နိုက်တင်ဂေးလ်ဆုရှင် ဒေါ်သိန်းရီကွယ်လွန်မှုသည်  အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦးဆုံးရှုံးရခြင်းဟု (SNUA) ဆို 

ဩဂုတ် ၂၈ ၊ ဟုမ္မလင်း 

ရှမ်းနီတိုင်းရင်းသူ ဖလော်ရင့်နိုက်တင်ဂေးဆုရှင် ဒေါ်သိန်းရီကွယ်လွန်မှုဟာ ရှမ်းနီအမျိုးသမီးကဏ္ဍအတွက် လေးစားရတဲ့အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦးဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း ရှမ်းနီအမျိုးသားညီညွှတ်ရေးအစဉ်းအရုံး(SNUA)က ဒီနေ့မှာ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်လာပါတယ်။ 

ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ဂုဏ်ဆောင်ဆုရှင်ဖြစ်သလို တစ်မျိုးသားလုံးအတွက် လေးစားတန်ဖိုးထားရသူတစ်ဦးလည်းဖြစ်တာကြောင့်  ဆုံးရှုံးမှုကြီးမားပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း ဆိုထားပါတယ်။

သားဖွားဆရာမတစ်ဦးလည်းဖြစ်ပြီး သက်(၇၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဒေါ်သိန်းရီဟာ သြဂုတ်(၂၆)ရက်နေ့က လူကြီးရောဂါဖြင့် ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျေးရွာမှာ  ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။ 

၁၉၉၅ ခုနှစ်က ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျေးရွာမှာ ဒေါ်သိန်းရီဟာ မီးပတ်လည်လောင်ကျွမ်းနေတဲ့ နေအိမ်အတွင်းက ကလေးငယ်ကို အသက်စွန့်ပြီး ဝင်ရောက်ကယ်ဆယ်ခဲ့တဲ့ ဖြစ်ရပ်မှာ ဖလော်ရင့်နိုက်တင်ဂေးဆုချီးမြှင့်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဆရာမ ဒေါ်သိန်းရီဟာ တမူးမြို့နယ် သနန်ကျေးလက် ကျန်းမာရေးဌာန၊ ဖိုင်လင်းကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ် တိုက်နယ်၊ နန်းယွန်းမြို့နယ် လုံခိုင်ကျေးလက်ကျန်းမာရေးဌာနတို့မှာ သားဖွား ဆရာမအဖြစ် အမှုထမ်းခဲ့ဖူးပါတယ်။

ဆရာမကြီးရဲ့ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းကို ရှမ်းနီလူမှုအဖွဲ့အစည်းများနဲ့ လူငယ်များက ၎င်းတို့ရဲ့လူမှုကွန်ယက်စာမျက်နှာအသီးသီးမှာ ဖော်ပြထားကြပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း  ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင် ဒေါ်သိန်းရီအတွက် ဝမ်းနည်းကြောင်း ပြောဆိုထားပါတယ်။ 

ဖလော်ရင့်နိုက်တင်ဂေးဆုဆိုတာ သဘာဝဘေးအန္တရာယ်များ၊​လူပယောဂများကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရဖျားနာတဲ့သူများ၊ မသန်စွမ်းဖြစ်နေတဲ့သူများကို သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ပြုစုတဲ့သူတွေ၊ လူထုကျန်းမာရေးနဲ့ သူနာပြုအသိပညာဆိုင်ရာ ကိစ္စရပ်တွေမှာ စံပြထိုက်လောက်အောင်ဖန်တီးတီထွင် နိုင်သူတွေကို ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ်က ချီးမြှင်ပေးအပ်တဲ့ဆုဖြစ်ပါတယ်။ 

ဒီဆုက သူနာပြုတွေအတွက် ကမ္ဘာ့အမြင့်ဆုံးဆုဖြစ်ပြီးတော့ ကမ္ဘာ့သူနာပြုနေ့ဖြစ်တဲ့ မေလ ၁၂ ရက်နေ့မှာ ရွေးချယ်စိစစ်ဆုချီးမြှင့်ခဲ့ပြီး နိုက်တင်ဂေးဆုကို မြန်မာပြည်မှာ ယနေ့အထိ (၄)ဦး ရရှိထားတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၁၉၆၃ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးဒုက္ခသည်တွေနဲ့ တပ်မတော်သားတွေကို စွန့်စွန်းစားစားပြုစုခဲ့တဲ့ မိုးကောင်းမြို့က ဒေါ်ခင်အုံးမြ ၊ ၁၉၉၃ ခုနှစ်မှာ မြန်မာပြည်မြောက်ပိုင်းမှာတပ်မတော်စစ်ကြောင်း ဒဏ်ရာရ ရဲဘော်များနဲ့ အရပ်သူ/သားတွေကို အသက်စွန့်ကယ်ခဲ့တဲ့ ဒေါ်အမ်ယောနမ် တို့ ရရှိခဲ့ကြပါတယ်။ 

၂၀၀၁ ခုနှစ်မှာ မီးလောင်မှုဖြစ်ပွားတဲ့ အိမ်အတွင်းရှိ အသက်ရှစ်နှစ်အရွယ် ကလေးကို ကိုယ်ကျိုးမငဲ့ကယ်ခဲ့သော သောင်သွပ်ကျေးရွာနေ ဒေါ်သိန်းရီအပြင် ၂၀၁၅ ခုနှစ် နာဂစ်မုန်တိုင်းကာလအတွင်း မုန်တိုင်းဒဏ်ခံပြည်သူတွေကို ဘေးကင်းရာသို့ ကူညီရွေ့ပြောင်းပေးခြင်းနဲ့ ပြုစုပေးခဲ့တဲ့ ဦးစနိုင်နိုင်ထွန်းလည်း ရရှိထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *