နေခြည်ဖျာလို့ မိုးလင်းလာရင် လယ်ကွင်းကျယ်ကျယ်မြင်ကွင်းတွေအစား သစ်လွင်တောက်ပနေတဲ့ အထပ်မြင့်တိုက်တွေသာ မြင်တွေ့နေရပါတယ်။ကျေးလက်ဒေသက ကျေးငှက်သံတွေအစား မော်တော်ကားသံတွေသာ နားထဲဝင်ရောက်နေပါတယ်။ အရင်ကထိတွေ့ခဲ့တဲ့ အာရုံခြောက်ပါးလုံးဟာ အတိတ်က ပုံရိပ်တစ်ခုလိုပဲကျန်ရစ်နေပါတော့တယ်။
သန့်သန့်ပြန့်ပြန့်လေးဝတ်ပြီး လုပ်ငန်းခွင်ထဲကို အရောက်သွားဖို့ ရထားတစ်ခါ ကားတစ်လှည့်စီးပြီး ပြေးလွှားသွားနေကြတဲ့ လူငယ်တွေကြားထဲက ရှမ်းနီလူငယ် စိုင်းအောင်ဟာလည်း တစ်ဦးပါဝင်ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ကျောင်းမတက်ရေးလုပ်ရှားမှုမှာ သူပါဝင်ခဲ့ပါတယ်။ သူဟာ တက္ကသိုလ်နောက်ဆုံးနှစ်တက်ရောက်နေပြီး အချိန်အားဖြင့် လပိုင်းသာတက်ပြီး စီးပွားရေးဘွဲ့တစ်ခုရရှိမှာလည်းဖြစ်ပါတယ်။ ငါးနှစ်တာတက်လာခဲ့တဲ့တက္ကသိုလ်ကို စွန့်လွတ်ပြီး နိုင်ငံရပ်ခြားထွက်ပြီး ဝန်ထမ်းလုပ်ပြီး ဘဝတစ်ခုကို ပြန်လည်စတင်နေတာလည်းဖြစ်ပါတယ်။
“ မြန်မာမှာဆို ကျနော်နောက်ဆုံးနှစ် တစ်ဖြတ်ပဲကျန် ဘွဲ့မရသေးတာ၊ အနည်းဆုံးတော့ စိတ်မဆင်းရဲရဘူးပေါ့ဗျာ ကြီးလန့်စားစားနေနေရတာထက်စာရင်ပေါ့၊ ပြီးတော့ ဒီမှာက အခွင့်အလမ်းပိုများတာပေါ့ ပိုက်ဆံပိုရှာနိုင်တယ်ဗျ ” လို့ ကိုစိုင်းအောင်က ပြောပြပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအပေါ်နိုင်ငံတကာက ဆက်ဆံကြတဲ့ ပုံစံတွေကပြောင်းလဲသွားခဲ့ပါတယ်။
မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ် Passport ဟာ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၉၈ ရှိခဲ့ပြီး အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာ အဆင့် ၁၇၇ သို့ ရောက်ရှိသွားခဲ့ပါတယ်။ နိုင်ငံခြားမှာ ဒီလို Passport ကိုင်ထားကြသူတွေကို နိမ်ကြတာတွေလည်းကြုံတွေ့ရတယ်လို့ သူက ပြောပြပါတယ်။
“ တော်တော်များများကတော့ အခုမြန်မာအခြေအနေနဲ့ နိမ်ချင်ကြတယ် PP(Passport) အနီကိုင်တဲ့သူတွေဆို ထိုင်းဆိုပိုဆီုး ကျနော်ကစလုံးမို့တော်သေးတယ်” လို့ သူက ဆက်ပြောပြပါတယ်။
နိုင်ငံခြားရပ်ခြားမှာ ဘာသာစကား အခက်အခဲ ၊ နေထိုင်လာခဲ့တဲ့ ပတ်ဝန်းကျင် နဲ့ ကျင့်သားမရမှုတွေက ရှိနေပြီး လူတကာနှင့် ပေါင်းသင်းဆက်ဆံတတ်အောင် သင်ယူရ၊ ပြောဆိုလေ့လာမှုတွေဟာ နေ့စဉ်မပြတ်လုပ်ဆောင်နေရတယ်လို့ သူကပြောပြပါတယ်။ သူ့လိုပဲ တခြားသော နိုင်ငံရပ်ခြားကို ပြောင်းရွေ့နေထိုင် အလုပ်လုပ်ကိုင်ကြသူတွေဟာ ပထမဦးဆုံး ဘာသာစကားအခက်အခဲနှင့်ကြုံတွေ့ရပြီး လေ့လာသင်ယူခြင်းတွေက တစ်နှစ်ကျော်နှစ်နှစ်နီးပါးကြာမြင့်တယ်လို့ဆိုကြပါတယ်။ မြန်မာပြည်ဘက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် စိန်ခေါ်မှုတွေက ကြီးကြီးမားမားရှိနေတယ်ဆိုပေမယ့် အဓိကအားဖြင့် စိုးရိမ်ကြောင့်ကြမှုတွေမဖြစ်ပေါ်ဘူးလို့ သူကပြောပြပါတယ်။
