ရှစ်ခွင်သိုင်းမှာ အုံ့ဆိုင်းဆိုင်းနဲ့ တိမ်ညိုညိုတွေ အိဆင်းနေတဲ့လဝါဆို။
ထွန်ရေးညက်နေတဲ့ လယ်ကွင်းပြင်ထဲမှာလည်း ကောက်စိုက်သမတွေ အပြိုင်အလုအယက်စိုက်ကြပျိုးကြနဲ့။ မိုးတဖြိုက်နှစ်ဖြိုက်ချလာပြီဆိုရင်ခြုံလွှာတွေနဲ့ ရှမ်းခမောက်သိုင်းပြီး လယ်လုပ်ငန်းခွင်ကို အပြီးလက်စသတ်ကြနေကြတာလည်းဖြစ်ပါတယ်။
ဝါဆိုလပြည့်နေ့ဆိုရင် ဗုဒ္ဓဘာသာတွေအတွက် အထွဋ်အမြတ်နေ့တစ်ခုလည်းဖြစ်ပါတယ်။ ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိကာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်းဆိုတဲ့ရက်မြတ်က ဝါဆိုလပြည့်နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကြတဲ့ ရှမ်းနီတိုင်းရင်းသားတို့ကလည်း ဝါဝင်တဲ့ ရက်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့မှာ တမူထူးခြားတဲ့ ဓလေ့တွေနဲ့ ပြင်ကြဆင်ကြတာတွေလည်းရှိပါတယ်။ ဒီဝါဝင်ဝါထွက် ၊ သင်္ကြန်အခါ စတဲ့ ရက်ထူးရက်မြတ်တွေမှာ ပန်းကန်တော့ လုပ်ပြီး လိုက်ဝေကြပါတယ်။
“ ပန်းကန်တော့ဆိုတာ ဖက်ကို လိမ်ပြီးတော့ဆွဲပြီးလှည့်တာပေါ့ အဲ့လိုလှည့်ပြီးတော့မှ ပန်းကန်တော့ကြီးထဲမှာပြန်ထည့်တာ ဒီကန်တော့ထဲမှာကျွန်တော်တို့နှစ်သက်ရာ ပန်းကိုပြန်ထည့်တယ်။ သုံးခုလုပ်တယ်။ မုန့်လေးလုပ်ပြီးတော့မှ ဘိုးတော်ဘွားတော်တွေကို လိုက်ကမ်းတာပေါ့” လို့ လောဆွန့်ကျေးရွာက ဦးစိန်ဝင်းက ပြောပြပါတယ်။
ဒီပန်းကန်တော့ကို အရွယ်ရောက်ပြီးတဲ့ ရှမ်းနီမိန်းမပျိုတိုင်းက လုပ်တတ်ကြပါတယ်။ ပန်းကန်တော့ကိုလည်း စိတ်ကူးဉာဏ်ရှိသလိုကွန့်မြူးပြီးတော့ တီထွင်ကြတာတွေလည်းရှိပါတယ်။ ပန်းကန်တော့ထဲမှာ ရာသီပေါ်ပန်း ၊ တခြားမိမိနှစ်သက်တဲ့ပန်းတွေနဲ့ ပြုလုပ်ကြပါတယ်။ ပန်းကန်တော့ကမ်းတဲ့ဓလေ့က ကုသိုလ်မှုတွေအပြင် အချင်းချင်းချစ်ကြည်ရင်းနှီးဖို့ ၊ ရန်ငြိုးပြေစေဖို့နဲ့ ငြိမ်းချမ်းတဲ့ နိမိတ်လည်း ဆောင်တယ်လို့ ဆိုပါတယ်။ ပန်းကန်တော့လှမ်းလိုက်ရင် အချင်းချင်းချစ်ခင်မှုပိုတိုးစေသလို အပြင်မှာ ရန်ဖြစ်ထားကြစေအုံးတော့ အတွင်းမှာ ငြိမ်းချမ်းတဲ့ ကမ်းလှမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။ နှုတ်ဆင့်ကမ်းလာတဲ့ အဆိုအရ
“ ပန်းကန်တော့ရွှေလှေသုံးစီးပြည့်အောင်ကမ်းရင် ယောကျာ်းကောင်း ဆုပန်လို့ရတယ်” လို့ အဆိုရှိပါတယ်။
