ရှမ်းနီနှဲပညာရှင်ဦးစိုင်းတင်လှိုင်ကွယ်လွန် 

ဇွန် ၁၂ ၊ ခတ်ချို

ရှမ်းနီတူရိယာများထဲက နှဲပညာရှင်  ဦးစိုင်းတင်လှိုင်က ဇွန်လ ၁၁ ရက်နေ့ မနက် ၆ နာရီမှာ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ရွာမရှိ သူ့နေအိမ်တွင် ကွယ်လွန်သွားကြောင်း သူ့ဆွေမျိုးတွေဆီကနေ သိရပါတယ်။ 

“ ကျွန်တော်တို့ ရှမ်းနီအမျိုးသားရေးမှု ဒီတူရိယာပိုင်းမှာ ပေါ့နော် တေးဂီတမှာ သူတို့ ရှမ်းနီရဲ့ သီချင်းကို ပိုင်ပိုင်နိုင်နိုင် ပြီးတော့ တိကျမှန်ကန်အောင် ၊ နှဝင်ပျော်ဝင်ကောင်းအောင် တီးမှုတ်နိုင်တဲ့သူ မရှိသလောက်ပါပဲ ။ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။အင်မတန်မှ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပါတယ်” လို့ ခတ်ချိုကျေးရွာရှိ ရှမ်းနီစာပေသုတေသီ ဦးစိုင်းကျော်ဦးက ရှမ်းနီအသံကို ပြောပါတယ်။ 

ဦးစိုင်းတင်လှိုင်ဟာ ၁၉၇၂ ခုနှစ် မဆလခေတ်တွင် ရန်ကုန်မြို့တွင်  ပြုလုပ်သည့် ပြည်ထောင်စုနေ့အခမ်းအနားပွဲကို ရှမ်းနီယဉ်ကျေးမှုအဖွဲ့ပဲ ပါဝင်ဖျော်ဖြေခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ 

ဒါ့ပြင် ၁၉၉၂ ခုနှစ်တွင်  ခတ်ချိုကျေးရွာ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှာ ပါဝင်ပြီး နှဲတူရိယာကို တီးမှုတ်သူအဖြစ် ပါဝင်ပြီး နိုင်ငံတော်အဆင့် ပြည်ထောင်စုပွဲတွေမှာ ပါဝင်ဖျော်ဖြေခဲ့သူတစ်ဦးလည်းကြောင်း သိရှိရပါတယ်။ 

“ အမျိုးသားရေးအတွက် အမတေခေတ်ကတည်းက ၁၉၇၂ ခုနှစ်ကတည်းက ပါဝင်ပြီးတော့မှ ဆောင်ရွက်ခဲ့တယ်လေ ဒီယဉ်ကျေးမှုကိစ္စတွေကိုလေ။ မင်းသားဘဝပေါ့လေ ရန်ကုန်မှာသွားကကတည်းက ။ ရှမ်းနီအမျိုးသားယဉ်ကျေးမှုအနေနဲ့ သွားကတဲ့အခါ သူက မင်းသားအနေနဲ့ပါတယ်။ သူ့အဖေကနှဲမှုတ်တယ်။ နောက် ၉၂ ခု ကျွန်တော်တို့ခေတ်မှာလည်း နှဲဆရာအနေနဲ့ ပါသွားတယ်။ အမျိုးသားရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ပေါ့လေဗျာ။” လို့ ဦးစိုင်းကျော်ဦးက ဆက်ပြောပါတယ်။ 

သူဟာ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP ပါတီမှာ နာယကအဖြစ် ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ 

၂၀၁၀-၂၀၂၀ အထိ မြန်မာနိုင်ငံတဝှမ်းကျင်းပတဲ့ ရှမ်းနှစ်သစ်ကူးပွဲများ၊ ရှမ်းနီနှစ်သစ်ကောက်ဦးဆွမ်းကပ်ပွဲတော်များမှာ ပါဝင်ဖျော်ဖြေခဲ့သူလည်းဖြစ်ပါတယ်။ 

ဦးစိုင်းတင်လှိုင်ဟာ  ဆန်စက်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ရွှေမင်းသမီးဆန်စက် ၊ ငါးမွေးမြူရေးလုပ်ငန်းများ၊ လယ်ယာလုပ်ငန်းများကို ကွယ်လွန်သည်အထိ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *