ရှမ်းတောင်တန်းပေါ်က မော်တော်ဆိုင်ကယ်ခရီးသွား

နွေဦးမှာ ရော်ရွက်တဖြုတ်ဖြုတ်နှင့် ကြွေနေပေသည်။ ရိုးတံကျဲကျဲများကသာ ပင်ပေါ်မှာရှိနေသည်။ လေရှူးဝှေ့နေရင်း နေ့ပူပြီးညချမ်းနေသေးသည်။ ကောင်းကင်သည်လည်း ကြည်လင်ပြီး ပတ်ဝန်းကျင်တွင်ကား မြူမှိုင်းထနေသည်။ ဤသည်ကား နွေဦး၏ လက္ခဏာများပင်။ 

နွေဦးကာလမှ ရှမ်းတောင်တန်းတွေဆီ ခရီးဆန့်ဖို့အကြောင်းရှိလာခဲ့သည်။ ခရီးစဉ်ကိုလည်းမော်တော်ဆိုင်ကယ်ဖြင့် သွားဖို့ပဲဆုံးဖြတ်ခဲ့ကြသည်။ ကီလိုမီတာ ခြောက်ရာကျော်ခရီးကို မော်တော် ဆိုင်ကယ်ဖြင့် အသွားအပြန် ခရီးနှင်ခဲ့သည်။ ၂၀၁၆ ခုနှစ်ထုတ် စီဇက်အိုင်(တရုတ်) ဆိုင်ကယ်နှင့် အထုပ်နှစ်ထုပ် လူနှစ်ယောက် မတ်လ (၁၂) ရက်နေ့တွင်ခရီးစတင်ခဲ့သည်။ မိုင်အားဖြင့်သိပ်မဝေးဟု မှန်းဆနိုင်ပေမယ့်လည်း လမ်းပိုင်းတွင် တစ်ညအိပ်ရကြရသည်။ ဆိုင်ကယ်သည် တစ်ရက်မျှ ကီလိုမီတာ ၁၅၀ ကျော်သာမောင်းနှင်နိုင်သည်။ သွားမည့်ခရီးက မိုးညှင်းမှ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်ဆိုသည့် တောင်သိန္နီဖြစ်သည်။ နွေဦးမို့ ရာသီဥတုလည်း သိပ်မပူပြင်းသေးပေ။ မိုးညှင်းမြို့မှ အင်းတော်မြို့ထိ ကတ္တရာလမ်းတစ်လှည့် ကွန်ကရစ်လမ်းတစ်သွယ်ဖြင့် လမ်းခရီးကောင်းမွန်နေပေ သည်။ အင်းတော်မြို့လွန်ပြီး ထီးချိုင့်မြို့နယ်ထဲရောက်လျှင် ရာသီဥတုက ပိုပူပြင်းလာခဲ့သည်။ ထီးချိုင့် မှ သုံးနာရီကျော်မောင်းနင်ပြီး သမိုင်းဝင်ရှေးဟောင်းမြို့တစ်ခုဖြစ်တဲ့ မိုးမိတ်မြို့ကို နေညိုညိုမှာရောက် ရှိလာသည်။ မိုးမိတ်မှ ၂၈ မိုင်ကွာဝေးတဲ့ မိုးကုတ်မြို့မှာ ညအိပ်နားခဲ့ကြသည်။ မိုးညှင်းမှ မိုးမိတ်ထိ တောက်လျှောက်မောင်းနင်ခဲ့ရသည်မှာ မြေပြန့်များသာဖြစ်သည်။ မိုးမိတ်မှ မိုးကုတ်သို့ တောင်တက် လမ်းခရီးများပင်ဖြစ်သည်။ ကွေ့ကောက်တောင်တက်လမ်းများပေါ်မောင်းနင်ရင်း ချမ်းစိမ့်စိမ့်ဖြစ်လာခဲ့ သည်။ ဘေးပတ်ဝန်းကျင်တောင်တန်းများကလည်း စိမ်းလဲ့လဲ့နှင့် မြူနှင်းမသဲကွဲသေးပေ။ လျှပ်စစ်မီး ထွန်းနေသည့်အချိန်တွင် မိုးကုတ်မြို့ကိုရောက်ရှိခဲ့သည်။ မိုးကုတ်မြို့တွင် ညအိပ်နားပြီးမှ ခရီးပြန်ဆက် ကြမည်ဖြစ်သည်။ နောက်တစ်ရင်လည်း မိုးကုတ်မြို့၏ ကျော်ကြားသည့်နာမည်ကြီးသည့်နေရာများကို မှတ်တမ်းတင်ဖြစ်ရင်း တစ်ညထပ်အိပ်ခဲ့ကြသည်။ မတ်လ(၁၄)ရက်နေ့မှ ခရီးကိုပြန်စတင်ခဲ့ကြသည်။ 

