မိုးကောင်းမြို့နယ် Covid19 ကုသ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွင်ပါဝင်ကူညီဆောင်ရွက်နေသူဦးစိုင်းထွန်းအောင်ကျော်နှင့် ဆက်သွယ်မေးမြန်းခြင်း

ဒီရောဂါကလည်း ပျောက်ဆေးကရှိတာမဟုတ်ဘူး။ စိတ်ဓာတ်နဲ့လည်း တိုက်ရတယ်။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာပါ သူတို့ကိုအားပေးဖို့လိုတယ်။ သူတို့ကို မပစ်ပယ်ထားဘူးဆိုရင် သူတို့အသက်ရှင်ကြမှာပါ။ 

မိုးကောင်းမြို့နယ်က  ကချင်ပြည်နယ်မှာ ပိုးတွေ့ရှိမှု အများဆုံးသော မြို့တွေထဲမှာပါဝင်ပါတယ်။ ဒါကြောင့်လည်း Stay at Home  အစီအစဉ်ထဲမှာပါဝင်တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ လက်ရှိ မိုးကောင်းမြို့ရဲ့   Covid19 အခြေအနေများကို ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါတယ်။ မိုးကောင်းမြို့နယ် Covid19 တိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် ကိုစိုင်းထွန်းအောင်ကျော်နှင့် ဆက်သွယ်မေးမြန်းထားမှုများကိုဖော်ပြလိုက်ရပါတယ်။ 

မေး။ ။ Covid19 နှင့်ပတ်သက်ပြီး မိုးကောင်းမြို့ရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိနေလဲ ။ 

ဖြေ။ ။ စာရင်းကတော့ သိတဲ့အတိုင်းပဲ ၄၀/၅၀ တော့ထွက်တယ်။ သေဆုံးနှုန်းလည်း နေ့တိုင်းနီးပါးတော့ရှိတယ်။

မေး။ ။ ကာကွယ်ရေးအပိုင်းတွေကော ဘယ်လိုတွေ စီမံဆောင်ရွက်နေရသလဲ ။

ဖြေ။ ။ ကျွန်တော်တို့ လောလောဆယ် တစ်မြို့နယ်လုံးဆိုရင် တိုက်နယ်ဆေးရုံတွေအပါ Care လုပ်ပေးနေတဲ့ စင်တာက ငါးခုရှိတယ်။ အဲ့ဒီငါးခုမှာ ဆရာဝန်တွေက လေးနေရာမှာတော့ရှိတယ်။ တစ်နေရာမှာတော့မရှိ ဘူး။ မိုးကောင်းမြို့ပေါ်မှာက (၃)နေရာပေါ့။ 

မေး။ ။ မိုးကောင်းမှာ လက်ရှိ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရသလဲ။ 

