ရှမ်းနီတိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို များသောအားဖြင့်လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်ကတွေ့ ရသည်မှာ ထဘီအထက်ဆင်ကို အနီရောင်တပ်ဝတ်ဆင်ခြင်းပင်။ တနည်းအားဖြင့် “ ဟိုမေနိုင်း” လို့လည်းခေါ်ကြပါတယ်။ ရှမ်းနီဒေသက သက်ကြီးရွယ်အိုများ ပြန်ပြောပြသည့် သူတို့ငယ်စဉ်က ဝတ်စားဆင်ယင်မှုတွေဟာ အမျိုးသမီး ထဘီတွေမှာ ထပ်ဆင့်အနီရောင်ခပ်ကြီးကြီးနဲ့ ချုပ်ပြီးဝတ်ဆင်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။ ဒီလိုအထည်တွေကိုလည်း လက်ရက်ကန်းတွေနဲ့ ကိုယ်တိုင်ရက်လုပ်ဝတ်ဆင်ခဲ့ကြခြင်းလည်းဖြစ်ပါတယ်။
“ ၁ ပြား ၂ ပြားခေတ်တုန်းကဆိုတော့ အဘွားတို့လည်းမမှီခဲ့ဘူထိန်း သိမ်းလွန်းလို့သာအခုမြင်တွေ့ နေရတာ” ဟု ကက်သာကျေးရွာက ရက်ကန်းလုပ်ကိုင်နေသူ ဒေါ်ထွေးကပြောပြပါတယ်။
၁၉၆၀ ကာလမှာ တော်လှန်ရေးကောင်စီက ပုဂ္ဂလိကပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်အဖြစ်သိမ်းဆည်းချိန်မှာ ဟုမ္မလင်းမြို့ တစ်ဖက်ကမ်းရှိ ရက်ကန်းလုပ်ငန်းနဲ့ စည်ကားတဲ့ ကတ်သာကျေးရွာက ရက်ကန်းလုပ်ငန်းတွေလည်း ပြည်သူပိုင်အဖြစ်သိမ်းခံရကာ နိဂုံးချုပ်လုဖြစ်သွားခဲ့ပါတယ်။ ရက်ကန်းလုပ်ငန်း ကိုလုပ်ကိုင်နေသည့်တစ်ရွာလုံး သည်လည်းကြုံရာကျဘမ်းလုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကြောင်းပြုလာခဲ့ကြရတယ်လို့ဆိုပါတယ်။ ပြည်သူပိုင်သိမ်းပြီးနောက်ရက်ကန်းလုပ်ငန်း၏အဓိကဖြစ်သည့်ချည်များ လည်းရှားပါးလာပါတယ်။ တစ်ချိန်က ဟုမ္မလင်းမြို့ဆိုင်တိုင်းနီးပါးမှာ ချည်များကိုရောင်းဝယ်ကြ သော်လည်းပြည်သူပိုင်သိမ်းပြီး နောက်ရောင်းဝယ်မှုမရှိသလောက်ဖြစ်သွားခဲ့ပါတယ်။ ထိုချည်အခက်အခဲများက တစ်ကြောင်းလမ်းပန်းဆက်သွယ်ရေးအခက်အခဲများကတစ်ကြောင်းဖြစ်ယခုကတ်သာကျေးရွာမှာ ရက်ကန်းလုပ်ငန်းရက်လုပ်သည့် အိမ်ဟူ၍သုံးအိမ်ခန့်သာကျန်ရှိပါတော့တယ်။ “ဟိုမေနိုင်း” ထဘီ ကိုလည်း နမူနာယူပြီး ပုံစံများအတိုင်း ဒီဇိုင်းမျိုးစုံထွင်ပြီးရက်လုပ်လာကြပေမယ့် တွင်ကျယ်မှုတွေ မရှိခဲ့ဘူးလို့ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်း ဟိုမေးနိုင်းထဘီတွေဟာလည်း ပျောက်ကွယ်လုနီးပါးဖြစ်သွားခဲ့ပါတယ်။ ရှမ်းနီဒေသဖြစ်တဲ့ ဗန်းမောက် ၊ ပင်လည်ဘူးမြို့နယ်တွေမှာလည်း ရက်ကန်းရက်လုပ်မှုတွေဟာ ဟိုးယခင်ကတည်းက ရှိခဲ့ပေမယ့် တွင်တွင်ကျယ်ကျယ်အသုံး ပြုနိုင်ခဲ့ခြင်းမရှိကြပေ။ တစ်ပိုင်တစ်နိုင် တစ်ရွာတစ်ကျေးအတွက်သာ ရက်လုပ်ပြီး ဝတ်ဆင်ကြတာလည်းဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ၊ ချည်ရရှိနိုင်မှုအခက်အခဲတွေကြောင့် အဝတ်အစားတွေအစား တခြားသော အသုံးအဆောင်ပစ္စည်းတွေကိုသာ ရက်လုပ်လာခဲ့ကြရတာလို့ ဒေသခံတွေကဆိုကြပါတယ်။ ဒီလုပ်ငန်းတွေဟာနောက်ထပ်တစ်ဆင့်မတက်လှမ်းနိုင်ပဲ နောက်ပြန်ဆုတ်ခဲ့ကြရတာလည်းဖြစ်ပါတယ်။
ရှမ်းနီတိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုမှာ အမျိုးသားမှာ ပုဆိုး၊ ရင်ဖုံးတိုက်ပုံ နှင့်အမျိုးသမီးမှာ ကန့်လန့်စင်းအဆင် ထဘီနဲ့ ရင်ဖုံးအင်္ကျီတို့ကို ဝတ်ဆင်ကြပါတယ်။ ဒီလိုအဝတ်အစားတွေအတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်က ကိုယ်ပိုင်ရက်ကန်းတွေနဲ့ ချုပ်လုပ်ဝတ်ဆင်ခဲ့ ကြတာလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း ရှမ်းနီတိုင်းရင်းသားတွေအပေါ် ခေတ်အဆက်ဆက်က အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ရိုးရာယဉ်ကျေးမှုအဝတ်အစား ၊ စာပေတွေဟာ တိမ်ကောလာခဲ့ရပါတယ်။
“ ဘာလို့လဲဆိုတော့ ဖြစ်လာတဲ့အစိုးရပေါ်ပဲမူတည်တယ်လို့ပဲထင်တယ်။ စာပေယဉ်ကျေးမှုတွေက အဖျက်ဆီးခံခဲ့ရတာလေ။ တက်လာတဲ့အစိုးရကနေ ဖြစ်ပေါ်လာတာပေါ့။ ပျောက်ကွယ်သွားတာတွေက တစ်ဖက်က အစိုးရရယ် တစ်ဖက်က လူမျိုးကြီးဝါဒ အဲ့နှစ်ချက်ကြောင့်ပေါ့လေ။” လို့ ရိုးရာရက်ကန်းပညာလေ့လာနေသူ ရှမ်းနီလူငယ် စိုင်းအောင်သူရဟိန်းက ဆိုပါတယ်။
၂၀၁၀ ရွေးကောက်ပွဲပြီးလို့ တိုင်းပြည်တံခါးဖွင့်လာတဲ့အချိန်မှာ တိုင်းရင်းသားတွေအတွက် စာပေ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ဖော်ထုတ်ခွင့်အနည်းအကျဉ်းရလာခဲ့ပါတယ်။ ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့တွေ ပြန်လည်ပေါ်ပေါက်ရေးအတွက် နှိုးဆော်ခဲ့ကြပြီး ရှမ်းနီဝတ်စားဆင်ယင်မှုတွေကို ပြန်ဖော်ထုတ်ဝတ်ဆင်လာကြပါတယ်။ ရှမ်းနီအမျိုးသား အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုတွေအတွက်လည်း ပြန်လည်ဖော်ထုတ်ဖို့လာပါတယ်။ ရှမ်းနီအမျိုသား ပုဆိုးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျန်ရှိခဲ့တဲ့ ပုဆိုးကို နမူနာကိုယူပြီး ရက်ကန်းစက်ရုံတွေမှာသွားရောက် အပ်နှံပြီး ထုတ်လုပ်ဝတ်ဆင်ခဲ့ရပါတယ်။အမျိုးသမီးတွေရဲ့ ထဘီတွေလည်း ထိုနည်းတူပင်ဖြစ်ပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုတွေကို စိတ်တိုင်းကျ ရက်လုပ်နိုင်တဲ့ ရက်ကန်းဟူ၍လည်း အနည်းငယ်သာရှိပြီး ရွေးချယ်စရာမရှိသလောက်ပင်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းကာလတွေမှာ ရှမ်းနီ ပုဆိုးနဲ့ ထဘီတွေဟာ ရှမ်းနီလူမျိုးပိုင်တဲ့ ရက်ကန်းလုပ်ငန်းတွေဆီကနေ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ သို့ပေမယ့် အရေအတွက်နည်းပြီး တွင်ကျယ်မှုမရှိခဲ့ပါဘူး။ ဒီလိုဖြစ််တာကလည်း အားပေးမှုတွေအားနည်းတာကြောင့်လို့ ဆိုပါတယ်။ ဒေသတွင်းမှာလည်း Ready Made (အသင့်ချုပ်) ထားတဲ့ အထည်တွေကိုသာ ဝတ်ဆင်ကြပြီး ကိုယ့်ရဲ့ ယဉ်ကျေးမှု အဝတ်အစားဝတ်ဆင်သူတွေ နည်းပါးခြင်းကြောင့်လို့ဆိုကြပါတယ်။
“ လူကြီးပိုင်းတွေက အားနည်းတယ်လို့ပြောရမယ်။ ဒါကျတော့ လူငယ်တွေကကိုယ့်ရဲ့လူမျိုးတွေအပေါ် မှာ လူမျိုးရဲ့ တန်ဖိုးကိုသိပြီးတော့မှ လူမျိုးရဲ့ ယဉ်ကျေးမှုတွေကိုထိန်းသိမ်းထုတ်ဖော်ပြီးတော့မှ လူကြီးတွေက အနောက်ကနေ သူတို့ရဲ့ ဝေဖန်သုံးသပ်မှုတွေ Feedback ပြန်လာတယ်။” လို့ စိုင်းအောင်သူရဟိန်းက ဆက်ပြောပါတယ်။
ဝတ်စားဆင်ယင်မှုတိုးတက်ဖို့အတွက် အခြေခံက ရက်ကန်းလုပ်ငန်းဖြစ်ပါတယ်။ လက်မှု သာမက စက်မှုလုပ်ငန်းပါ တိုးတတ်ပါကူးပြောင်းတိုးတက်လာတဲ့ခေတ်တစ်ခုရောက်နေပြီဖြစ်ပါတယ်။ ကုန်ကြမ်းတွေ အပါအဝင် ဒီလုပ်ငန်းတွေပြန်ပေါ်လာဖို့အတွက် သင်တန်းကျောင်းတွေဟာလည်း လက်ရှိမှာ ပေါများလာပါတယ်။ အာဏာသိမ်းထားတဲ့ကာလမှာတော့ ကုန်ကြမ်းဟာ စျေးကြီးမြင့်နေပေမယ့် သင်တန်းကျောင်းတွေကတော့ အခမဲ့ နီးပါးဖြစ်ပါတယ်။ တိမ်ကောသွားတဲ့ ရှမ်းနီရက်ကန်းလုပ်ငန်းတွေ ပြန်လည်ဖော်ထုတ်နိုင်ဖို့အတွက် ရှမ်းနီစီးပွားရေးလုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီမှုတွေလည်း လိုအပ်သလို ရှမ်းနီစာပေယဉ်ကျေးမှုကော်မတီအသီးသီးရဲ့ မျှော်မှန်းလှမ်းမြင်မှုတွေလည်း လိုအပ်ပါတယ်။ သူတို့နှစ်စုနှစ်ဖွဲ့ကသာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းမယ်ဆိုရင် တိမ်ကောပပျောက်နေတဲ့ ရက်ကန်းလုပ်ငန်းတွေမက တခြားသော ပပျောက်နေတဲ့ ရိုးရာယဉ်ကျေးမှု တွေကိုလည်း ပြန်လည်ဖော်ထုတ်လာနိုင်မှာဖြစ်ပါတယ်။ ရှမ်းနီဝတ်စားဆင်ယင်မှုတွေအတွက် ရှမ်းနီရက်ကန်းလုပ်ငန်းတွေတိုးတက်လာဖို့ ကိုယ့်လူမျိုးအချင်းချင်း ပံ့ပိုးပေးကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ပါတယ်။
ခေးလျန်း – ရေးသားသည်။