ဒီဇင်ဘာ ၂၆ ၊ မိုးကောင်း
မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်ရှိ ကျေးလက်တွေကို ပစ်မှတ်ထားပြီး အုပ်စုဖွဲ့ကာ အိမ်ဆေးလိမ်လည်သုတ်မှုပိုများပြားလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာလည်း မိုးကောင်းမြို့နယ်ပြွန်သုံးလုံးကျေးရွာရှိ ဒေါ်နန်းဆိုင်အေးအိမ်ကို လူတစ်စုက အိမ်ဆေးသုတ်ပေးမယ်လို့ပြောဆိုကာ အုပ်စုဖွဲ့ လိမ်လည်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ကာယကံရှင်ဆီကနေသိရပါတယ်။
‘’ကျမအိမ်ကိုဆိုင်ကယ်နဲ့လူတစ်ယောက်ရောက်လာတယ် နောက်တစ်ယောက်ပြန်ရောက်ခဲ့တယ် နှစ်ယောက်ဆေးပုံးတွေနဲ့ အိမဆေးသုတ်ချင်လို့တဲ့ ဆေးမသုတ်ချင်ဘူးလားတဲ့ ဘယ်ဈေးလဲမေးလိုက်တာ ဆေးတစ်ပုံးကိုရှစ်ထောင်တဲ့ နမူနာပြမယ်တဲ့သူတို့က တစ်ခန်းအလကားဖျန်းပေးတယ်ပေါ့ အာ့ဆိုရင်တစ်ခန်းပဲဖျန်းပေးပေါ့နမူနာကို ဘယ်လောက်ကျလဲပြောပေးဆိုတော့ သူတို့ကတစ်ခန်းတည်းမရဘူးတဲ့ လေးခန်းလောက်ဖျန်းပြီးမှ ပြောလို့ရမယ်တဲ့ နမူနာအခန်းအပြင် သုံးခန်းပြည့်တဲ့ခါကျတော့ နှစ်သိန်းလေးသောင်းတဲ့ လေးခန်းကိုနှစ်သိန်းလေးသောင်းပေါ့နော့ အေ့ခါမှကျမလန့်တာ အစကတည်းကဈေးနူန်းပြောပါဆိုတာကို မပြောခဲ့ဘဲ ခုကျတော့ အေ့လောက်ကျမမပေးနိုင်ဘူးလို့ ပြောပြတယ် သူတို့ကလက်မခံဘူး နောက်သူတို့အုပ်စုတွေတစ်ဖွဲဖွဲရောက်လာတော့ ၇ယောက်ဖြစ်သွားတယ် ကျမကိုဝိုင်းပြီးအမကဘာလို့ဖျန်းခိုင်းသလဲ ဖျန်းတုန်းကဖျန်းခိုင်းပြီးတော့ပေါ့ ဝိုင်းပြောကြတာ ကျမပေးလိုက်ရတယ် ၂သိန်းသုံးသောင်း တစ်သောင်းလျှော့ခဲ့တယ်” လို့ လိမ်လည်ခံရတဲ့ အိမ်ရှင်ဖြစ်သူက ဆိုပါတယ်။
အခုလိုလိမ်လည်ခံရတဲ့ဖြစ်စဉ်ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့နည်းတူပဲဖြစ်ပါတယ်။
လိမ်လည်သူတွေဟာ သက်ကြီးရွယ်အိုတွေ ၊ မသိနားမလည်သူတွေ ရှိနေတဲ့အချိန်တွင် အိမ်တွေကို ရောက်ရှိလာကြပြီး ရှေးဦးစွာ အဖိုးအခအနည်းငယ်ကိုသာ တောင်းခံပြီး ကျသင့်ငွေကို တိတိကျကျမပြောဆိုပဲ တစ်အိမ်လုံး သို့မဟုတ် အိမ်တစ်ဝက်ကိုဆေးသုတ်ပြီးမှ ကျသင့်ငွေအဆမတန်တောင်းခံတာပဲဖြစ်ပါတယ်။
“ ကျမတို့တင်ဖြစ်တာမဟုတ်ဘူး ဒီနားက ပင့်သာကတွေကော နီးစပ်နားတွေကပေါ့ ရွာသစ်ကြီးကတွေ လက်ပံဆိပ်ကတွေကော အေ့လိုမျိုးဖြစ်သွားကြတာ “ဟု နန့်မွန်းမြို့က လိမ်လည်ခံလိုက်ရတဲ့ အိမ်ရှင်ရဲ့သမီးဖြစ်သူကဆိုပါတယ်။
အိမ်ဆေးကိုလဲ နည်းစနစ်ကျကျ သေသေချာချာ သုတ်တာမဟုတ်ဘဲ လက်ရာကိုမသေမသပ် ဖြစ်ကတတ်ဆန်း ပြုလုပ်သွားကြတာပဲဖြစ်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် လုပ်ငန်းပြီးမြောက်အောင် လုပ်ဆောင်သွားကြတာကို မြင်တွေ့ရပါတယ်။
အုပ်စုဖွဲ့ လိမ်လည်တဲ့သူတွေဟာ တရားဥပဒေကို လက်တလုံးခြားအသုံးပြုနေကာ စနစ်တကျနဲ့ ဆောင်ရွက်နေကြတာလို့ ဒေသခံတွေကဆိုကြပါတယ်။
အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဒီလုပ်ရပ်တွေဟာ လိမ်လည်မှုကျူးလွန်တာဖြစ်ပြီး ရာဇဝတ်မှု ပုဒ်မ ၄၂၀ နဲ့အရေးယူနိုင်ပြီး ရဲ နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အမှုဖွင့်အရေးယူနိုင်တယ်လို့ဆိုပါတယ်။
” လိမ်လည်မှုမြောက်တယ်။ ဘာနဲ့တရားစွဲလို့ရလဲဆိုရင် ပုဒ်မ ၄၂၀ နဲ့တရားစွဲလို့ရတယ်။ သူများပြောပြောနေတဲ့ 420 ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်လို့ရနိုင်တယ်” လို့ သူကပြောပြပါတယ်။
လက်ရှိအချိန်ထိ မိုးညှင်း၊ ဟိုပင် ၊ အင်းတော်ကြီးဒေသ နဲ့ မိုးကောင်းမြို့နယ်က ကျေးရွာတွေမှာအခုလိုလိမ်လည်သူတွေက ဆက်ရှိနေဆဲဖြစ်ပြီး အရေးယူခြင်းမရှိဘူးလို့ စုံစမ်းသိရှိရပါတယ်။