“ အဓိကအနေနဲ့ ကွာဟမှုကတော့ ကြီးလန့်စာစားမနေရတော့ဘူးပေါ့ဗျာ ၊ ရန်ကုန်မှာ တခါတလေ မှတ်တိုင်မှာရပ်နေရင်တောင်မအလကားတွေဖြတ်လာရင် ငါ့များလာဖမ်းမှာလား ဘာညာနဲ့ စစ်ဆေးနေတာတွေ စိတ်ညစ်နေကြရတယ်” လို့ စိုင်းအောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရပ်ခြားကို တရားဝင်လမ်းကြောင်း၊ တရားမဝင်လမ်းကြောင်း စတဲ့နည်းမျိုးစုံနဲ့ တစ်လကို လူဦးရေ လေးသောင်း ထွက်ခွာနေကြတယ်လို့ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)ရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်မှာ အစီရင်ခံစာမှာပြောဆိုထားပါတယ်။ သူတို့အဖွဲ့ရဲ့တွက်ချက် ထုတ်ပြန်မှုတွေအရ တစ်နှစ်ကျော်အတွင်းမှာ မြန်မာလူဦးရေ ခုနှစ်သိန်းကျော်ဟာ တိုင်းပြည်ကနေ ထွက်ခွာနေတယ်လို့ မှတ်ယူနိုင်ပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကို ရှမ်း ၊ ရှမ်းနီလူငယ်တွေ အပါအဝင် အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ် နှင့် လူလတ်ပိုင်းတွေက သွားရောက်အလုပ်လုပ်ဖို့ ပုံစံမျိုးစုံနဲ့ ထွက်ခွာသွားနေကြပါတယ်။
“ နိုင်ငံခြားကိုထွက်တဲ့နေရာမှာတော့ ထိုင်းကိုပိုများပါတယ်။ နောက်မှ မလေးတို့၊ မကာအိုတို့အထိပျံ့နှံ့ပြီးသွားကြတယ်။ အများအားဖြင့်တော့ အလုပ်ကတော့ စုံတယ်။ လူဦးရေကို ရာခိုင်နှုန်းနဲ့ပြောရရင် ဒီကလူငယ်တွေခပ်များများ ၈၀ ရာခိုင်နှုန်းလောက်ကျော်ကျော်လောက်တောင်ရှိမယ်ထင်တယ်သွားကြတာ။ ကျောင်းနေရင်းတန်းလန်းကို သွားကြတာလည်းရှိတယ်။ ကျောင်းမနေဘဲနဲ့သွားကြတာလည်းရှိပါတယ်” လို့ မြစ်ကြီးနားမြို့နယ်က ရှမ်းနီရပ်မိရပ်ဖတစ်ဦးက ပြောပြပါတယ်။
မြန်မာနိုင်ငံပြန်လည်ကောင်းမွန်လာဖို့ မှုန်ရီဝိုးတဝါးရှိနေသေးတဲ့အချိန်မှာ နိုင်ငံရပ်ခြားမှာအလုပ်လုပ်ကိုင်နေသူတွေအတွက် အနိမ်ခံတစ်ခုဖြစ်လာမယ်ဆိုတာ မလွဲမသွေဖြစ်ပါတယ်။ လုပ်အားခခေါင်းပုံဖြတ်ခံရတာ၊ အလုပ်ချိန်ပိုဆင်းပေးရတာ စတဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးအပြည့်အဝမရရှိသူတွေကလည်း နေ့စဉ်နှင့်အမျှကြားသိနေရတဲ့ ဖြစ်ရပ်တွေဖြစ်ပါတယ်။
“ မိုးညှင်းမြို့မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက ဘာမှမရှိဘူးလေ။ ဘာလို့လဲဆိုတော့ သူများဖုန်းဆိုင်တွေမှာအလုပ်လုပ်ရင် တစ်သိန်းခွဲနှစ်သိန်းပဲရတာဆိုတော့ သုံးဖို့ စုဖို့မလောက်ဘူးလေ၊ တက္ကသိုလ်ကလည်းမတက်ချင်တတော့ဘူး၊ နိုင်ငံရေးကလည်းရှုပ်ထွေးနေတော့၊ နိုင်ငံခြားထွက်ဖို့ပဲစဉ်းစားတယ်။ အခုလည်းတရုတ်စာသင်နေတာ့ သွားဖြစ်ဖို့ကလည်း တရုတ်ပြည်ဘက်ပဲပေါ့” လို့ မိုးညှင်းမြို့က စိုင်းခွန်မိန်းက ပြောပြပါတယ်။
ပြည်တွင်းမှာ မတည်မငြိမ်မှု ၊ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် နိုင်ငံခြားကိုထွက်ပြီးပြင်ဆင်နေကြတဲ့ ရှမ်းနီလူငယ်တွေများစွာကလည်းရှိနေပါတယ်။
လူငယ်တွေအများစုဟာ ဘဝမျှော်လင့်ချက်တွေထက် ဘဝအဆင်ပြေရေးသာကြည့်ပြီး ဘယ်အချိန်မှာ ဒီမြေကနေ ထွက်ခွာရမယ်ဆိုတာ နေ့စဉ်ပြင်ဆင်နေကြဆဲဖြစ်ပါတယ်။