မြှားတစ်စင်းလို အရှိန်ဟုန်နှင့် စီးဆင်းလာသည့် နမ့်ချိုင်းတောင်း(ခေါ်) ချင်းတွင်းမြစ် တစ်စင်းဟာ တောင်အထပ်ထပ် တောအလီလီကို ဖြတ်ပြီးစီးဆင်းနေပါတယ်။ ချင်းတွင်းမြစ်စီးဆင်းရာ အထက်ပိုင်းဒေသမှာ ရှမ်းတို့ရဲ့ သမိုင်းဒဏ္ဍာရီမှာဖော်ပြထားတဲ့ လူကနေ ကျားအသွင်ပြောင်းနိုင်တဲ့ ထမံသီဒေသလည်းရှိပါတယ်။ ထမံသီလို့ ပြောရင် ထမံကျား နောက်ပိုင်း သမန်းကျား ဆိုပြီး မြန်မာစာပေတွေမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ထမံသီဒေသဟာ ရှမ်းနီ အကြောင်းပြောရင် မပါမဖြစ်တဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်သလို သမိုင်းကြောင်းဟာလည်း ရှမ်းနီစဝ်ဖှတွေတည်ခဲ့တဲ့ မြို့ရွာတွေနဲ့ ဆက်စပ်လျက်ရှိနေပါတယ်။ ထမံသီအကြောင်းကိုပြောရင် အင်းတော်ကြီးဒေသက သမိုင်းကြောင်းနဲ့လည်း ပတ်သက်ဆက်နွယ်မှုတွေရှိပါတယ်။ ထမံသီဒေသက ဟုမ္မလင်းမြို့နယ်ထဲပါဝင်သည်ဆိုသော်ငြားလည်း ရှေးကျတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ထမံသီဒေသမှာ ရှေးကျတဲ့ ပုံပြင်ဇာတ်လမ်းတွေအပြင် တန်ဖိုးဖြတ်မရတဲ့ တောတောင်ရေမြေတွေပိုင်ဆိုင်ထားတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။
ထမံသီဒေသကို ၁၉၇၄ ခုနှစ်မှာ ဘေးမဲ့တောအဖြစ် ထိန်းသိမ်းဖို့ သတ်မှတ်ခံရပါတယ်။ ကမ္ဘာပေါ်မှာ ကျား တွေရှိတဲ့နိုင်ငံဟာ ၁၃ နိုင်ငံပဲရှိတော့တဲ့ထဲ မြန်မာနိုင်ငံကလည်း တစ်နိုင်ငံ အပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာမှ ကျားတွေကျက်စားနိုင်တဲ့ တောတွေဟာ ဟူးကောင်းချိုင့်ဝှမ်း ၊ တနင်္သာရီတောင်တန်းဒေသ နဲ့ ထမံသီဘေးမဲ့တော စတဲ့ နေရာသုံးခုမှာသာ ရှိတော့ပါတယ်။ ထမံသီဘေးမဲ့တောမှာ ကျားမျိုးစိတ်တွေအပြင် တခြား နို့တိုက်သတ္တဝါ (၃၈) မျိုးကျက်စားကြတာလည်းဖြစ်ပါတယ်။ ကျား၊ ကျားသစ်၊ အင်းကျား၊ ဟိမတန္တာဝက်ဝံ ၊ အာရှဆင်၊ တောဝက် ၊ မျောက်မြှီးရှည် ၊ ချေ(ဂျီ) ၊ ဆတ် ၊ ပြောင် တွေအပါအဝင် အခြားသတ္တဝါတွေများစွာရှိနေပါတယ်။ ဒါ့အပြင် ငှက်မျိုးစိတ်ပေါင်း ၂၆၆ မျိုးရှိနေတယ်လို့ ထမံသီဘေးမဲ့တော စာရင်းဇယားတွေအရ သိရပါတယ်။
ထမံသီဘေးမဲ့တောဘယ်လိုယိုယွင်းနေလဲ
ထမံသီဘေးမဲ့တောက မြန်မာနိုင်ငံမှာ တတိယအကြီးဆုံးသော ဘေးမဲ့တောတစ်ခုဖြစ်ပြီး ဟာဧရိယာအားဖြင့် ၅၃၁၄၅၆ ဧက ( ၂၁၅၀.၇၃ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပါတယ်။ ဘေးမဲ့တောတည်ရှိနေမှုဟာ ဟုမ္မလင်းမြို့နယ် နဲ့ ခန္တီးမြို့နယ်နှစ်ခုအတွင်းဖြစ်ပြီး ထမံသီကျေးရွာအပါအဝင် ကျေးရွာ ၁၉ ရွာပါဝင်ပါတယ်။ ဘေးမဲ့တောကို နမ့်ဖီးလင်းချောင်း၊ နမ့်အီးဇူးချောင်း၊ နမ့်ပုဂွန်ချောင်း ၊ နမ့်ရမ်းရင်ချောင်းတို့က ဖြတ်စီးပြီး ချင်းတွင်းမြစ်ထဲကို စီးဝင်သွားပါတယ်။ ။ ဒီချောင်းတွေထဲ နမ့်ဖီးလင်းချောင်းဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ရွှေတူးဖော်မှုတွေ အများအပြားရှိလာခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ အခုနိုင်ငံရေးအခြေအနေလည်းသိပ်မကောင်းဘူးဆိုတော့ ရွှေမျှောတွေတော့ရှိလာတယ်ပြောတယ်။ အဲ့တာဆိုတော့ အခုလောလောဆယ်က ထိန်းတဲ့သူကလည်း သိပ်မထိန်းနိုင်ကြဘူးဖြစ်နေတယ်။ အဲ့လိုမျိုးတွေတော့ရှိတာပေါ့နော့်။ နမ်ဖီးလင်းချောင်းဘက်မှာ ရွှေမျှောတွေလည်းရှိလာတယ်။ နမ်ဖီလင်းချောင်းဆိုတာ ထမံသီဘေးမဲ့တောရဲ့ ဟိုးထိပ်ဆုံးမှာရှိတဲ့ချောင်းပေါ့၊ အဲ့ချောင်းမှာက ပယင်းတွေကော ပြီးလို့ရင်တော့ ရွှေတွေလည်းထွက်တာပေါ့” လို့ ဒေသခံ ရှမ်းနီလူငယ်တစ်ဦးက ပြောပြပါတယ်။
ကြည်လင်အေးစိမ့်နေတဲ့ နမ့်ဖီးလင်းချောင်းအတွင်း ရွှေတူးဖော်မှုတွေကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထဲမှာ ရေကြောင်းပိတ် မှုတွေနဲ့ ရေနှောက်မှုတွေဖြစ်လာခဲ့တယ်လို့ နမ်ဖီးလင်းချောင်းထဲသွားခဲ့တဲ့ ခန္တီးဒေသခံတစ်ဦးကပြောပြပါတယ်။ ရွှေမျှောတူးဖော်တဲ့နေရာမှာလည်း ဒေသခံတွေထက် တစ်နယ်တစ်ကျေးလာရောက်တဲ့ လုပ်ငန်းရှင်ကြီးတွေက အင်နဲ့အားနဲ့ တူးဖော်မှုတွေပြုလုပ် နေကြတာလည်းဖြစ်ပါတယ်။ ဒီလိုတူးဖော်မှုတွေဟာ ထမံသီဘေးမဲ့တောကို တစ်စတစ်စ ဖျက်ဆီးနေသလို ပျက်စီးစေတဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် နမ်ဖီးလင်းချောင်းအတွင်း ရွှေမျှောတူးဖော်သူတွေအတွက် ရိက္ခာလိုအပ်မှုတွေကြောင့် ထမံသီဘေးမဲ့တောအတွင်းမှာ ရှိတဲ့ သားကောင်တွေကို မုဆိုးလိုက်ပြီး သတ်ဖြတ်စားသောက်မှုတွေရှိတယ်လို့ သစ်တောထိန်းသိမ်းရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ဒီလို အမဲလိုက်သတ်ဖြတ်စားသောက်မှုတွေကြောင့် ဘေးမဲ့တောအတွင်း