကနစိုပင်အောက်မှာ 

အမွေးအတောင်တွေ ကျွတ်သည်အထိ

ခွပ်နေကြတာကို ခြောင်းကြည့်နေကြပါတယ်ဆရာ”

ဆိုပြီး ဖြေချင်ပေမယ့် မြန်မာဘာသာစကားကို ကပေါက်တိ ကပေါက်ချာသာ ပြောဆိုနိုင်တဲ့အခါ မြန်မာကျောင်းအုပ်ကြီးခမျာ မျက်လုံးပြူးကိန်းဆိုက်တာပါပဲ။ 

သည်လိုအဖြစ်မျိုးတွေက ကျွန်တော့်ဒေသမှာပဲလားဆိုတော့ မဟုတ်ပါဘူး။ တိုင်းရင်းသားသေတိုင်းလိုလို ဖြစ်လေ့ရှိပါတယ်။ ကျွန်တော်ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ကာလအတန်ကြာ နေဖူးတယ်။ ရှမ်းမြို့၊ ရှမ်းရွာမို့ နေထိုင်ရတာဟာ ကိုယ့်ဇာတိလိုပါပဲ။ မူဆယ်မြို့နားမှာ ဟိုနားလို့ခေါ်တဲ့ ရပ်ကွက်ရှိပါတယ်။ အရင်ကတော့ ရွာပါ။ မြန်မာလိုဆို ဟိုနားရွာဆိုတာ လယ်ဦးရွာလို့ ဘာသာပြန်ပြန်နိုင်ပါတယ်။ အဲသည်ရွာနဲ့ပတ်သက်ပြီး မချိသွားဖြဲ ပြောနေကြတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။ တစ်ချို့လည်း ရယ်ကြပါလိမ့်မယ်။ သိပ်မအေးချမ်းသေးတဲ့ကာလကပေါ့။ သည်ရွာသားတစ်ယောက်ခမျာ မိုးချုပ်မှ လယ်အလုပ်ကနေ မူဆယ်မြို့ဘက် ပြန်လာပါသတဲ့။ မြို့အဝင်မှာ ကင်းက စစ်မယ်။ မြန်မာလိုမဖြေတတ်လျှင် ဖမ်းလိမ့်မယ်လို့လည်း သိထားတော့ ခေါင်းထဲမှာ ရှိသမျှမြန်မာစကားကို စဉ်းစားပြီး ပြန်လာတယ်လို့ဆိုပါတယ်။ မြို့အဝင်မှာ ထုံးစံအတိုင်း စစ်ပါလေရော။ ဖြစ်ပုံက အဲလိုပါတဲ့။ 

ကင်း    –    ဟေ့..ရပ်။ ဘယ်သူလဲ

ရွာသား –   နံပါတ်သုံး။ 

ကင်း    – ဘာအမှတ်သုံးလဲ။ လက်မြှောက်လာခဲ့။

ရှာသား – ဟုတ်ကဲ့ ဆရာ။

ကင်း    – ပြောစမ်း။ မင်းအမည်ကဘာရယ်။

ရွာသား – နံပါတ်သုံး ဆရာ။

ကင်း    – ဘာကွ။ ဘာနံပါတ်သုံးလဲ။ ဘယ်သွားမှာလဲ။

ရွာသား- ဟိုနားပါဆရာ။

ကင်း   – အမည်မေးတော့ အမှတ်သုံး။ ဘယ်သွားမှာလည်း မေးတော့ ဟိုနား။ ငါတို့ကိုများ မခန့်လေးစားနဲ့။ဟိုနား သည်နား ပြောတဲ့ကောင်။ ချုပ်ထားလိုက်

