ဇူလိုင် ၂၁ ၊ ရန်ကုန်
မြန်မာ့စီးပွားရေးအခြေအနေတွေက ထိလွယ်ရှလွယ် အကဲဆက်နေပြီး စီးပွားရေးမျှော်လင့်ချက်က အားနည်းနေဆဲဖြစ်တယ်လို့ ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အရ မြန်မာ့ GDP က ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၃ ရာခိုင်နှုန်းနိမ့်ကျန်နေပြီး နလံပြန်ထူရေးအတွက်လည်း အနှောက်အယှက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းက ဆင်းရဲနွယမ်းပါးမှုမျဉ်းအောက်မှာ ရောက်နေပြီး ဆယ်စုနှစ်တစ်ခု ကြိုးပမ်းခဲ့တဲ့ ဆင်းရဲမှုလျော့ချရေး က နောင်ပြန်လှည့်နေတယ်လို့ အစီရင်ခံပါတယ်။
စစ်ကောင်စီက တိုင်းပြည်အတွင်း ဒေါ်လာကန့်သတ်တာ ၊ဒေါ်လာကို အတင်းအကြပ်မြန်မာငွေကျပ်နဲ့ လဲလှယ်စေမှုအပြင် ပြည်ပပို့ကုန်သွင်းကုန် လိုင်စင်ဆိုင်ရာ ကန့်သတ်မှုတွေ နဲ့ ဖြေလျော့ပေးမှုတွေကို ရုပ်သိမ်းတာ စတာတွေက မြန်မာ့စီးပွားရေးအတွက် မရေမရာဖြစ်စေတယ်လို့ဆိုပါတယ်။
“ မြန်မာနိုင်ငံအနေနဲ့ မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျုံ့မှုနဲ့ ရင်ဆိုင်ခဲ့ရာပြီး ဒီနှစ်မှာလည်း စီးပွားရေးဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက်လက်ရှိနေတဲ့အတွက် အခြားနိုင်ငံတွေနဲ့ယှဉ်မယ်ဆိုရင် စီးပွားရေးပြန်လည်နလံထူမှုမှာ များစွာနောက်ကျနေတယ်” လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ ၊လာအို ၊ကမ္ဘောဒီးယား ကိုယ်စားလှယ် မာရီယန်ရှာမန် ကဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေပြီး လွန်ခဲ့တဲ့မတ်လက CPI ငွေကြေးဖောင်းပွမှု ၁၇.၃ ရာခိုင်နှုန်းရှိနေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီချမှတ်လုပ်ဆောင်နေတဲ့ မူဝါဒေတွေ ကန့်သတ်ချက် ၊ ဖြေလျော့ထားမှုတွေကို ရုတ်သိမ်းချက်တွေက စီးပွားရေးတိုးတက်မှုတွေအတွက် ကာလရှည်ကြာစွာ ထိခိုက်နိုင်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။
ကမ္ဘာ့ဘဏ်က ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မြန်မာ့စီးပွားရေးက -၁၈ ရာခိုင်နှုန်း ထိရောက်ရှိမယ်လို့ခန့်မှန်းထားပြီး ဒီနှစ်ကုန်မှာ စီးပွားရေး ၃ ရာခိုင်နှုန်းသာ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။