ဖြေ။ ။ လုပ်နေကြတာတော့အဆင်ပြေပါတယ်။ ကာကွယ်တားဆီးရေးပိုင်းကတော့ မိုးကောင်းကို Stay at Home ကြေညာပြီးနောက်ပိုင်းမှာ မြို့ဝင်မြို့ထွက်တွေကို မနက် (၇)နာရီကနေ ည(၇)နာရီအထိ ကားအဝင်/ထွက် တွေကိုစစ်ဆေးတာတွေလုပ်ထားတာရှိတယ်။ ပညာပေးလှည့်ပြီးအော်တာရှိတယ်။ အဓိကအခက်အခဲက ဘာလဲဆိုရင်တော့ ဒီမှာက နိုင်ငံရေးအကြပ်အတည်းကြောင့်လည်းဆိုင်မယ်ထင်တယ်။ နောက်ပြီး ဆရာဝန်တွေ CDM လုပ်ထားတဲ့အခါရှိတဲ့အခါကျတော့ အင်အားနည်းတာပေါ့နော်။ နည်းနေတဲ့အခါကျတော့ တပ်က ဆရာဝန်တွေနဲ့ပေါင်းပြီးမှ လုပ်နေတာဟုတ်တယ်။ ပေါင်းပြီးမှလုပ်တဲ့အခါကျတော့ မြို့ပေါ်စင်တာ (၃) ခုမှာ တစ်ခုက တပ်ထဲမှာလာဖွင့်ထားတဲ့အခါကျတော့ ။ တပ်ထဲမှာမသွားချင်တာမျိုးပေါ့နော် ။နောက် လိုင်းပေါ်က ကောလဟာလသတင်းတွေကြောင့် သွားပြီးမစစ်ရဲတာမျိုးအဲ့လိုဖြစ်နေတာ။ ကျွန်တော်တို့ မြို့နယ်က ကူးစက်ခံထားရတယ်လို့ ယူဆရတဲ့အိမ်တိုင်းလိုလို ပေါ့နော် အများအားဖြင့် သွားမစစ်ကြဘူး။ သွားစစ်ကြတဲ့လူတွေလည်း ဘယ်လိုမျိုးလည်းဆိုရင် သက်ကြီးရွယ်အိုတို့ ၊ အနံ့ပျောက်တာ၊ စိုးရိမ်ရတဲ့ဟာ အဲ့လိုမျိုးတွေ သွားစစ်တယ် သွားစစ်တော့တွေ့တယ်။ တွေ့တဲ့အခါကျတော့ ကျွန်တော်တို့တွေက သူတို့မိသား စုတွေကို  Contect အနေနဲ့မဖြစ်မနေ စစ်ခိုင်းတယ်။ တချို့ကျတော့လည်း ကိုယ့်အိမ်မှာပဲကိုယ်နေပြီးတော့ ကြိတ်ကုနေတာမျိုးရှိတယ်။ အခြေအနေဆိုးမှ ဆေးရုံကိုရောက်လာတာမျိုးဆိုတော့ အဲ့လိုမျိုးတွေက ဆုံးသွားတာများတယ်။

မေး။ ။ မိုးကောင်းမှာ အသက်ရှုံးဆုံးသွားကြသူတွေလည်းများတော့ အဲ့ထဲမှာ အသက်အရွယ်အပိုင်းအခြားက ဘယ်လောက်တွေလဲ။

ဖြေ။ ။ပုံမှန်အားဖြင့်တော အသက် ၆၀ နဲ့ ၇၅ ကြား အဲ့တာတွေကတော့ အဖိတ်အစင်များတယ်ပေါ့နော်။ ဆုံးသွားတဲ့သူတွေကလည်း ရောဂါအခံရှိတဲ့သူတွေပေါ့။ ဒီက စင်တာတွေမှာ ဟိုးလသားကလေးကစ အသက် ၇၀ ၈၀အထိ အရွယ်စုံတော့ရှိတယ်။ နောက်ပြီးတော့ မြို့နယ်ဆေးရုံမှာကလည်း ဆရာဝန်တွေနည်း နေတာ့ ပြုစုစောင့်ရှောက်တဲ့အပိုင်းမှာ အားနည်းတာတော့ ဟုတ်တယ်။

မေး။ ။ ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံ ဒေသအသီးသီးက အောက်စီဂျင်ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတယ်။ မိုးကောင်းမှာရော အဲ့လိုအခြေအနေမျိုးတွေရှိလား