နေသတ္တဝါတွေရှားပါးမှုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေရှိနေကြပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေအပြင် ချောင်းထဲက ငါးတွေကိုလည်း သမားရိုကျနည်းလမ်းနဲ့ ဖမ်းယူနေကြတာမဟုတ်ဘဲ ရှော့တိုက်ပြီးဖမ်းယူမှုတွေရှိလာနေတယ်လို့ သိရပါတယ်။ ထမံသီဘေးမဲ့တောရဲ့ တောင်ဘက်အဆုံးမှာရှိတဲ့ မှော်ရုံမြိုင်ချောင်း နမ့်ပုဂွန်ချောင််းထဲမှာ ငါးရှော့တိုက်ဖမ်းယူမှုတွေလည်းရှိနေပါတယ်။
“အရင်တုန်းကဆိုရင်တော့ငှက်ထဲကရေဗလုံငှက်ဆိုရင်အခုနောက်ပိုင်းမတွေ့တော့ဘူး။မျိုးသုဉ်းဖို့အလားအလာရှိတယ်ပေါ့လေ။နောက်ပြီးတော့မှတောဘဲမန်ဒါလီလည်းအမဲလိုက်တဲ့လူတွေကများလာတော့နည်းသွားတာပေါ့လေတောထဲမှာတအားပျက်စီးတာတော့မုဆိုးတွေအမဲလိုက်တာပေါ့။ထောင်ချောက်အများကြီးထောင်ထားပြီးသူတို့ကမလိုက်နိုင်ဘူး အကောင်တွေကသွားမိထားပြီးပုတ်လို့ဆွေးလို့ပေါ့၊အဓိကတော့မုဆိုးထောင်ချောက်ထောင်ထားတဲ့ဟာက တောရိုင်းတိရိစ္ဆာန်တွေကိုခြိမ်းခြောက်တာကတော့ အဲ့တာပါ့ ” လို့ထမံသီဒေသခံရှမ်းနီလူငယ်တစ်ဦးကပြောပြပါတယ်။
ထမံသီဘေးမဲ့တောကို ရေရှည်တည်တံ့ဖို့အတွက် စိန်ခေါ်ချက် (၃) ခုရှိနေပါတယ်။ ထမံသီဘေးမဲ့တော အောက်ပိုင်း ဒေသက သစ်ထုတ်လုပ်မှု ၊ ရွှေတူးဖော်မှု နဲ့ အမဲလိုက်ခြင်းတွေပဲဖြစ်ပါတယ်။ဒီသုံးချက်ထဲက ရွှေတူးဖော်တာနဲ့ အမဲလိုက်တာက ဆက်စပ်နေပါတယ်။ ထမံသီဘေးမဲ့တောရဲ့ တန်ဖိုးထားရာဖြစ်တဲ့ ကျားမျိုးစိတ်တည်တံ့ရေးဟာလည်း ရွှေတူးဖော်မှုနဲ့ တိုက်ရိုက်ပတ်သက်ဆက်နွယ်နေပါတယ်။ ရွှေတူးဖော်မှုဟာ သစ်တောကို ထိခိုက်လာမှာဖြစ်ပြီး သစ်တောအတွင်းအမှီပြုနေတဲ့ တောကောင်တွေကို တိုက်ရိုက်ထိခိုက်လာမှာဖြစ်ပါတယ်။ ထမံသီဘေးမဲ့တောအတွင်းမှာ ကျက်စားနေတဲ့ ကျားတွေဟာလည်း ရှမ်းလူမျိုးတို့ရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်သလို တန်းဖိုးထားထိန်းသိမ်းရမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ထမံသီဘေးမဲ့တောဟာ ချင်းတွင်းမြစ်ရဲ့ခံတပ်တစ်ခုလည်းဖြစ်ပါတယ်။ ဘေးမဲ့တောပျက်စီးသွားရင် ချင်းတွင်းမြစ်ဘေး နေထိုင်ကြသူတွေဟာ ရေကြီးရေလျှံမှုတွေ ၊ ရာသီဥတုဖောက်ပြန်မှု ၊ စိုက်ပျိုးမြေနဲ့ သီးနှံတွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာနိုင်တာလည်းဖြစ်ပါတယ်။ ဒီလိုအကျိုးဆက်တွေဟာ ရှမ်းနီဒေသတစ်ခုလုံးပျက်စီးမယ့်အရေးတစ်ခုလည်းဖြစ်ပါတယ်။