ဝါဝင်လို့ ဥပုသ်သီလာစောင့်တည်တဲ့အခါ ဘုရားကျောင်းမှာ ဆုံရင်လည်း အချင်းချင်းပန်းကန်တော့လှမ်းကြပါတယ်။ ကုသိုလ်အတွက်လည်းဆိုသလို ရင်းနှီးမှုကိုလည်း အဲ့နေရာမှာ ပြသကြပါတယ်။
“ ရုပ်အလှအမြတ်မရွေးပေါ့ နောက်ဆုံးမှာ အပြင်လောကမှာ မတည့်ရင်တောင် ဘုရားကျောင်းကန်မှာ ရောက်သွားလို့ရင် ဒီပန်းကန်တော့ကတော့ ကမ်းပေးတာပေါ့။ ပန်းကန်တော့မကမ်းဘူးဆိုရင်တကယ့်နာကျဉ်းတဲ့ပုံစံမျိုးကိုလည်း မှတ်ကြသလို ၊ ပန်းကန်တော့မကမ်းရင်လည်း စိတ်ဓာတ်မမွန်မြတ်ဘူးဆိုပြီးလည်း ယူဆကြတယ်”တယ်လို့ သူကဆိုပါတယ်။
ဒါ့ကြောင့် ဝါဝင်ကာလမှာ ပန်းကန်တော့ကိုတော့ ကမ်းကြပါတယ်။ ဒါ့အပြင် ဝါလဖြစ်တဲ့အတွက်ကြောင့် ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ရိုးရာအိမ်နတ်ကို ဒီဝါဝင်ကာလမှာ ပြင်ဆင်ကြပါတယ်။ အိမ်နတ်မျိုးရိုးတွေကလည်း တစ်မျိုးနဲ့ တစ်မျိုးမတူကြသလို ပြင်ဆင်ကြတဲ့နည်းတွေကလည်း ကွဲပြားကြပါတယ်။ ဒါ့အပြင် အိမ်နတ်ကလည်း အကြီးဆုံးယောကျာ်းသားတို့ရဲ့ နေအိမ်မှသာရှိတာကြောင့် အဲ့အိမ်မှာပဲ ညီအစ်ကိုမောင်နှမတွေက စုပေါင်းပြီးပြင်ဆင်ကြပါတယ်။ သက်ကြီးရွယ်အိုတွေကို မုန့် ၊ ပေါက်ပေါက်ဆုပ်စတာတွေနဲ့ ဝါဝင်တဲ့နေ့ ဥပုသ်စောင့်ဖို့အပါအဝင် လှူဒါန်းကြတာလည်းဖြစ်ပါတယ်။
“ ဒီဘက်မှာက လူကြီးတွေကို ကန်တော့တာဝါဝင်ခါနီးမှာ သက်ကြီးတွေကို ကန်တော့တာရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ပန်းကန်တော့တွေလုပ်ပြီးတော့မှာ သွားဝေတာရှိတယ်။နောက်ပြီးတော့ ကိုယ့်အိမ်က နတ်တွေကိုပြင်ဆင်တာတွေရှိတယ်” လို့ အင်းတော်ကြီးဒေသ ပန်းလားကျေးရွာမှ အရှင်ပညာဝံသက မိန့်ကြားပါတယ်။
ဝါဆိုလမှာ ပန်းကန်တော့လှမ်းကြတယ်ဆိုပေမယ့် အချိန်ကာလတွေနဲ့ လုပ်ငန်းခွင်မအားလပ်တာတွေကြောင့် ပန်းကန်တော့က အိမ်ပေါက်စေ့မလှမ်းနိုင်တဲ့ အခြေအနေတွေလည်းရှိလာနေပါတယ်။ အရင်က ယောကျာ်းလေးတွေလည်း ဒီလိုပန်းကန်တော့ကမ်းကြပေမယ့် အခုတော့ ရှားလာခဲ့ပြီလို့ဆိုပါတယ်။ဒီလို ငြိမ်းချမ်းရေးနိမိတ် ၊ ချစ်ခင်ရင်းနှီးတဲ့ နိမိတ်တွေပြည့်နေတဲ့ ပန်းကန်တော့ကမ်းခြင်းဓလေ့က ရှမ်းနီတိုင်းရင်းသားတို့ မပျောက်မပျက်ထိန်းသိမ်းရမယ့် ဓလေ့တစ်ခုဖြစ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။