ကြစမ်း။

ဆိုပြီး ဝိုင်းချုပ်ထားလိုက်ပါသတဲ့။

ရွာသားခမျာ အချုပ်ခံရတဲ့အပြင် အရိုက်ပါခံရတယ်လို့ ဆိုပါတယ်။ အမှန်တော့ ရွာသားခမျာ ကင်းကစစ်တော့ ကြောက်နေရှာပါပြီ။ တတ်သမျှ မှတ်သမျှ မြန်မာစကားကလည်း ဟုတ်ကဲ့နဲ့ ဆရာပါပဲ။ အမည်မေးတော့ သူ့နာမည်က စိုင်းဆမ်ပါ။ ဆမ်ဆိုတာ ရှမ်းထုံးစံအရ သုံးယောက်မြောက်သားကို မှည့်တဲ့ ဝါစဉ်ပြအမည်ဖြစ်ပါတယ်။ ရွာသားခမျာ မြန်မာလိုမဖြေတတ်လျှင် အဖမ်းခံရမှာကြောက်လို့ သူ့အမည်ကို စွမ်းသာသမျှ မြန်မာလို နံပါတ်သုံးဆိုပြီး ဘာသာပြန်ပြီးဖြေတာပါ။ ရွာအမည်ကျတော့ ဘာသာမပြန်တတ်တော့လို့ ဟိုနားဆိုပြီး အမည်ရင်းအတိုင်း ဖြေလိုက်ပါတယ်။  အဲလိုဖြေလိုက်မှပဲ ရွာသားခမျာ အချုပ်အနှောင် ခံရရုံတင်မက အရိုက်ပါ ခံရပါတော့တယ်။ အဲလိုပုံစံတွေက အရင်တုန်းက ဖြစ်တာပါလို့ အကြောင်းပြနိုင်ပေမယ့် အခုရော ဘာဖြစ်နေကြပါသလဲလို့ စစ်တမ်းကောက်တာမျိုး၊ မေတ္တာကရုဏာရှေ့ထားပြီး ပေါ်လစီတွေကို ပြောင်းလဲတာမျိုးလည်း မရှိသေးပါဘူး။ အမှန်တော့ ရှိသင့်နေပါပြီ။ ခေတ်ပြောင်းချိန်မှာ စနစ်တွေပါ ပြောင်းသင့်နေပါပြီ။ 

ကိုယ့်ဒေသ ကိုယ့်လူမျိုးတွေကစပြီးနဲ့ တိုင်းရင်းသားဒေသတွေမှာသာ မြန်မာဖြစ်လာစေဖို့ အခြေခံဥပဒေအရရော၊ ပညာရေးအရပါ အကြီးအကျယ်ကြိုးစားရုန်းကန်နေကြပေမယ့် ကိုယ်ရွှေမြန်မာများရဲ့ ဘာသာစကားဆိုင်ရာ ကြိုးစားရုန်းကန်မှုကျတော့ တစ်မျိုး။ ကလေးတစ်ယောက်ဖြင့် စကားစမသင်ရသေး ပါပါး၊ မာမားက ခေါ်ခိုင်းပြီး ဆင်နိုဘားမားအနွယ်ဝင်ဖို့ ပြင်နေကြပြီ။ အန်တီလေး၊ အန်တီကြီးဆိုပြီး အင်ဂလိုဘားမားအနွယ်ပြောင်းဖို့ အကြီးအကျယ်ကြိုးစားနေကြပြီ။ ကိုယ့်သားကိုယ့်သမီးတစ်ယောက် မြန်မာလိုမတတ်မှာ မကြောက်ပေမယ့် အင်္ဂလိပ်စကားပြောချိန် အက်စ်သံ မထွက်မှာကျ အတော်ကြောက်နေကြပြီ။ တက်ကြပါဟဲ့ အင်္ဂလိပ်စာသင်တန်း၊ ပြောကြပါဟဲ့ အင်္ဂလိပ်စကားဆိုပြီး ရုံးပြင်ကန္နားကစလို့ ထန်းတောကြားအထိ မြေပြန့်တခွင် ပြဲပြဲစင်မျှ ဖြစ်လာကြပြီကိုး။ 

မိဘချင်းဆုံချိန်မှာ ကိုယ့်သားကိုယ့်သမီးကို ဘယ်လိုနိုင်ငံခြားကျောင်းမှာ ထားကြောင်း၊ ဘာတွေတတ်နေပြီဖြစ်ကြောင်း အပြိုင်အဆိုင်ကြွားနေကြပြီလေ။ ရုပ်ရှင်သရုပ်ဆောင် ဘယ်သူ့သား၊ ဘယ်သူ့သမီးကတော့ ဘယ်တိုင်းပြည်သွားပြီး ကျောင်းသွားတက်လိုက်တာ မြန်မာစကားတောင် ပြောဖို့ပြန်လေ့ကျင့်နေရတယ်ဆိုတာမျိုးတွေဖြစ်နေပြီကော။ တက္ကသိုလ်တွေရဲ့ စာတမ်းဖတ်ပွဲတွေမှာတောင် ဘာနေနေ အင်္ဂလိပ်လိုဖတ်မှ အများရဲ့သြဘာပေးမှုကို အကြီးအကျယ်ခံရတယ်ဆိုပါလား။ လူမှုစီးပွားကအစ နိုင်ငံရေးအဆုံး ဆွေးနွေးပွဲတွေမှာဆို အင်္ဂလိပ်လိုတွေ ညှပ်ခါညှပ်ခါပြောမှ အထင်တကြီးရှိလာကြသလို မြန်မာများကိုယ်၌က မြန်မာလိုဆွေးနွေးချိန်မှာတောင် မြန်မာစကား မကျွမ်းကျင်တာကို ခွင့်လွှတ်ဖို့နဲ့ အစချီလာကြတာ များလာတယ်ဆိုတာကို တွေ့လာရပါတယ်။ 

