ဗန်းမောက်မြို့နယ်အတွင်းကာကွယ်ဆေးမထိုးနှံရသေးသည့် (၂)  နှစ်အောက်ကလေးငယ်များအများအပြားရှိနေ

ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံကိုတွေ့ရစဉ်

ဇန်နဝါရီ ၂ ၊ ဗန်းမောက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ ကာကွယ်ဆေးမထိုးနှံရသေးသည့်  မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များ အများအပြားရှိနေကြောင်း  စုံစမ်းသိရှိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  ဗန်းမောက်မြို့နယ်အတွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ဒေသမတည်မငြိမ်ဖြစ်လာသလို ကျန်းမာရေးဝန်ထမ်းများမရှိခြင်းတွေကြောင့် တစ်နှစ်ကျော်ကြာအထိ ကာကွယ်ဆေးထိုးနိုင်ခြင်းမရှိခဲ့ဘူးလို့ ကလေးမွေးဖွားခဲ့တဲ့ မိခင်တွေဆီကနေ သိရပါတယ်။ 

“ အား… ကြာပြီနော်  ကျွန်မသမီး ၉ လ အရွယ်တုန်းကကြီးနဲ့  လွန်ခဲ့တဲ့ မနှစ်က ဧပြီလတုန်းကကြီးနဲ့။ ဗန်းမောက်မှာတော့ မထိုးကြတော့ဘူး။ ဆေး မသယ်ရဲကြဘူးလေ။ ဒါကြောင့်မလို့ ကသာတို့၊ အင်းတော်တို့၊ မိုးညှင်းတို့တွေမှာ သွားထိုးကြရတယ်”လို့ ဗန်းမောက်မြို့ပေါ်ရှိ ကလေးမိခင်တစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့နဲ့နီးစပ်တဲ့ အင်းတော်မြို့နယ်၊ ကသာမြို့နယ် နဲ့ မိုးညှင်းမြို့နယ်တွေက မြို့နယ်ကျန်းမာရေးဌာနတွေမှာ ကလေးကာကွယ်ဆေးသွားရောက်ထိုးနှံရပေမယ့် အများစုက မသွားထိုးနိုင်ကြဘူးလို့ဆိုပါတယ်။ 

“ တစ်ချို့မိဘတွေလည်း  လမ်းဂိတ်တွေ ကြောက်လို့တဲ့ တစ်ခြားမြို့နယ်တွေမှာ ကာကွယ်ဆေးထိုးဖို့ မသွားရဲ့ကြဘူး။ နောက်တစ်ချက်က ထန်းသီးကြွေခိုက် ကျီးနားခိုက် ဖြစ်မှာစိုးလို့တဲ့။ သူတို့သွားတာနဲ့ စစ်ဖြစ်တာနဲ့ ကြုံမှာစိုးလို့တဲ့” လို့ ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ဗန်းမောက်မြို့နယ်ပြည်သူ့ဆေးရုံက ဖွင့်လှစ်ထားပေမယ့် ဆရာဝန် အပါအဝင် ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု နဲ့ ကျေးလက်ကျန်းမာရေးဌာနတွေမှာလည်း လည်ပတ်နိုင်ခြင်းမရှိဘူးလို့ ကျန်းမာရေးနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ 

“  ဘယ်သူမှ မထိုးကြရဘူး ကာကွယ်ဆေးလည်း ပိတ်တယ် ဒီဘက်ကတော့။ ကျွန်မတို့ဘက်မှာ ဆရာမကြီးလည်းမရှိဘူးလေ။ ရှိရင်တော့ ထိုးရလောက်တယ်။ ဆေးထိုးဆရာမကလည်း အလုပ်ထွက်လိုက်ပြီလား။ နားလိုက်ပြီလားမပြောတတ်ဘူး။ ကျွန်မကလေးတောင် ကာကွယ်ဆေး မထိုးရဘူး။ တစ်နှစ်ကျော်ခဲ့ပြီ။ ဒီအတိုင်းပဲ ထားထားတာ။ တစ်ခါမှ ဆေး မထိုးရသေးဘူး။” ဆိုပြီးတော့ ဗန်းမောက်မြို့နယ်  နမ္မားကျေးရွာက ကလေးမိခင်တစ်ဦးကဆိုပါတယ်။ 

မွေးကင်းစမှ အသက် (၂) နှစ်အရွယ်ထိ ကလေးငယ်များကို ကာကွယ်ဆေးအမျိုးအစားပေါင်း (၂၀) ခန့်  အသက်အရွယ်အလိုက် ထိုးနှံပေးကြရတာလည်းဖြစ်ပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်းမှာ မြို့နယ် ဆေးရုံ နှင့် ကျေးလက်ကျန်းမာရေးဌာန  ၊ ဌာနခွဲ စုစုပေါင်း (၄၄) ခုရှိပြီး တစ်မြို့လုံး ဆရာဝန် (၂) ဦး သူနာပြုဆရာမ (၁၆) ဦး ၊ လက်ထောက်ကျန်းမာရေးမှူး (၅) ဦးရှိတယ်လို့ မြို့နယ် အုပ်ချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *