မီးကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် လူသားတွေရဲ့ သမိုင်းတစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်။ လူသားတွေက မီးကို လွန်ခဲ့တဲ့နှစ်ပေါင်း လေးထောင်ကျော်ကတည်းက ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှတစ်ဝှမ်းရှိ ရှေးဟောင်းသုတေသနမှတ်တမ်းတွေမှာ မီးစတင်တွေ့ရှိ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေဟာလည်း သဘာဝက ပေးတဲ့ ပစ္စည်းတွေနဲ့ မီးရရှိအောင် ပြုလုပ်ခဲ့ကြပါတယ်။ အဲ့လိုနည်းတွေထဲက မောက်တောက်ဖိုင်းလို့ ခေါ်တဲ့ မီးခြစ် အကြောင်းကို တင်ဆက်ပေးပါမယ်။
မောက်တောက်ဖိုင်း ဟာ ဝါးကျည်တောက်မီးခြစ်တစ်မျိုးဖြစ်ပြီး ရှမ်းနီတိုင်းရင်းသားတွေကိုယ်တိုင် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ လက်မှုပညာရပ်တစ်ခုလည်းဖြစ်ပါတယ်။ နှောင်းလူတွေကတော့ ဒီမီးခြစ်အကြောင်း မသိရှိကြတော့ပေ။ ဝါးကျည်တောက်မီးခြစ်ဆိုတာ ဘယ်လိုပုံစံလည်း ဘယ်လိုလုပ်ရသလဲဆိုတဲ့ မေးခွန်းများစွာကရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်ကတည်းက အသုံးပြုခဲ့တာလို့ ပြုလုပ်တတ်သူတွေက ဆိုပါတယ်။ အသင့်သုံးတဲ့ မီးခြစ်အမျိုးမျိုး မြန်မာပြည်အတွင်း မဝင်ရောက်စဉ်ကတည်းက အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေဟာ လယ်တောသို့သွားရင် မီးခြစ်မပေါ်ခင်က မောက်တောက်ဖိုင်းယူဆောင်သွားပြီးအသုံးပြုကြပါတယ်။ နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ယနေ့မှာ ဒီလိုမီးခြစ်တွေဟာ ရှမ်းနီအိမ်တွေမှာ တွေ့ရှိနိုင်ပေမယ့်လည်း အသုံးပြုလို့မရနိုင်တော့ပါဘူး။
ကိုလိုနီခေတ်က မောက်တောက်ဖိန်း အသုံးပြုပြီး မီးခြစ်နေတဲ့ ရှမ်းနီတိုင်းရင်းသား တစ်ဦးနဲ့ ဂျပန်တစ်ဦးတို့ မောက်တောက်ဖိုင်းကနေ မီးထွက်မထွက်ကို လောင်းကြေးစားကြေးပြုလုပ်ခဲ့တဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်။ “ ဘယ််အချိန်ကအသုံးပြုသလဲဆိုရင်တော့ ဆရာမောင်ကောင်းဆိုတဲ့သူရှိတယ် သူ့ဆီကနေ ဆင့်ကဲပြီး ပြထားခဲ့တာ။ အဲ့လိုပြထားပြီးတော့မှ ဂျပန်ခေတ်ကတုန်းက ဝါးကျည်ထောက်ထဲ ဘာမှမရှိဘဲနဲ့ မီးတောက်နေရင် ယမ်းငွေငါးကျပ်ပေးမယ် ဆိုပြီး လောင်ကြေးစားကြေးလုပ်ပြီး ဝါးကိုခွဲကြည့်တယ် ဘာမှမရှိတော့ သူတို့လည်း ထူးဆန်းအံ့ဩပြီး ဂျပန်တွေလည်း ရချင်တယ်ဆိုပြီး အဲ့အချိန်က စလုပ်ပေးခဲ့တယ်”လို့ မောက်တောက်ဖိုင်း လုပ်တတ်သူက ဆိုပါတယ်။ အဲ့အချိန်ကစပြီး မောက်တောက်ဖိုင်း တစ်ခုကို အင်္ဂလိပ်ငွေ ငါးကျပ် ၊ ဂျပန်ငွေ ငါးကျပ်၊ အိန္ဒိယငွေ ငါကျပ် စသဖြင့် ပြုလုပ်ရောင်းချခဲ့ရတာလို့ဆိုပါတယ်။ ယခုအခါမှာ ဝါးအပြင် ကျွဲချိုတွေနဲ့ ပြုလုပ်ထားတာတွေလည်း ရှိပေမယ့် မီးမထွက်ချေ။ ဒီဇိုင်းဆန်းလာပေမယ့်အလှအပအဖြစ်သာ ထားရှိနိုင်ပါတော့တယ်။
မောက်တောက်ဖိုင်းတစ်ခုမှာ ဝါးကျည်တောက်၊ သစ်သား၊ အပ်ချည်၊ ပျားဖယောင်းနှင့် မုန့်ညှင်းဆီချက်ထားသည့်အခဲ ၊ မင်းဘောမှို့ တွေပါဝင်ပါတယ်။ ပထမဦးစွာ ဝါးကျည်ထောက်ကို လေးလက်မခန့်ဖြတ်ထားရမှာဖြစ်ပါတယ်။ ဝါးကျည်ထောက်ကို ရွေးချယ်ရာမှာလည်း ပေါင်းတင်းဝါးဖြင့်သာပြုလုပ်မှ မီးထွက်မှာဖြစ်ပါတယ်။ သစ်သားကို ဝါးကျည်တောက်ထဲ ထည့်နိုင်မယ့်အရွယ်ပြုလုပ်ထားရမှာဖြစ်ပါတယ်။ သစ်သားထိပ်ကို အပ်ချည်ပတ်ရမှာပါ။ ပြီးတဲ့နောက် အပ်ချည်ကိုလည်း ပျားဖယောင်းနဲ့ မုန့်ညှင်းဆီရောချက်ထားတဲ့အခဲနဲ့ သုပ်လိမ်းပေးရမယ်။ အဲ့ဒီနောက် မင်းဘောပင်ကနေ ရတဲ့ မို့ကို သစ်သားထိပ်မှာ အနည်းငယ်ထည့်ပြီး ဝါးကျည်တောက်ထဲသို့ အားစိုက်ပြီး သွင်းထုတ်ပြုလုပ်ပေးလိုက်ရင် မီးစတွေက သစ်သားထိပ်မှာထွက်လာမှာဖြစ်ပါတယ်။ ဒီဟာက မောက်တောက်ဖိုင်းပြုလုပ်ပုံဖြစ်ပါတယ်။
ဒီလိုအလွယ်လေးရတဲ့ လက်မှုပညာရပ်တွေဟာ ပြုလုပ်နိုင်သူမရှိတော့ပါဘူး။ ပြုလုပ်သူမရှိခြင်းနဲ့ အသုံးပြုသူမရှိခြင်းကြောင့် ပျောက်ကွယ်သွားတဲ့ လက်မှုပစ္စည်းများစွာရှိနေသည်ကိုလည်း သတိချပ်သင့်ပါတယ်။ မောက်တောက်ဖိုင်းကို နမူနာယူပြီး တခြားသော ရှမ်းနီရိုးရာ လက်မှုပစ္စည်းများကို ဖော်ထုတ် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။