“ အခုလောလောဆယ်ကတော့ဒေသခံတွေကဦးစားပေးပြီးတော့မှ ထမံဘေးမဲ့တောကိုဝိုင်းပြီးမှထိန်းပေးရင်ကောင်းတယ်။ ဒီဒေသမှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေလည်းမပျက်စီးအောင်ထိန်းသိမ်းပေးကြဖို့လိုအပ်တာပေါ့” လို့ရှမ်းနီဒေသခံတစ်ဦးကပြောပါတယ်။
၁၉၇၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ထမံသီဘေးမဲ့တောဟာလွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကမှ စနစ်တကျထိန်းသိမ်းမှုနဲ့ တောအတွင်း တရားမဝင်လုပ်ငန်းအားလုံးမရှိသလောက်ထိန်းသိမ်းလာနိုင်ခဲ့ပါတယ်။ အစိုးရနဲ့ နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဝိုင်းဝန်းပူးပေါင်းပြီး ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဘေးမဲ့တောအတွင်းထိန်းသိမ်းရေးလုပ်ငန်းတွေဆုတ်ယုတ်လာခဲ့ပါတယ်။ ဒီအတောအတွင်းကို ရှမ်းနီအမျိုးသားများ တပ်မတော် SNA က ထမံသီဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ရှမ်းနီအသံနဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
“ ထမံသီဘေးမဲ့တောဧရိယာအတွင်းမှာရွှေလုပ်ငန်းပဲဖြစ်ပါစေ၊သစ်လုပ်ငန်းပဲဖြစ်ပါစေသစ်တောနဲ့ပတ်သက်တဲ့သစ်လုပ်ငန်းပဲဖြစ်ပါစေလုံးဝပိတ်ပင်တားမြစ်ထားပါတယ်။ဒီနေရာတွေကိုကျွန်တော်တို့တွေအနေနဲ့ထိခိုက်ခံလို့မရဘူး” လို့ SNA ပြောခွင့်ရဗိုလ်မှူးကြီးစိုင်းအောင်မိန်းကပြောပါတယ်။
ထမံသီဘေးမဲ့တော ကိုအာဆီယံံအဝန်းအဝိုင်းအတွက် အမွေအနှစ်တစ်ခုအဖြစ် ၂၀၁၉ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒီလိုအမွေအနှစ်တစ်ခုဖြစ်လာတဲ့အခါ ဒေသခံတွေအပြင် တခြားသော ဒေသကပါဝိုင်းဝန်းပြီးထိန်းသိမ်းကြရမှာဖြစ်ပါတယ်။ တောပြုန်း တောင်ပြုန်း ပျက်သုဉ်းသုည ကိုမရောက်အောင် ရှမ်းနီတိုင်းရင်းသားတွေက အဓိက ဝိုင်းဝန်းထိမ်းသိမ်းသွားရမယ့် တာဝန်တစ်ရပ်လည်းရှိနေပါတယ်။ ရေကြည်အေးစိမ့်တဲ့ ချောင်းရေ၊ အမြဲစိမ်းစိုနေတဲ့ တောတောင်တွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေဟာ လူသားတွေပြန်လည် ထိန်းသိမ်းစောင့်ရှောက်ကြရမယ့် တာဝန်တစ်ရပ်လည်းရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။