ဒါတွေက မြို့ကြီး ပြကြီးမှဖြစ်သလားဆိုတော့ မဟုတ်ပြန်ဘူး။တိုင်းစွန်ပြည်နားနေ ဘဂဝါကျောင်းထွက် အနှီရွာသားကြီးများကအစ စာမေးပွဲမှာ သူတို့သားတွေ၊ မြေးတွေ အင်္ဂလိပ်စာအမှတ်နည်းမှာကို မိုးပြိုမှာထက် ကြောက်ကြတာကိုး။ ဘယ်စာ ဘယ်လောက်အရေးကြီးကြီး ထားခဲ့။ အင်္ဂလိပ်စာကျူရှင်တော့ တက်ဖြစ်အောင် တက်ပဲ။ အီးစကေးဖြင့် ခေတ်မီဖွံဖြိုးတိုးတက်သော အနှီနိုင်ငံတော်ကြီးဆောက်ကြလောက်တယ်။ တိုင်းရင်းသားဒေသက ကလေးတစ်ယောက် တက္ကသိုလ်ဝင်တန်းမှာ မြန်မာစာကို အမှတ်၅၀ကျော်နဲ့အောင်တာကို ဂရုမပြုကြပေမယ့် မြေပြန့်နေ မြန်မာကလေးတစ်ယောက် တက္ကသိုလ်ဝင်တန်းမှာ မြန်မာဂုဏ်ထူးရတာကိုတောင် တအံ့တသြပိုပိုဖြစ်လာကြသကိုး။ ဒါတွေကို မြန်မာစာပေပညာရှင်ကြီးတွေက သိမြင်လာကြတယ်။ မြန်မာစာပေရဲ့ လားရာနဲ့ပတ်သက်ပြီးထောက်ပြလာကြတယ်။ သို့သော် ရွှေမြန်မာများရဲ့ မြန်မာဘာသာစကား ချစ်မြတ်နိုးမှုကြ အံ့သြစရာကြီး။တိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကား သင်ခွင့်တောင်းတာကိုလည်း ဝိုင်းဆဲကြသလို သူတို့မြန်မာစာပေကိုရေရှည်အမြင်နဲ့ ထောက်ပြနေတဲ့ မြန်မာစာပေပညာရှင်တွေကိုလည်း မြို့ဝင်ဆိုင်းဘုတ်ကိစ္စကစပြီး ပွက်ပွက်ရိုက်အောင် ဆဲကြသကိုးဗျ။

အပေါ်စီးက နေရာယူဖို့နဲ့ ဘာဖြစ်လာလာ ဆဲဖို့ကလွဲပြီး တစ်ခြားဘာပေါ်လစီမှ မချနိုင်တဲ့အခါ ခံဘက်ကနေရသူတွေအဖို့ တစ်ခါတစ်ခါ မျက်စိတောင်လည်မိတယ်။ ဗရုတ်သုက္ခတွေးတယ်လည်း မထင်ပါနဲ့။ နောင်တစ်ချိန်မယ် တိုင်းရင်းသားအားလုံး မြန်မာစာ၊ မြန်မာစကား တတ်သွားပြီး ရွှေမြန်မာများနဲ့ အားပါးတရစကားပြောမယ်လို့ ပြင်ချိန်မှာ ရွှေမြန်မာများကတော့ မြန်မာလိုမေ့ပြီး အင်္ဂလိပ်လို(သို့မဟုတ်)အင်္ဂလိုဘားမိစ်လို ပြောနေကြလောက်ပြီလို့ တွေးမိပါရဲ့။    ။

ဆေခမ်းဖ (​မန္တလေးတက္ကသိုလ်

Leave a Reply

Your email address will not be published. Required fields are marked *