ရွှေဖီချိန်လက်ဖက်တောတန်းကိုဖြတ်သန်းခြင်း

နံနက်စောစောခရီးဆက်ဖို့ပြင်ဆင်ကြသည်။ တိုဖူးနွေးနွေးကို ရှမ်းခေါက်ဆွဲဖြင့်ရောလွေးပြီးထွက်လာခဲ့သည်။ မြို့မှထွက်ပြီးကတည်းက တောင်တက်လမ်းများ တောင်ဆင်းလမ်းများဖြင့်ခရီးကို ဖြေးဖြေးသာ မောင်းနင်နေရသည်။ ၂၈ မိုင်ကျော်မောင်းနှင်ပြီး မိုင်းလုံမြို့ ( ရှမ်းအခေါ် မိန်းလုံ – မြို့ကြီးဟု အဓိပ္ပါယ်ရသည်) ကိုရောက်ရှိခဲ့သည်။ ဖွံ့ဖြိုးနေသည့် မြို့တစ်ခုတော့မဟုတ်သေးပေ။ မြို့ဧရိယာအနည်းကျဉ်းသာရှိသည်။ လယ်ယာစိုက်ပျိုးရေး ၊ လက်ဖက်စိုက်ပျိုးရေး နှင့် ရွှေတူးဖော်ခြင်းလုပ်ငန်း ကိုအဓိကထား လုပ်ကိုင်ကြသည်။ မိုင်းလုံမြို့မှ ထွက်သွားပြီးလျှင် တောက်လျှောက်တောင်တက်လမ်း များသာဖြစ်တော့သည်။ တချို့သော နေရာများတွင် တံတားများပြုပြင်လျက်ရှိနေသည်။ မိုင်းလုံမှ တောင်တက်လမ်းများတစ်လျှောက်တွင် လက်ဖက်စိုက်ထားသည့် တောင်တန်းများကို မြင်ရသည်။မြင့် မားသည့် တောင်တန်းများအပေါ် စိုက်ပျိုးထားကြသည်.။ မိုင် (၂၀)တိတိမောင်းနင်ပြီးလျှင် ပန်စံရွာ ရောက်ခဲ့သည်။ ထိုရွာသည် တောင်ထိပ်တွင်ရှိနေသည့်ကျေးရွာတစ်ခုလည်းဖြစ်သည်။ ထိုရွာမှ စပြီး တောင်တန်းပေါ်ခရီးစတင်နင်ရတော့သည်။ တောင်တန်းပေါ်ဖောက်လုပ်ထားသည့် လမ်းလည်းဖြစ် သည်။ လက်ဖက်စိုက်ခင်းများလည်း မျက်စိတစ်ဆုံးပင်ဖြစ်သည်။ ရွှေဖီချိန်ဖြစ်နေသောကြောင့် လက် ဖက်ညွှန့်လည်းဝေနေသည်။ တောပန်းများလည်း နီပြာဖြူဝါရောင်စုံ ဖူးပွင့်နေကြသည်။ တောင်တန်းပေါ် ဆောက်ထားသည့် ကျေးရွာများကလည်း ချစ်စရာပင် ။ လှမ်းကြည့်လိုက်လျှင့်အနီးမှာဟုထင်ရ သော်လည်း သွားရသည့် လမ်းကအတော်ပင်အလှမ်းဝေးသည်။ တစ်ရွာပြီးတစ်ရွာကျော်ဖြတ်ရင်း လက်ဖက် တောင်တန်းများကလည်း အနောက်မှာ ကျန်ရစ်နေခဲ့သည်။ တစ်ချိန်က ထိုလမ်းများသည် မိုးတွင်းတွင် သွားလာရအလွန်ခက်ခဲ့ပြီး ယခုနှစ်ပိုင်းမှသာ သွားလာရလွယ်ကူခဲ့သည်။ လက်ဖက် တောင်တန်းများလွန်ခဲ့ပြီးလျှင် တောင်အောက်သို့တဖြည်းဖြည်းဆင်းလာခဲ့သည်။ မကြာမီပင်လျှင် ကျောက်မဲမြို့ကိုလှမ်းမြင်ခဲ့ရသည်။ ကျောက်မဲမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှိသည့်မြေပြန့် မြို့တစ်ခုလည်းဖြစ်သည်။ ဘေးပတ်လည် တောင်များဝန်းရံကာထားသည်။ တစ်ချိန်က ကုန်သွယ်ရေး စခန်းတစ်ခုလည်းဖြစ်ခဲ့သည်။ မြန်မာပြည်မမှ ရှမ်းပြည်သို့ လာရောက်ရောင်းဝယ်ဖောက်ကားခဲ့သည့် နေရာလည်းဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၆၀ ခုနှစ်အထိ ကျောက်မဲဆိုသည့် မြို့ဟူ၍ မရှိသေးပေ။  ရှမ်းဘာသာအား ဖြင့် မဟိန်လမ်  (ကျောက်တုံးမည်းများတည်ရှိရာနေရာ)ကို ခုတ်ထွင်ရှင်းလင်းပြီးရွာတည်ခဲ့ကြသည်။ ထို နေရာတွင် ရှိသည့်ဈေးကို ကပ်မဟိန်လမ် ဟုခေါ်ကြသည်.။ ၁၂၆၄ ခုနှစ်မှ သီပေါစော်ဘွားက မြို့ကိုပိန္နက်ရိုက်ပေးခဲ့သည်။ ထိုအချိန်မှ စပြီး ကပ်မဟိန်လမ်ကို မြန်မာဘာသာပြန်ပြီး ကျောက်မဲ ဟုသာခေါ်ဆိုခဲ့ကြသည်။ ကျောက်မည်းမြို့တည်ကာ ဖွံ့ဖြိုးနေသည့် မြို့တစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန်သွယ်ရေးလမ်းပေါ်တည်ရှိနေသည့် မြို့တစ်ခုလည်းဖြစ်နေ သည်။ လမ်းများကလည်းကျယ်ပြီး အဖုအထစ်မရှိသလောက်ပင်ဖြစ်သည်။ ကျောက်မဲတွင်ရှိသည့် ဇေ ယျသိန္ဒိနှီးဘုရားဝင်ဖူးပြီး သီပေါသို့ ပြန်လည်ထွက်ခွာလာခဲ့သည်။ အာရှလမ်းမကြီးတွင်လည်း ၂၄ ဘီး ကုန်တင်ယာဉ်များက တစ်စီတစ်တန်းကြီးဖြစ်နေသည်။ ခရီးသည်တင်ကားလေးများလည်းမောင်းနှင် နေကြသည်။ ကျောက်မဲမှ (၂၈)မိုင်ဝေးသည့် သီပေါမြို့သည်လည်း သမိုင်းရာဇဝင်များနှင့် ရှေးဟောင်း မြို့တစ်ခုလည်းဖြစ်သည်။ မိနစ်အနည်းငယ်သာမောင်းနင်ရသည်။ သီပေါမရောက်ခင်တွင် ရွှေရောင် တောက်ပနေသည့် ဘော်ကြိုဘုရားကို လှမ်းမြင်ရသည်။ ပထမမြန်မာနိုင်ငံတော်သမိုင်းထဲက ဆက်စပ် မှုရှိနေသည့် နေရာလည်းဖြစ်သည်။ သီပေါမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ကို ဖြတ်ပြီး သီပေါမြို့ထဲကို ရောက်ခဲ့သည်။ ရှေးဟောင်းမြို့တစ်ခုလို့ မထင်ရလောက်အောင် တိုးတက်နေသည်။ မြို့တွင်းလမ်းက ခေတ်ကာလအရ ကျဉ်းလာခဲ့သည်။ သီပေါမြို့ကို ခေတ္တနားပြီး ခရီးပြန်ဆက်ခဲ့လိုက်သည်။ သီပေါမြို့ အထွက်တွင် သီပေါတံတားကို ဖြတ်ကူးရသည်။ နမ့်တူ လို့ရှမ်းလိုခေါ်သည့် ဒုဌဝတီမြစ်ပေါ်တည်ဆောက်ထားသည်။ ဒုဌဝတီမြစ်သည် ရုပ်ပြောင်းရုပ်လွဲအမည်အမျိုးမျိုးဖြင့် စီးဆင်းလျက်ရှိနေသည်။ မြစ်ရေသည်က ကြည်လင်ပြီးတည်ငြိမ်သည် ။ မြစ်ရဲ့ငြိမ့်ညောင်းသံစဉ်ကိုခံစားနိုင်သည်။ဒု

ဌဝတီမြစ်ဟု ရှမ်းပြည်တွင်ခေါ်ပြီး အမရပူရနယ်ထဲတွင်  မြစ်ငယ်မြစ်ဟုခေါ်ကာ ဧရာဝတီမြစ်ထဲသို့စီးဝင်သွားသည်။ သီပေါမှှ (၉)မိုင်ခန့်အလွန်တွင် လမ်းခွဲတစ်ခုရှိသည်။ ထိုလမ်းခွဲသည် ရှမ်းပြည်တောင် ပိုင်းနှင့် မြောက်ပိုင်းကို ဆက်သွယ်ထားသည့် လမ်းတစ်ခုလည်းဖြစ်သည်။ ထိုလမ်းအတိုင်းဝင်သွားပြီး ကျွန်းတောခင်းများကိုတွေ့ရသည်။ ရွာအမည်များဟာလည်း ရှမ်းအမည်များသီးသန့်ဖြစ်သည်။ ရှမ်းတိုင်းရင်းသားအများဆုံးနေထိုင်ပြီး တောင်ယာလုပ်ကိုင်စားသောက်ကြသည်။ လမ်းကအနည်းငယ် ကျဉ်းသည်။ တချို့သောနေရာတွင် ပြုပြင်မှုများပြုလုပ်ထားသောကြောင့် ဖုန်ငွေ့တထောင်းထောင်းဖြစ် နေသည်။ အင်တောကြီးများ ၊ ကျွန်းတောကြီးများဖြတ်သန်းပြီးရင် နံနက်စိုက်ခင်းများကိုတွေ့ရသည်။ ထိုနေရာများသည်ကား တစ်ချိန်က တိုက်ပွဲများဖြစ်ပွားခဲ့သည့်နယ်မြေတစ်ခုလည်းဖြစ်သည်။ ဒါပေ မယ့်လည်း လက်ရှိအချိန်မှာတော့ တည်ငြိမ်နေသည်။ တိုးတက်စပြုနေသည့် နယ်မြေတစ်ခုလည်း ဖြစ်လာသည်။ ပြောင်းစိုက်ခင်းများ ၊ နံနက်ခင်းများဖြင့် ကုန်သွယ်ရေးလည်းတိုးတက်လာခဲ့သည်။ လွန် ခဲ့သည့် နှစ်ပိုင်းများရောက်ဖူးသော်လည်း ယခုလောက်မတိုးတက်သေးချေ။ ကျေးရွာများကအစလမ်း များဆုံး တိုးတက်လာသည့်လက္ခဏာများကိုမြင်တွေ့ရသည်။ တောင်တောင်များကတော့ ပြောင်သ လောက်နီးပါးရှိနေသည်။ တောင်ကတုံးမျှသာဖြစ်နေတော့သည်။ အရင်တစ်ချိန်တုန်းကတော့ စိမ်းမြ သည့်သစ်တောများစွာဖြစ်နေလိမ့်မည် .အခုတော့ခြောက်သွေ့နေသည့် တောင်စဉ်အလိပ်လိပ်များသာ မြင်ခွင့်ရနေတော့သည်။ ဆောင်ကြဲဆိုသည် ဆိုသည့်ရွာတွင် လက်ဖက်များ စိုက်ပျိုးကြသည်။ ဆောင်ကြဲလက်ဖက်သည် နာမည်ကြီးသည့် လက်ဖက်လည်းဖြစ်သည်။ ရွှေဖီချိန်ဆောင်ကြဲလက်ဖက်အရသာ မှာ အထူးကောင်းမွန်သည်မှာ ငြင်းစရာမရှိပါ။ ဆောင်ကြဲကျော်ပြီး မိနစ်အနည်းငယ်အကြာတွင်ဆိုင်ကျော့ ( ကျောက်တန်ပတ္တမြား ဟု ရှမ်းလိုအဓိပ္ပါယ်) ကျေးရွာရောက်ခဲ့သည်။ ရှမ်းဟန်အပြည့်ရှိသည့် ရှေးဟောင်းဘုရားများကိန်းဝပ်ရာနေရာတစ်ခုလည်းဖြစ်သည်. ။ ဆိုင်ကယ်မောင်းနင်နေရင်း နေအရှိန် လည်းကျလာခဲ့ပြီ သွားလိုသည့် မိုင်းရယ်မြို့ကို လည်း ရောက်ခါနီးပြီသည်။ ( အခွင့်သင့်လျှင် မိုင်းရယ် မြို့သမိုင်းကို ပြန်လည်ရေးသားပေးပါမည် ) ။ ခရီးပြန်စကတည်းက လက်ဖက် ဝေတဲ့တောင်တန်းများတစ်လှည့် ကျွန်းပင်တန်းများတစ်ဖုံဖြတ်သန်းလာခဲ့ရသည်။ သမိုင်းအဆက် ဆက်၏မှ ယနေ့တိုင်ပြောင်းလဲလာမှုများကို တွေးမျှော်ရင်း ……. ။ 

Leave a Reply

Your email address will not be published.