မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နမ့်မီးလောင်ကျေးရွာမှာ အင်းတော်ကြီးဒေသရှမ်းနီယဥ်ကျေးမှုအကအဖွဲ့မှ ဦးဆောင်ပြီး လက်ယက်ကန်းသင်တန်းကို ယမန်နေ့ ဇွန်လ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီလို့ ရှမ်းနီအသံက စုံစမ်း သိရှိရပါတယ်။
အဆိုပါ လက်ယက်ကန်းသင်တန်း ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး အင်းတော်ကြီးဒေသ-ရှမ်းနီယဥ်ကျေးမှုအကအဖွဲ့ ဥက္ကဌ ဒေါ်ညွန့်ရီကို ကျွန်တော် ဆေကွမ်မိန်းက ဆက်သွယ်မေးမြန်းထားတာတွေကို တင်ပြလိုက်ရပါတယ်။
မေး။ ။အခုဒီလက်ယက်ကန်းသင်တန်းကိုလုပ်ဖြစ်သွားတာနဲ့ပတ်သက်ပြီးရှင်းပြပေးပါဦးခ။
ဖြေ။ ။ ကျွန်မတို့ဆီမှာ လုပ်ဖြစ်သွားတာက အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အင်းတော်ကြီးတာဝန်ခံတွေက တစ်ခြားနိုင်ငံက အလှူရှင်တွေနဲ့ ချိတ်ဆက်ပေးပြီးတော့ ရိုးရာယဉ်ကျေးမှုလုပ်ငန်းတွေ ဖော်ဆောင်ဖို့အတွက် ဘယ်လိုလုပ်ငန်းမျိုးကိုဖောင်ဆောင်မလဲဆိုပြီးတော့စာတင်ခဲ့ပါဆိုလို့ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက လျှောက်လွှာတင်လိုက်တာလေ။ ကျွန်မတို့က ယက်ကန်းလုပ်ငန်း လုပ်ချင်တယ်ဆိုပြီးတော့ ယက်ကန်း ၁၀ စင်နဲ့ လူငယ်လေးတွေ အလုပ်ရစေချင်တဲ့အတွက် ယက်ကန်းလုပ်ငန်းကို လုပ်ချင်တယ်ဆိုပြီး ကျွန်မတို့တင်လိုက်တော့ အဲ့ဒါ ဒီနှစ် ၂၀၂၃ လေးလပိုင်းမှာ သိန်းတစ်ရာ ကျခဲ့တယ်။
မေး။ ။အခုချပေးခဲ့တဲ့သိန်းတစ်ရာကယနေ့ကုန်ဈေးနှုန်းနဲ့ဆိုရင်အခြေအနေဘယ်လိုရှိသလဲခ။
ဖြေ။ ။ အဲ့ဒါ သိန်းတစ်ရာကို ကျွန်မတို့တင်လိုက်တာက ၂၀၂၁ တုန်းက ဈေးနှုန်းနဲ့တွက်ပြီးတင်လိုက်တာ။ အခုက ဈေးက နှစ်ဆလောက်ကို တက်သွားတဲ့အခါကျတော့ ယက်ကန်းက ၆ စင်ပဲ ဝယ်ယူလိုက်နိုင်တယ်။ ယက်ကန်း ၆ စင်ကလည်း အသစ်မဝယ်နိုင်ဘူး။ မိုင်းနောင် ရွှေအင်းလက်ခတ်သံရဲ့ အဟောင်းကိုပဲ ပြန်ဝယ်ယူလိုက်ရတယ် ။ အသစ်စက်စက် ဝယ်ယူလိုက်လို့ရှိရင်က ထုတ်ခဲ့တဲ့ငွေနဲ့ သင်တန်းတောင် ပေးနိုင်ဖို့က မလွယ်တော့ဘူးလေနော်။
မေး။ ။သင်တန်းအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ပြောပြပေးပါဦးခ။
ဖြေ။ ။ သင်တန်းကာလက တစ်လ တစ်လတိတိ ပို့ချပေးမယ်။ ပို့ချပြီးရင်တော့ သုံးလလောက် အလုပ်ပြန်လုပ်ရမယ်။ သုံးလသင်တန်း မွမ်းမံသင်တန်းသဘောမျိုးပေါ့လေနော။ အဲ့ဒီသုံးလအတွင်းမှာ ဝိုင်းပြီးတော့ သူတို့ ထဘီတစ်ကွင်းကို ရောင်းလို့ရအောင်ချုပ်ပြီးတော့ ထဘီတစ်တည်ကို သူတို့ယက်နိုင်ပြီ လုံချည်(ပုဆိုး)တစ်ထည်၊ တစ်ရက်ကို ပုဆိုး နှစ်ထည် သုံးထည် ပြီးတယ်ဆိုရင် ဥပမာ ပုဆိုး တစ်ထည်ကို နှစ်ထောင် ပုဆိုး သုံးထည်ပြီးသွားရင် ခြောက်ထောင် အဲ့လိုပါ့လေနော။ သူတို့ရဲ့ လုပ်အားခတွေကို ကျွန်မတို့ကတော့ ပြန်ပေးသွားမှာပေါ့လေ။ အစား၊ အသောက်၊ နေရာထိုင်ခင်း အားလုံးကို ကျွန်မတို့က တာဝန်ယူထားပေးတယ်။ အဲ့လိုလေး စီစဥ်ထားတယ်။ လောက်တာတော့ ဘယ်လောက်ပါ့မလဲအေး။ မလောက်ဦးတော့လည်း အလုပ်ကလေးဖြစ်အောင် အလုပ်အကိုင်မရှိတဲ့ ကလေးတွေအတွက်လည်း အလုပ်ကလေးတွေရစေချင်တာပေါ့လေနော။ သူတို့က ဘယ်ဟာကိုလည်း စိတ်မဝင်စားဆိုတော့ သူတို့စိတ်ဝင်စားအောင် အလုပ်ကလေး ပြရအောင်လို့ အခုလို အလုပ်အကိုင်လေး ဖန်တီးပေးရတာပါ့လေနော်။
လုပ်အကိုင်မရှိတဲ့ ကလေးတွေအတွက်လည်း အလုပ်ကလေးတွေရစေချင်တာပေါ့လေနော။ သူတို့က ဘယ်ဟာကိုလည်း စိတ်မဝင်စားဆိုတော့ သူတို့စိတ်ဝင်စားအောင် အလုပ်ကလေး ပြရအောင်လို့ အခုလို အလုပ်အကိုင်လေး ဖန်တီးပေးရတာပါ့လေနော်။
ဒေါ်ညွှန့်ရီ ( ဦးဆောင်သူ၊ အင်းတော်ကြီးဒေသ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့)
မေး။ ။ ဒီသင်တန်းမှာတက်ရောက်မယ့်သင်တန်းဦးရေးနှင့်သင်တန်းပို့ချမယ့်သင်တန်းဆရာအင်အားကဘယ်လောက်ရှိသလဲခ။
ဖြေ။ ။ လူက ၁၂ ယောက်ရှင့်။ ယက်ကန်းက ၆ စင်။ ၆ စင်ဆိုတော့ လူ ၁၂ ယောက် တစ်စင်ကို လူ ၂ ယောက်စီ ဆိုပြီးတော့လေ။ ယက်ကန်းသင်မယ့်ဆရာကတော့ တစ်ယောက်တည်းပဲရှင့်။ အင်းရဲ့ ဟိုဘက်ကမ်းကတွေလည်း ပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ပေါ့လေနော။ ကျေးရွာ ကိုးရွာ လူ ၁၂ ယောက်ပေါ့လေ။
မေး။ ။သင်တန်းနဲ့ပတ်သက်ပြီးဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေရှိထားသလဲခ။
ဖြေ။ ။ သင်တန်းက တစ်လတည်း လုပ်ပြီးတော့ ပြန်သွားမယ်ဆိုရင် အိမ်မှာက ကိုယ်ပိုင်ယက်ကန်းကမရှိထားသေးတော့ ဘယ်မှာမှ လုပ်စားစရာမရှိဘူးဆိုရင်လည်း အလကားဖြစ်သွားတော့မယ်လေနော။ ဘယ်မှာမှလည်း အသုံးမဝင်ဖြစ်တော့မှာလေနော။ နောက်ထပ် သုံးလ ဆက်ပြီးတော့ လေး လ ပေါ့လေ သင်တန်းက။ လေးလ ဆိုတဲ့အထဲမှာ သုံးလ အတွင်းက သူတို့ လုပ်ငန်းလေးတွေ လုပ်ကိုင်တတ်လာမှာပေါ့လေနော။ အဲ့ဒါ လေး လ ပြီးသွားမှ လေး လ မပြီးဘဲ ထွက်ချင်တယ်ဆိုလို့ရှိရင် သင်တန်းကုန်ကျစရိတ် (၅)သိန်း ပြန်လျော်ရမယ်ဆိုပြီးတော့ ကိုင်ထားတယ်ရှင့်။ သူတို့(သင်တန်းသူ)တွေကို နေစရိတ်လည်း မတောင်းဘူး ။ စားစရိတ်လည်း သူတို့ကို မတောင်းဘူး။ နှစ်ဦးသဘောတူ စာချုပ်တွေနဲ့ လက်မှတ်ရေးထိုးပြီးတော့ လက်ခံထားတယ်ရှင့်။
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ဆေကွမ်မိန်း မေးမြန်းထားသည်။