ဖြေ။ ။ အောက်စီဂျင်ကတော့ ကျွန်တော်တို့မိုးကောင်းမှာရှိနေတဲ့ အရေးပေါ်လူနာနဲ့ အောက်စီဂျင်နဲ့က Balance ဖြစ်တယ်။ အရမ်းကြီးလိုအပ်တာမျိုးတော့မရှိပါဘူး ။ အောက်စီဂျင်မရလို့ ဆုံးပါးသွားတယ်ဆိုတဲ့ လူနာမျိုးတော့မရှိဘူး။ နောက်ပြီးဒီမှာက လူမှုအသင်းအဖွဲ့တွေကလည်း ဝိုင်းဝန်ပြီးလုပ်တဲ့အခါကျတော့ အောက်စီဂျင်က လုံလုံလောက်လောက်ရတယ်။ အဓိက ဒီမှာဆုံးပါးသွားတဲ့သူတွေက ရောဂါအခံရှိတာများတဲ့အတွက် ဒီရောဂါက ပေးတဲ့ရိုက်ခတ်မှုပေါ့ အဲ့တာကိုသူတို့မခံနိုင်တဲ့အတွက် ဆုံးပါးသွားတဲ့ဟာများတယ်။ကျွန်တော်တို့တွေက အောက်စီဂျင်အနေအထားအရရော၊ ဆေးဝါးအနေအထားအရရော၊ ဆရာဝန်တွေကော တတ်နိုင်သမျှ လုပ်တော့လုပ်နေကြတယ်။

မေး။ ။ တခြားဘယ်လိုအခက်အခဲခြေအနေတွေနဲ့ ရင်ဆိုင်နေကြရလဲ ။ 

ဖြေ။ ။  အခက်အခဲမရှိဘူးလားဆိုရင်တော့  အရင်ကနဲ့အတူတာက Positive  ဦးရေကတအားတက်တယ်လေနော်။ ကချင်ပြည်နယ်မှာဆိုရင် ဒုတိယလိုက်တယ်။ ကုသရေးမှာ ရှိတဲ့ဆရာဝန်တွေနဲ့ ကာဗာဖြစ်အောင် လုပ်နေတာပေါ့နော်။ အဓိကတော့ မိသားစုတွေနဲ့ မတွေ့ရတာပေါ့နော်။  တချို့အသက်ကြီးပိုင်းတွေရောက်လာတယ်။ ကျွန်တော်တို့တွေလည်း ဝတ်ကြီးဝတ်ငယ်ပြုစုပေးတဲ့ထိကမလုပ်ပေးနိုင်ဘူးပေါ့နော်။ တချို့တွေကလည်း ပြုစုစောင့်ရှောက်ပေးမယ့်သူတွေလာနေတဲ့ သူလည်းရှိတယ်။ မလာနေတဲ့သူတွေလည်းရှိတယ်။ လာမနေပေးနိုင်တဲ့သူတွေကတော့ ကျွန်တော်တို့တွေ့တာကတော့ ဆုံးပါးသွားတာများတယ်။ စိတ်ဓာတ်ကျတဲ့အပိုင်းပါမှာပေါ့။ အဓိကပြောချင်တာကတော့ စိတ်ပိုင်းဆိုင်ရာ Positive  တွေကို ပံ့ပိုးပေး နိုင်တာအားနည်းတာပေါ့။ ဒါကတော့ ကျွန်တော်တို့အတွေ့အကြုံအရ ပြောတာပေါ့နော်။

မေး။ ။ ထပ်ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါအုံးခင်ဗျာ။

ဖြေ။ ။ ပြောချင်တာကတော့ ဒီရောဂါက ကုသရေးအပြင် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပေးဖို့လိုတယ်ပေါ့နော်။ သူတို့ကို Positive ဆိုပြီး ပစ်ပယ်မထားဖို့လိုတယ်။ ဒီရောဂါကလည်း ပျောက်ဆေးကရှိတာမဟုတ်ဘူး။ စိတ်ဓာတ်နဲ့လည်း တိုက်ရတယ်။ အဓိကတော့ စိတ်ပိုင်းဆိုင်ရာပါ သူတို့ကိုအားပေးဖို့လိုတယ်။ သူတို့ကို မပစ်ပယ်ထားဘူးဆိုရင် သူတို့အသက်ရှင်ကြမှာပါ။ 

ကျေးဇူးတင်ပါတယ်ခင်ဗျာ

Leave a Reply

Your email address will not be published. Required fields are marked *