ရက်လုပ်သူနည်းလာတဲ့မိုးညှင်းမြို့က  ရှမ်းနီရိုးရာဝါးခမောက် 

ဆောင်းဦးဝင်စ မြူနှင်းတွေအုံ့ဆိုင်းမှိုင်းလို့နေပါတယ်။ 

မိုးညှင်းမြို့ကိုလည်း မြူနှင်းတို့ ရစ်သိုင်းဖုံးအုပ်စပြုလာပါတော့တယ်။ မိုးညှင်းမြို့သည်ကား ရှမ်းနီတိုင်းရင်းသားတို့ ၏ ဘူမိနက်သန်ဒေသတစ်ခုဖြစ်ပြီး သမိုင်း ယဉ်ကျေးမှုတို့ ထွန်းကားခဲ့ ထင်ပေါ်ခဲ့သလို လက်ရှိတိုင်လည်း ယဉ်ကျေးမှုတွေကျန်ရစ်နေသေးတဲ့ မြို့တစ်ခုဖြစ်ပါတယ်။ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ရိုးရာအစားအစာ၊ ဝတ်စားဆင်ယင်မှု၊ လက်မှုပညာ၊ အနုပညာတွေထဲကမှ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ ရိုးရာခမောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ 

ရှမ်းနီတိုင်းရင်းသားတွေဟာ ခမောက်ကို နွေ၊မိုး၊ ဆောင်း ဥတုရာသီမရွေးအသုံးပြုကြပါတယ်။ ခမောက်မှာလည်း ပုံစံမျိုးစုံရှိပါတယ်။  ရုံးခမောက်၊ ဝါးပတ်ခမောက် ဆိုပြီး သဘာဝကပေးတဲ့ပစ္စည်းနဲ့ ချုပ်လုပ်ကြပါတယ်။ မိုးညှင်းမြို့ ရန်ကင်းရပ်ကွက်က ဝါးပတ်ခမောက်ကို အဓိကပြုလုပ်တဲ့နေရာဖြစ်ပါတယ်။ မိသားစု အိမ်တွင်းလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်အသက်မွေးကြတာလည်းဖြစ်ပါတယ်။ ရိုးရာဝါးပတ်ခမောက်နဲ့ပဲ တစ်ရပ်ကွက်လုံးက မိသားစုစားဝတ်နေရေးကိုဖြေရှင်းနေကြတာလို့ လုပ်ကိုင်နေသူ တစ်ဦးကပြောပြပါတယ်။

“ မိသားစုလုပ်ငန်းဆိုပေမယ့် ဟိုလိုကြီးအဆင်ပြေတာမဟုတ်ပါဘူး။ ငွေရေးကြေးရေးအကူအညီတော့လိုတာပေါ့၊ စားဝတ်နေရေးပြေလည်လားဆိုတော့ပြေလည်ပါတယ်။ မပေးကမ်းနိုင်ပါဘူး” လို့ သူကပြောပါတယ်။ 

မိသားစုတစ်စုကို တစ်နှစ်ပျှမ်းမျှဝါးခမောက် အချပ်ရေသုံးထောင်ကျော်ရပ်လုပ်ကြပါတယ်။ ဝါးခမောက်ကိုမြန်မာနိုင်ငံအထက်ပိုင်းဒေသ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ဗန်းမော်စတဲ့ ဒေသတွေတွေမှာ အများဆုံးအသုံးပြုကြပါတယ်။ ဝါးပတ်ခမောက်ကို မိုးတွင်းကာလကောက်စိုက်ပျိုးချိန်မှာ အဓိကထားအသုံးပြုကြပါတယ်။ ဒါ့ကြောင့်လည်း ဝါးပတ်ခမောက်ပြုလုပ်သူတွေက မိုးတွင်းအချိန်ကာလမှာ ရောင်းအားကောင်းကြပြီး ဆောင်းတွင်းကာလမှာ ကုန်ကြမ်းတွေကို ရှာဖွေစုဆောင်းကြရတာလည်းဖြစ်ပါတယ်။ 

“ ကုန်ကြမ်းတော့လည်း ဒီလိုမရဘူး၊ ခက်ခက်ခဲခဲရှာရတာ၊ ဒီမှာတောင်ရှာလို့မရဘူး၊ မြစ်ကြီးနားတောထဲဘက်မှာသွားရှာရတာ” လို့ ရန်ကင်းရပ်ကွက်မှာ ဒေါ်ဝင်းကြည်က ဆိုပါတယ်။ 

ကုန်ကြမ်းတွေကိုလည်း ခက်ခက်ခဲခဲ ရှာဖွေကြရတာဖြစ်တယ်လို့လည်းဆိုကြပါတယ်။ ဝါးပတ်ခမောက်အတွက် ကုန်ကြမ်းတွေကို မြစ်ကြီးနား၊ ဝိုင်းမောဒေသက တောတွေထဲမှာ ရှာဖွေကာ မိုးညှင်းမြို့သို့သယ်ဆောင်လာကြရပါတယ်။ မိုးညှင်းမြို့နဲ့ မြစ်ကြီးနားမြို့က မိုင်တစ်ရာကျော်သာရှိပေမယ့် ရှာဖွေသူတွေအတွက် စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်နေပါတယ်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းကတည်းက ဝါးဖတ်တွေသွားရှာရမှာ ပိုသတိပြုလာခဲ့ကြရတယ်လို့ဆိုပါတယ်။ 

“တောတောင်ထဲမှာ အန်ဒီတို့ကိုယ်တိုင်သွားကောက်ရတာ၊ တောထဲမှာပဲရှိတာလေ၊ တောင်ခြေမှာသွားကောက်ရတယ်။ ဒီမြေပြန့်မှာကမရှိဘူး။ တောင်ကြီးကအမြင့်ကြီးလေ၊ကိုယ်တိုင်တက်၊ကောက်ရတာ၊။ တိုက်ပွဲဖြစ်တာတွေနဲ့တော့ကြုံတယ်။ လှမ်းတော့လှမ်းတာပေါ့၊ဒါပေမယ့်အန္တရာယ် ကိုတော့ကြိုရှောင်ရတယ်” လို့ သူက ဆက်ပြောပြပါတယ်။

ဝါးပတ်ခမောက်တစ်ခုမှာ ဝါးဖတ်၊ သေးတံ၊ ချည်၊ ပျားဖယောင်း စတာတွေပါဝင်ပါတယ်။ ဝါးခမောက်ပြုလုပ်ရာမှာ ပထမဆုံးပုံစံလောင်းရပါတယ်။ ပုံစံလောင်းပြီးရင်သေးတံကိုချည်နဲ့ချုပ်ရပါတယ်။ ခမောက်ထိပ်ပိုင်းထိပ်စုကို သတ္တုပြားသေးသေးလေးနဲ့ ညှပ်စနဲ့ တွဲချုပ်ပါတယ်။ ခမောက်ဘေးသားကိုလည်း ဝါးခွေနဲ့ညှပ်ချုပ်ရပါတယ်။ ဒီအဆင့်တွေပြီးရင် ခမောက်တစ်ခုတစ်ရရှိပါပြီ။ ခမောက်မှာလည်း ယောက်ကျာ်းလေးနဲ့ မိန်းကလေးအတွက်ဆိုပြီး နစ်မျိုးရှိနေပါတယ်။ ယောက်ကျာ်းလေးတွေက ခမောက်ခပ်မြင့်မြင့်ကိုကြိုက်နှစ်သက်ကြပြီး အမျိုးသမတီးတွေက အတွင်းပိုင်းသိပ်မနက်နဲ့ ခမောက်ကို နှစ်သက်ကြပါတယ်။ ရှမ်းနီဝါးခမောက်တွေကို ရှမ်းနီဒေသတိုင်းနီးပါးမှာတွေ့မြင်နေရပြီး အမှတ်အသားလဏ္ခာတစ်ခုည်းဖြစ်ပါတယ်။ 

ဒီလိုဝါးခမောက်တွေက အခုအခါမှာ ချုပ်လုပ်သူတွေလျော့နည်းလာခဲ့ပါပြီ။  မိုးညှင်းမြို့အနေနဲ့ ရန်ကင်းတစ်ရပ်ကွက်တည်းသာ ပြုလုပ်နေပါတယ်။ ဒီခမောက်ရက်လုပ်တဲ့ လုပ်ငန်းတွေရေရှည်တည်တံ့ဖို့အတွက်လည်း စဉ်းစားသင့်ပါတယ်။ မိုးညှင်းမြို့မှာ ဝါးခမောက်ကို ရန်ကင်း ၊ ရုံးခမောက်ကို အရှေ့စု၊ တံမြက်စည်းကို မိုးဒါးစု စတဲ့ ရက်ကွက်တွေက ထုတ်လုပ်နေကြပါတယ်။ ဒီခမောက်တွေထုတ်လုပ်မှုတွေလျော့ကျမှုတွေကို တွေ့မြင်နေရတဲ့တွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လာပါတယ်။ 

ရှမ်းနီတိုင်းရင်းသားတို့ရဲ့ လက်မှုပညာတွေက တချို့က ဒီနေ့တိုင်အသုံးပြုနေကြသေးသလို တချို့ကလည်းပပျောက်နေပါပြီ။ ဒီလိုပပျောက်နေတဲ့လက်မှုပညာတွေ ဖော်ထုတ်ဖို့ နဲ့ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့က ရှမ်းနီတိုင်းရင်းသားတို့မှာ တာဝန်အပြည့်ရှိနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *