ပူတာအိုမြို့နယ်အတွင်းက ကျေးရွာတချို့လယ်ယာစိုက်ခင်းများရေနစ်မြှုပ်ပြီးစားသောက်ရေးအခက်အခဲ ဖြစ်နေကြ

အောက်တိုဘာ ၂၁၊ ပူတာအို

ပူတာအိုမြို့နယ် နမ်ဖန်(၁) ကျေးရွာမှာ လယ်ယာစိုက်ခင်းတွေ ရေနစ်မြှပ်ပျက်စီးသွားသဖြင့် စားသောက်ရေးအခက်အခဲကြုံနေရတယ်လို့ လူမှုကူညီရေးအသင်းများမှ သိရပါတယ်။

မန်စေခွန်အုပ်စုထဲက ပါဝင်တဲ့ နမ်ဖန်ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေပြိုစဉ် နမ်ပလပ်ချောင်းပိတ်မိပြီးရေကြီးရေလျှံမှုတွေ ကြောင့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုပျက်စီးသွားတဲ့အတွက် လက်ရှိအချိန်သာမက လာမယ့်နှစ်စပါးပေါ်ရာသီ မရောက်ခင်အထိ နိုဝင်ဘာလမှ စတင်ကာဝမ်းစာအတွက်အလွန် စိုးရိမ်နေရကြောင်း အကူအညီတောင်းခံလာတယ်လို့သိရပါတယ်။

အဆိုပါကျေးရွာမှာ လူဦးရေ ၇၀ ဦးနေထိုင်ပြီး အိမ်ခြေ ၁၅ စုရှိတယ်လို့သိရပြီး လယ်ယာမှာ ၁၉.၉ ဧက၊ ယာခင်း ၂.၅ ဧကရေနစ်မြှပ်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ထို့ပြင် လူနေအိမ်များအထိ ရေအိုင်၍သောက်သုံးရေ ခက်ခဲနေပြီး ယခုချိန်ထိ မည်သည့်အဖွဲ့အစည်းမှ လာရောက်ကူညီခြင်း မရှိကြောင်း သိရပါတယ်။

မန်စေခွန်ရွာမှာလည်း စိုက်ပျိုးထားတဲ့ မြေဧက ၃၀၀ ဝန်းကျင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ 

အိမ်ခြေ ၆၀ နဲ့ လူဦးရေ ၄၀၀ နီးပါးနေထိုင်တဲ့ မန်စေခွန်ကျေးရွာဟာ လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြတာလို့ဆိုပါတယ်။ 

မန်စေခွန်ကျေးရွာက ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ပြန်လည်ဖြေရှင်းကုစားနိုင်ဖို့အတွက် ကချင်ပြည်နယ် အစိုးရဆီကို မှတ်တမ်းဓာတ်ပုံတွေနဲ့ တင်ပြထားပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *