
၁၉၉၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်းတွင် ရှမ်းလူထုအမျိုးသား/အမျိုးသမီး ၅၆ ဦးသည် ၎င်းတို့၏ ကျွဲ၊ နွား ၊ လှည်း ဝန်စည်စလွယ်များနှင့်အတူ မီးပုံရှို့ ခံရခြင်းနေ့ကို ရှမ်းလူ့အခွင့်အရေးနေ့အဖြစ် သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU )က ယနေ့ထုတ်ပြန်ကြေညာခဲ့သည်။
ထိုဖြစ်ရပ်သည် ယနေ့ ၂ဝ၂ဝ ခုနှစ် ဇွန် ၁၆ ရက်နေ့တွင် ၂၃ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ထိုကာလကဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များ ထပ်မံမပေါ်ပေါက်စေရန် ၊ ကျူးကျော်စော်ကားသူများ၏ အပြစ်ကြွေးအား ဆေးကြောပေးရာရောက်စေရန် ၊ အပြစ်မဲ့ပြည်သူများ၏ မိသားစုဝင်များအား နှစ်သိမ့်ကုစားပေးရာရောက်စေရန်နှင့် သေဆုံးသွားသူများကို အောက်မေ့သတိရမှုများဖြင့် ရှမ်းလူ့အခွင့်အရေးနေ့ကို သတ်မှတ်ကြောင်း CSSU က ထုတ်ပြန်ကြေညာထားသည်။
၁၉၉၆-၉၈ ခုနှစ်များတွင် ရှမ်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများစွာကျုးလွန်ခံခဲ့ရပြီး ရှမ်းပြည်သူ ၄ သိန်းကျော် အိမ်နီးချင်း ထိုင်နိုင်ငံနှင့် နိုင်ငံတကာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ပြည်ပရောက်ရှမ်းအဖွဲ့အစည်းများကပြောဆိုကြသည်။
ထိုကာလများအတွင်းတွင် မြို့နယ် ၁၁ မြို့နယ်မှ ရွာပေါင်း ထောင့်လေးရာကျော် ပျက်စီးခဲ့ပြီး အမျိုးသမီးပေါင်း ၆ဝဝ ကျော် လိင်အကြမ်းဖက်ခံရခြင်းနှင့် အချို့သတ်ခံရကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ အစီရင်ခံစာများအရသိရသည်။
ထိုသတ်ဖြတ်မှုဖြစ်ပွားခဲ့သည့် ကွန်ဟိန်းမြို့နယ်တွင်လည်း ကျေးရွာပေါင်း ၁ဝဝ ကျော် ရွာပျက်အနေအထားတွင်သာ ရှိနေပြီး နေရပ်စွန့်ခွာသွားသူများလည်း ယနေ့တိုင် ထိုင်း-မြန်မာနယ်စပ်တလျှောက် နှစ်ပေါင်း (၂ဝ) ကျော် ခုံလှုံနေရကြဆဲဖြစ်ကျောင်း ၎င်းအဖွဲ့ကပြောဆိုထားသည်။
