ဇွန် ၂၈ ၊ ရွှေကူ
ဗန်းမော်ခရိုင် ရွှေကူမြို့ပေါ်သို့ ကျေးရွာများမှ ကျောင်းသွားရောက်နေသူများဟာ KPDF ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျေးရွာကျောင်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မဖြစ်မနေရွေ့ပြောင်းပြီး ကျောင်းထားနေရတယ်လို့ ကျောင်းသားမိဘတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
“ အေးမြို့ပေါ်မှာ ကျောင်းထားတဲ့သူ တွေအကုန်ခေါ်ပြန်ခဲ့ရ တယ်။ မြို့ပေါ်မှာကျောင်းထားရင် ဒလန် လို့သူတို့ကပြောသွားတယ် ။ ကျောင်းသားဦးရေကများတယ် ဒီဘက် က ဟိုဘက်ကမ်းကဆိုတော့ မနည်းဘူးလေ မြို့ထဲမှာတောင်ကျောင်းမဆန့်တာကို ကျောင်းသားဦးရေကများ တယ် တစ်ထောင်ကျော်မှာပ အဲ့ဒါတွေအကုန်လုံးခေါ်ပြန်ခိုင်းတာသူတို့ကိုသူတို့ကျောင်းမှာသင်ရမှာပါ့အေး” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပြပါတယ်။
မြို့ပေါ်ကျောင်းထားသူတဲ့သူတွေကို ဒလန်လို့ သတ်မှတ်မှာဖြစ်တဲ့အကြောင်း အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး ပြောဆိုခဲ့တာကြောင့် ကျောင်းသူ/သားမိဘတွေကို ကျေးလက်ကျောင်းကို ပြန်ပြောင်းရွေ့ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ရွှေကူ KPDF အဖွဲ့က ရွှေကူမြို့ပေါ်ရှိ စာသင်ကျောင်းမှာ သင်ကြားနေတဲ့ ကျောင်းသား/သူတွေရဲ့မိဘတချို့ကို ကြိမ်ဖြင့် ရိုက်နက်မှုများ ၊ ငွေဒဏ်သတ်မှတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
KPDF ထိန်းချုပ်ထားတဲ့ ကျေးရွာအုပ်စုတွေက ကျောင်းတွေမှာ အလယ်တန်းအဆင့်အောင်မြင်ပြီးသူ၊ အထက်တန်းအဆင့် အောင်မြင်ပြီးထားသူများကို ဆရာ/မအဖြစ် ပြန်ခန့်ထားပြီး သူတို့ရဲ့ လုပ်ခအတွက် ကျောင်းသားမိဘတွေက ရံပုံငွေထည့်ဝင်ပြီး ပေးနေရတာဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
“ ရှစ် တန်း ဆယ်တန်း သမားတွေခေါ်ပြီးမှစာသင်ခိုင်းတာပါ့အေး ဆရာမလစာကိုတော့ ကျောင်းသားမိဘတွေပေးရတာပ၊ သူတို့ပိုက်ဆံဘာလာပေးမှာလဲပ ပထမတုန်းကသူပိုက်ဆံနဲ့ ဖွင့်မလိုလိုဘာလိုလိုနဲ့အခုကျတော့ကျောင်းသားမိဘတွေပေးရတာပအေး မြို့ပေါ်ကဟာတွေလဲ့ အကုန်လုံးခေါ်ပြန်ခဲ့ရတာပ” လို့ နောက်ထပ်ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။
သင်ရိုးညွှန်းတမ်းအနေနဲ့လည်း ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းကို အသုံးပြုသင်ကြားနေတာဖြစ်ပေမယ့် တစ်နှစ်ကို နှစ်တန်းတက်ခွင့်ရမှာဖြစ်ပြီး ၆ လတစ်ဖြတ် စာမေးပွဲရှိတယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ်အတွင်းမှ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်းမှာ ကျောင်းသားကျောင်းသူ စုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော် ပညာရေးဝန်ကြီးဌာနက အောက်က ကျောင်းတွေမှာ ပညာသင်ကြားခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။