ရှမ်းနီရိုးရာ အိမ်နတ်ယုံကြည်ခြင်းနှင့် ပူဇော်ပသခြင်း

ရှမ်း/ရှမ်းနီတို့၏ အိမ်နတ် ပူဇော်ပသမှုကို ဝါ၀င် ၊ ဝါထွက် တစ်နှစ်လျှင် ၂ကြိမ် ပြုလုပ် ပူဇော်ကြသည်။ နယ်ရှင်ပယ်ရှင် အရှင်ကြီးနတ်များ ပူဇော်ပသပြီးချိန်တွင် ပြုလုပ်ကြ‌လေ့ရှိသည်။   နတ်စင်ကို အကြင်လင်မယားတို့ အိပ်သည့် အိမ်ခန်း အိမ်ဦးတိုင်တွင် နတ်စင် ပြုလုပ်ရသည်။ ၎င်းနတ်စင်တွင်  ပူဇော်ပသခြင်း ပြုလုပ်ရသည်ကို ရိုးရာ အိမ်နတ် ပူဇော်ပသသည် (သို့) အိမ်နတ်တင်သည် ဟု ခေါ်သည်။

ပူဇော်ပသရသည့် အစားအသောက် ပြင်ဆင်ရမှု ပုံစံ အမျိုးအစားမှာ မျိုးရိုးအလိုက် ကွာခြားမှုများလည်းရှိသည်။ အောက်ပါပြင်ဆင်ပြသထားသော ပုံ/၂ ကြက်ဖို ကြက်မ ၊ ထမင်း ‌၊ သောက်တော်ရေခွက်၊ ပုံ/၁  နတ်စင် ရှိ သပြေ၊ မြေဇာ၊ မလွှား၊ စီးရွက်၊ မာလကာညွှန့် ၊ ဝါးဗူးဆစ်၊ အပ်ချည်ကြိုး စသည့်တို့ ဖြင့် ပြင်ဆင်ရသည့်ဆွေမျိုးစုက တစ်မျိုးဖြစ်သည်။

ပြင်ဆင်ရသည့် ပုံစံသည် အမျိုးအမည် မတူလျှင် အမျိုးတော်စပ်မှု ဝေးကွာခြင်း၊ တော်စပ်မှု မရှိခြင်းတို့ ဖြစ်သည်ဟု ယူဆကြသည်။   အိမ်နတ်တူလျှင် ညီအကိုမျိုး၊ သားအဖမျိုး ဖြစ်သည်ဟု ယူဆကြသည်။ မည်သို့ပင် ဆွေးမျိုးဝေးကွာစေကာမူ ဆွေမျိုးရင်းချာ ဖြစ်သည်ဟု မှတ်ယူကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအိမ်နတ်သည် အဖေမှ သားယောင်္ကျားများ နောက်သာလိုက်၍ သားယောင်္ကျားလေးများအိမ်ထောင်ပြု၍ တစ်အိုးတစ်အိမ် ခွဲနေပါက ၎င်းနတ်ကို ပူဇော်ပသရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဖခင်ဘက်လိုက်သော (Patrilineal) ဓလေ့ အဖြစ် ပြသသည့် ရိုးရာနတ် ဖြစ်သည်။ သမီးမိန်းကလေးများ အိမ်ထောင်ပြုပါက လိုက်လေ့မရှိပဲ၎င်းအမျိုးသား၏ ရိုးရာနတ်ယဥ်‌ကျေးမှုကိုသာ လိုက်လုပ်ကြရသည်။

ရှမ်း/ရှမ်းနီ အများစုသည် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူများ ဖြစ်သည့်အလျောက် အချို့မှာ သက်ရှိများ၏ အသက် သတ်၍ ပူဇော်ပသရမှု ဖြစ်သောကြောင့် ပူဇော်ပသမှု လုပ်ဆောင်ခြင်း မလုပ်ကြသည့် သူများရှိသည်။ အချို့မှာလည်း တနယ်တကျေးသို့ ပြောင်းရွှေ့သူများ၊ တာ၀န်ကျရာ သွားလာ နေထိုင်ရသောကြောင့် ပူဇော်ပသမှု ပြုလုပ်ခြင်း မရှိတော့ပါ။ ထိုသို့ကြောင့် ဆွေမျိုးတော်စပ်ခြင်း သိရှိမှု နည်းပါးကြသည်။ 

ထိုသို့‌ အမျိုး တော်စပ်ခြင်း သိရှိမှု နည်းပါးလာမှုကြောင့် ဆွေမျိုးနီးစပ်သူများ အချင်းချင်း အိမ်ထောင်ပြုလက်ထပ်ကြခြင်းမျိုးများလည်း ရှိလာကြသည်။ အကျိုးဆက်မှာ အချို့မွှေးဖွားသည့် သားသမီးများမှာလည်း သွေးနီးလွန်းသောမိဘများတော်စပ်မှုကြောင့် ဉာဏ်ရည် နိမ့်ပါးခြင်း ၊ လူစဉ်မမီခြင်း စသည့် လက္ခဏာများပါလာသော သားသမီးမျိုးများ မွေးဖွားစေပါသည်။

မိဘတို့၏ အိပ်ခန်းအတွင်း ရိုးရာ အိမ်နတ်စင် အိမ်နတ်ရှိ‌ သော အခန်းတွင် အပြင်လူများ ၀င်ရောက်ခြင်း မလုပ်ရန် အိမ်ရှင်များမှ သတိပေး တားမြစ်ခြင်း၊ ၀င်ရောက်ပါ က အိမ်နတ်ကိုက်ခြင်း၊ ပြုစားခံရတတ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ သူစိမ်း အပြင်လူအား ၎င်းအခန်း၏ ခန်းဆီးစပင် လျပ်၍  ကြည့်ရှုခြင်းပင် ခွင့်မပြုပေ။ 

ထို့သို့ ပြုလုပ်တားမြစ်ခြင်းမှာ ရှေးဘိုးဘွားများသည် ၎င်းတို့၏ ပစ္စည်းငွေကြေးများ ထားရှိရာ အိပ်ခန်းများကို ဥပါယ်တံမျဉ်နည်းဖြင့် သူစိမ်းတစ်ရံဆံများ၏ ခိုးယူခြင်းမှ ကာကွယ်လိုခြင်း အလို့ငှါ တစ်နည်းတစ်ဖုံ နည်းလမ်းတစ်ခု ဖြစ်မည်ဟု သုံးသပ်မိသည်။

အိမ်နတ်ယုံကြည်မှု(ဖီခေးဟိမ်း)

မြန်မာပြည်မြောက်ပိုင်း ဌာနေ ရှမ်း/ရှမ်းနီတို့သည် ဧရာ၀တီ(ခေးနမ့်ကျို) မြစ်ရိုး (ပူတာအို၊ မြစ်ကြီးနား၊ ၀ိုင်း‌‌ မော်၊ ဆင်ဘို၊ တာလော၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ ဖားကန့်၊ တနိုင်း၊ စသည့်ဒေသများ)၊ ဉရုချင်းတွင်း(ခေးနမ့်စလုံ/နမ့်ချောင်းတောင်း)မြစ်ရိုး (ပင်လည်ဘူး၊ ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီး စတဲ့ဒေသများ) နှင့် သံလမ်းရိုး(ခေးဓမ်းလိတ်) နမ္မတီး ၊မိုးကောင်း၊ မိုးညှင်း၊ နပါး ကသာ၊အင်းတော်၊ အင်းတော်ကြီး ၊ ကောလင်း၊ ၀န်းသို စတဲ့ ဒေသတို့တွင် အခြေချနေထိုင်ခဲ့ကြသည်မှာ ထောင်စု ၂ စုကျော်ခန့် ရှိမည်ဖြစ်သည်။ ထိုလူမျိုးတို့‌၏ နတ်ယုံကြည်မှုမှာလည်း ၎င်းနေထိုင်ခဲ့နှစ်များနှင့်အမျှ နှစ်ပေါင်း ထောင်စုများစွာ ရှိနေလိမ့်မည် ယူဆသည်။

ဧရာ၀တီ မြစ်ရိုး ဝိုင်းမော်(ဝိန်းမောဝ်)မြို့နယ်၊ နောင်တာလော(‌နောင်တာလော့)ရွာ တစ်ရွာ၏ အိမ်နတ်ယုံကြည်မှုအဖြစ်အပျက်တစ်ခုကို အသက်၈ရနှစ်အရွယ်၊ အသက်၈၅နှစ်အရွယ်၊ ၇၀နှစ်အရွယ် အမျိုးသမီးများ၊ အသက်၉၁နှစ်နှင့် ၇၃နှစ်အရွယ် အမျိုးသား တို့ ၏ အိမ်နတ်ယုံကြည်မှု တို့ကို မှတ်တမ်းယူခဲ့ပါသည်။ ထိုမှတ်တမ်းမှ အထင်ကရ ဖြစ်စေသောအချက်သည် ထိုရွာမှာ လွန်ခဲ့သော နှစ်(၇၀)ကျော်၀န်းကျင်( အေဒီ ၁၉၄၅ခုနှစ်) ခန့် က မြစ်ကြီးနားမြို့ အရှေ့ဘက်၊ ဧရာ၀တီမြစ်၏ အရှေ့ဘက်ကမ်းတွင် ကျွန်းရွာကြီး အဖြစ်တည်ရှိခဲ့ပြီး ရေတိုက်စားမှုကြောင့် ကျွန်းရွာကြီး ပြိုပျက်ကာ အိမ်များလည်း ရေထဲသို့မျှောပါ ပျက်စီးခဲ့ရသည်။ ထိုသို့ ပျက်စီးမှုကြောင့် ရွာသူရွာသားများက ကျွန်းအရှေ့ ဘက် ယနေ့ နောင်တာလောရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။

ထို့သို့ပြောင်းရွေ့နေထိုင်ရာတွင် အသက်၈၅နှစ်အရွယ်အဖွားအိမ်၏ အိမ်နတ်စင်အား ထိုကျွန်းပေါ်ရှိ ၎င်း၏အဖွားတော်စပ်သူ ဒေါ်ရိတ်၏ စပါးတိုက်ပေါ်၌ အပ်နှံ၍ ပြောင်းရွှေ့ခဲ့ကြသည်ဟု ဆိုသည်။ လအနည်းငယ်ကြာသောအခါ အိမ်နတ်မှာ နတ်စင် အပ်နှံခံခဲ့ရသည့် အဖွားအား အိမ်မက် ပေးလေသည်။ အိမ်မက်မှာ အိမ်နတ်သည် သူ့အား လာကြိုပေးရန် အသက်၈၅နှစ် အဖွား၏ အဖေကို ပြောဆိုပေးရန် ဖြစ်သည်။ ထို့ကြာင့် အသက်၈၅နှစ် အဖွား၏ အဖေမှာ လှေဖြင့် နတ်စင်အား ယူဆောင်ခဲ့ပြီး ၎င်းတို့နေထိုင် ယနေ့ အိမ်ဦးခန်းသို့ ပင်ဆောင်ထားကြောင်း မှတ်တမ်းရှိခဲ့ပါသည်။

ယနေ့ ထိုကျွန်းရွာကြီးသည် နောင်တာလောကျွန်း အဖြစ်သာ ရှိနေပြီး လူနေအိမ်ခြေ ၂၀ ခန့်ဖြင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ၊ ဥယျာဉ်ခြံမြေ ၊ သဲသောင်ခုံ၊ အင်း နှင့် မြစ်တို့ဖြင့် အသက်မွေးကျောင်းလျှက် နေထိုင်ကြသည်။ ယနေ့ နောင်တာရွာ ရပ်ကွက်(၂) တွင် ပါ၀င်နေသော နောင်တာလောကျွန်းနေရာသည် မြစ်ကြီးနား ကျွန်းပင်သာရပ်ကွက် ဘက်ကမ်းမှ မြစ်ကူးလျှင် ရောက်သည့် မလိခ အပန်းဖြေရိပ်သာအမည်ဖြစ်သော နေရာပင် ဖြစ်သည်။

ရေးသားသူ – HMM(UY) 

Leave a Reply

Your email address will not be published. Required fields are marked *