၂ဝ၂ဝ ရွေးကောက်ပွဲကြီးလည်း အောင်မြင်စွာကျင်းပပြီးစီးသွားခဲ့ပါပြီ ။ ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်များကတော့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ အများဆုံးအပြတ်အသတ်အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ်အပြင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအားလုံးနီးပါးကိုပါ အနိုင်ရရှိခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ တိုင်းရင်းသားရေးရာဝန်ကြီး (၂၉) ဦးရှိပါတယ်။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးကတော့ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကချင်ပြည်နယ် နဲ့ မန္တလေးတိုင်းဒေသကြီး စတဲ့ ဒေသတွေမှာ တစ်ဦးစီရရှိကြပါတယ်။ အခုတစ်ကြိမ် ရွေးကောက်ပွဲမှ ဝန်ကြီး (၃) ဦးစလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဖြစ်ပါတယ်။ ယခင် ၂ဝ၁၅ ရွေးကောက်ပွဲကနေ စစ်ကိုင်းတိုင်းဒေသကြီးက ရှမ်းနီ(တိုင်းလိုင်) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကနေ ရှမ်းရေးရာဝန်ကြီးတစ်ဦးအနိုင်ရရှိခဲ့ပါတယ် ။ ယခုတော့ တစ်ပါတီတည်းက သုံးနေရာလုံးအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။
၂ဝ၂၁ တစ်ခုနှစ် ဖြစ်လာမယ့် အစိုးရသစ်အခင်းအကျင်းမှာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတွေ ဘယ်လိုလုပ်ငန်းတွေကို အကောင်အထည်ဖော်မယ်၊ လုပ်ဆောင်ကြမယ်ဆိုတာ စိတ်ဝင်စရားကောင်းလှပါတယ်။ ဒေသတိုင်းမှာ ပြဿနာများက စောင့်ကြိုနေသည်မှာလည်း အမှန်ပင်ဖြစ်ပါတယ်။ လက်ရှိတာဝန်ယူနေသည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးသုံးဦးမှာလည်း လာမယ့် အစိုးရသစ်မှာ နှစ်ဦးက ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေက ရှမ်းရေးရာဝန်ကြီးတို့ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွက်ကတော့ လက်ရှိတိုင်းဒေသကြီးလွှတ်တော်မှာ တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌတာဝန် ယူထားသည့် သူက ဝန်ကြီးဖြစ်လာမှာဖြစ်ပါတယ်။ အတွေ့အကြုံရှိသူတွေဟု အကြမ်းအားဖြင့် ဆိုနိုင်ပါတယ်။
လက်ရှိရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများကိုလည်း မသိသူကလည်း ဒုနှင့်ဒေးရှိသည်။ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီးကို ဒေသခံများကရှုမြင်ထားသည်က ၎င်းတို့၏ အခက်အခဲ ၊ ပြဿနာများ နှင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ပေးမည့်သူများဟု မြင်နေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ထိုကဲ့သို့ ရေးဆွဲပြဌာန်းထားသည်။ ဒါပေမယ့်လည်း ၎င်းတို့ရဲ့ အတိတ်က လုပ်ငန်းတွေကို အနည်းငယ် ဝေဖန်လိုပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဘတ်ဂျက်ရေးဆွဲမှုမတူညီ တဲ့အတွက် တိုင်းရင်းသားရေးရာအတွက် ပေးတဲ့သုံးစွဲတဲ့ ငွေကြေးတွေကလည်း မတူညီကြပေ။ ပျှမ်းမျှအားဖြင့် တစ်နှစ် သိန်း (၈ဝဝ) ဟု ဆိုနိုင်ပေသည်။ ယခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွက် သိန်း (၁၆ဝဝ) ကျပ်ရှိသည်ဟု ဆိုသည် ။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နှစ်ဦး ရှိသည် ။ ထို့ကြောင့် လူမျိုးစုတစ်စုတွင် သိန်း (၈ဝဝ) ကျပ်ရရှိသည်ဟု တွေ့နိင်သည် ။ သို့သော်လည်း မည်သို့အကောင်အထည်ဖော်ကြသည်ကိုတော့ မသိရှိသူက များစွာရှိနေကြသည်။ ဘတ်ဂျက်ထဲမှ ပထမ ပြုလုပ်ကြသည့်မှာ ပွဲလမ်းသဘင်ကိစ္စရပ်ဖြစ်သည် ။အစိုးရက ဒေသတစ်ခုကို ငွေကြေးထောက်ပံ့ပေးပြီး တိုင်းလုံးဆိုင်ရာ ၊ ပြည်နယ်လုံးဆိုင်ရာ စသည်တို့ကို ကျင်းပကြသည်။ ဒုတိယအနေဖြင့် စာပေရေးရာကိစ္စရပ်များဖြစ်သည်။ ဆရာဖြစ်သင်တန်းများ ၊ သင်တန်းဆင်းပွဲများ နှင့် စာပေ ရေးရာကိစ္စရပ်များကို ငွေကြေးအနည်းငယ်ပံ့ပိုးမှုပြုလုပ်သည်ကိုတွေ့ရသည်။ ထို့နောက် အခမ်းအနားများကို လိုက်တက်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ တွေ့ဆုံပွဲအရပ်ရပ် နှင့် အစိုးရက ပြုလုပ်သည့် အခမ်းအနားများ ၊ ပွဲလမ်းသဘင်အရပ်ရပ်များ ကို လိုက်တက်ရခြင်းပင်ဖြစ်သည်။ အဓိကအားဖြင့် အရေးကြီးသည့် ရှမ်းတိုင်းရင်း သားတို့၏ လိုလားချက် ၊ခံစားချက်များ ၊ ပြဿနာများက တဖြည်းဖြည်း ဆုတ်လျော့မေ့လျော့လာသည်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကို ၂ဝ၁၅ ခုနှစ်ကတည်းက ပြဌာန်းထားပြီး နည်းဥပဒေကို ၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ ထိုဥပဒေမှာ တိုင်းရင်းသားရေးရာဝန်ကြီးများ၏ လုပ်ငန်းများကို ရေးဆွဲထည့်သွင်းထားသည်။ သို့သော်လည်း အသုံးပြုခြင်း မပြုခြင်းတော့ သေချာစွာမပြောတတ်ပေ။ စစ်ကိုင်းတိုင်းဒေသကြီး လက်ရှိ ရှမ်းရေးရာဝန်ကြီးဖြစ်သည့် ဒေါ်နန်းမွှေးမွှေးခင်နှင့် ရှမ်းနီအသံဂျာနယ်တို့၏ တွေ့ဆုံမေးမြန်းခန်းတွင် အသက်ဝင်မှုအားနည်းသည်ဟုဆိုသည့်အပြင် ဥပဒေကိုကိုင်စွဲအသုံးပြုမှုလည်း သိပ်မရှိကြောင်း ၎င်းကဆိုထားသည်။ ထို့အဖြေကိုတော့ တက်လာမည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအပြင် တခြား သောတိုင်းရင်းသားရေးရာဝန်ကြီးများကလည်း အဖြေရှာသင့်ပါတယ်။ အများပြောဆိုနေကြသည့် “ ဟန်ပြ” ဝန်ကြီးအဆင့်ထက် ကျော်ရန်လိုအပ်ပါတယ်။
တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပေဒအရ တိုင်းရင်းသားတို့၏ သမိုင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခွင့်များပါဝင်သည် ။ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးရရှိသည့် နယ်မြေသုံးခုလုံးတွင် ရှမ်းတိုင်းရင်းသားတို့၏ သမိုင်းကြောင်းများ ၊ အမွေအနှစ်များ တည်ရှိနေတဲ့ နယ်မြေတွေပဲဖြစ်ပါတယ်။ ရှမ်း ပဒေသရာဇ်များ ၊ စော်ဘွားများ အုပ်ချုပ်ခဲ့ကြသည့် နယ်မြေများလည်းဖြစ်သည်။ သို့သော်လည်း ထိုနယ်မြေများနှင့်ပတ်သက်ပြီး ထိန်းသိမ်းမှုအားနည်းမှုတွေကြောင့် တစတစပျက်ဆီးယိုယွင်းမှုများရှိလာပါတယ်။ ဝန်ကြီးနှစ်ဆက် စလုံးတွင်လည်း ထိုကိစ္စရပ်ကို လုပ်ဆောင်သည်ဟု မကြားမိ ၊မမြင်မိပေ။ လာမယ့် အခင်းအကျင်းအသစ်မှာတော့ ဒီကိစ္စက လုပ်ဆောင်သင့်တဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ရှိနေပါတယ်။ တက်လာမယ့် ဝန်ကြီးတွေက ဒီကိစ္စရပ်ကို သတိချပ်မိကြလိမ့်မယ်လို့လည်း ယူဆမိပါတယ် ။ စာပေယဉ်ကျေး မှုတိုးတက်ဖို့အတွက်လည်း ဒေသခံ ရှမ်းတိုင်းရင်းသားများနှင့်ပူးပေါင်းပြီး အင်တိုက်အားတိုက်လုပ်ဆောင်မှုတစ်ရပ်ဖြစ်လာဖို့လည်း လိုအပ်လာပါတယ်။ စာပေပျံ့ပွားရေး ၊ တိမ်ကောမှုမရှိစေရေး နှင့် ယဉ်ကျေးမှုမြင့်တင်ရေးလုပ်ငန်းများကို စာပေယဉ်ကျေးမှုကော်မတီများ ၊ပညာရှင်များ၏ အသံများကိုလည်း မကြာခဏဆိုသလို ဆွေးနွေးတိုင်ပင်ပြီး ဆောင်ရွက်သင့်ပါတယ်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ရရှိသည့် နေရာသုံးခုထဲမှ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် တွင် ရှမ်းနီတိုင်းရင်းသားမျိုးနွယ်စုတို့အဓိကနေထိုင်ကြတာဖြစ်ပါတယ်။ တိမ်ကောနေတဲ့ ဝိဒေသလက္ခဏာတွေ တွေကို ပြန်လည်ဖော်ထုတ်နိုင်ပေးမှုတွေ၊ စီမံကိန်းတွေကြောင့် ပျက်စီးရတဲ့ လယ်ယာမြေကိစ္စရပ်တွေကို ကာကွယ်ပေးရမယ့် တာဝန်တွေက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဆီမှာ တာဝန်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ထောက်ခံဆန္ဒမဲ ပေးခဲ့သူများ ၊ မပေးခဲ့သူများ စသည်တို့ကိုမခွဲခြားပဲ ၎င်းတို့၏ အရေးအရာကိစ္စရပ်များကို တာဝန်ယူပြီး (၅) နှစ်တာကာလမှာ စောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ရှေ့ကနေ မားမားမတ်မတ် နဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့အပြင် မြှင့်တင်ရေးလုပ်ငန်းတွေကိုလည်း ညှိနှိုင်းဆောင်ရွက် ကြရမယ်ဖြစ်ပါတယ်။ ဒီလိုတွေကာကွယ်ပေးလာနိုင်မှ တိုင်းရင်းသားတွေလိုချင်နေတဲ့ ဟန်ပြ မတဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။
ဖြေရှင်းရမယ့် ပုစ္ဆာများများစားစားမရှိလှပါဘူး ။ စာပေပျံ့နှံ့ထွန်းကားရေး ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရေးလုပ်ငန်းများ နှင့် သမိုင်းအမွေအနှစ်များကို သုတေသနပြုထိန်းသိမ်းကာကွယ်ရင်း တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဥပဒေက ပေးထားချက်တွေကို အပြည့်အဝယူသုံးပြီး နောက်ကျနေသည့် ရှမ်းနီ ၊ ရှမ်းတိုင်းရင်းသားများကို ကာကွယ်မြင့်တင်ပေးဖို့သည်သာ အဓိကဖြစ်ပါတယ်။
ကွမ်းခေးလျှန်း ရေးသားသည် ။