
မောင်းထောင်းသံ၊ အိုးရိုက်သံတွေက ရွာငယ်လေးကိုလွှမ်းခြုံနေပါတယ်။ သူ့အိမ်ကိုယ့်အိမ်အသံတွေကဆူဆူညံညံရှိနေပါတယ်။ ဒီဆူညံသံတွေဟာ ရွာငယ်လေးတစ်ခုအတွင်းမှာ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေကို ပြုလုပ်နေကြတဲ့ အသံတွေပဲဖြစ်ပါတယ်။ ဒီရွာဟာ မြေအိုးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်နေကြပြီး ရွာ အမည်က မင်းပွဲကျေးရွာပဲ ဖြစ်ပါတယ်။
မင်းပွဲကျေးရွာက အထက်ချင်းတွင်း( နမ့်တာလုံ) ဒေသက ဟုမ္မလင်းမြို့နယ် နောင်ပူအောင်ကျေးရွာနဲ့ နှစ်မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ မင်းပွဲကျေးရွာမှာ မြေအိုးလုပ်ငန်းတွေကို ဘိုးစဉ်ဘောင်ဆက်ကတည်းက လုပ်ကိုင်လာတဲ့ ဖိရိုးဖလာလုပ်ငန်းလည်းဖြစ်ပါတယ်။ ရွာအတွင်းက အိမ်တစ်အိမ်ဆီကို ခြေဦးတည့်သွားကာ အိမ်အပေါ်ထပ်ကိုရောက်တဲ့အခါ တွန့်လိမ့်နေတဲ့ အသားအရေပေါ်မှာ အင်္ကျီခပ်ပါးပါးဝတ်ထားတဲ့ အသက် ၆၀ ဝန်းကျင်အဖွားအိုတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ သူ့အမည်က ဒေါ်တင်ဝင်းပါ။ တွန့်လိမ်နေတဲ့အသားအရည်ကိုတောင်ဂရုမစိုက်အားပဲ မြေအိုးကိုပေါင်ပေါ်တင် ဘယ်ဘက်လက်ကကျောက်ခဲတုံးကိုင်ပြီး အတွင်းမှ ထိန်းပေးကာ ညာဘက်လက်က တုတ်နဲ့ရိုက်နှက်နေတဲ့ မြင်ကွင်းကိုတွေ့ခဲ့ရပါတယ်။ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်သော်လည်း မြေအိုးလုပ်ငန်းကို လုပ်ကိုင်နိုင်ပါသေးတယ်။ “ မင်းပွဲကျေးရွာက အခုမှ အိုးလုပ်လာတာမဟုတ်ဘူး” လို့အားမာန်အပြည့်နဲ့သူကပြောပါတယ်။


မင်းပွဲကျေးရွာကပြုလုပ်တဲ့ မြေအိုးပုံစံအမျိုးမျိုးကို ရွာနဲ့နှစ်မိုင်ဝေးတဲ့ နောင်ပိုအောင်စျေးထဲမှာ သွားရောင်းချတာလည်းဖြစ်ပါတယ်။ ဒီမြေအိုးလုပ်ငန်းတွေနဲ့ မိသားစုစားဝတ်နေရေးအတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်ခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်နေပြီလည်းဖြစ်ပါတယ်။ မြေအိုးလုပ်ငန်းမှာ သောက်ရေအိုး၊ ပေါင်းအိုး၊ ဟင်းအိုးတွေကိုအဓိကထားလုပ်ကိုင်ကြသလို ပန်းအိုး၊ ခရားအိုး၊ ဆီမီးခွက်တွေကိုလည်း မှာယူသူတွေရှိရင်လုပ်ပေးကြပါတယ်။ နောင်ပူအောင်စျေးမှာ မင်းပွဲကျေးရွာက ထွက်တဲ့မြေအိုးတွေအပြင် တခြားဒေသက မြေအိုးတွေကိုလည်းတွေ့ရတတ်ပါတယ်။ သို့ပေမယ့်လည်း မင်းပွဲကျေးရွာက မြေအိုးဟာ အရောင်းတွက်ပြီး ပိုအေးတယ်လို့ ဝယ်ယူသုံးစွဲသူတွေနဲ့ ပြုလုပ်ရောင်းချသူတွေက ဆိုကြပါတယ်။
“ ကျွန်မတို့ရွာက လုပ်တဲ့ရေအိုးတွေက တခြားရေအိုးတွေထက် ပိုအေးတယ်။ ပိုလည်းထူတယ်” လို့ မင်းပွဲကျေးရွာသူ တစ်ဦးက ဆိုပါတယ်။
မင်းပွဲကျေးရွာမှာ ပြုလုပ်တဲ့ မြေအိုးတစ်လုံးမှာ အဆင့် (၉) ဆင့်ပါဝင်ပါတယ်။ အရင်ဆုံး ရွံ့စေးတွေကို ဆုံလည်နဲ့ ပုံဖော်ပေးရပါတယ်။ နောက်ပြီးရင် ရိုက်လိုက်ထုလိုက်နဲ့ ပုံဖော်ပြီးရင် နေပူနဲ့ အခြောက်ခံရပါတယ်။ ဒီနောက်မီးဖုတ်ပြီး အရောင်တွေခြယ်ပြီးအသုံးပြုလို့ရတဲ့အိုးတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ အိုးတစ်လုံးကို ကြည့်မယ်ဆိုရင် ရိုးရှင်းလွယ်ကူတယ်လို့ထင်ရပေမယ့် ဖြစ်လာဖို့အတွက် ခက်ခဲလှပတယ်။ မင်းပွဲကျေးရွာက ဒီမြေအိုးတွေကိုပြုလုပ်ဖို့အတွက် ကုန်ကြမ်းရွံ့စေးတွေကို ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ နေရာအနီးမှာ သွားသယ်ယူရသလို အရောင်တင်ဖို့ မြေစေး(မြေနီ)တွေကို ရွာနဲ့သုံးမိုင်ဝေးတဲ့ တောင်ဦးကျေးရွာမှာ သွားရောက်တူးဖော်ရတာလို့ အိုးလုပ်သူတွေဆီကနေသိရပါတယ်။ ဒါ့အပြင် မင်းပွဲကျေးရွာမှာလည်း ဒီနောက်ပိုင်း အိုးလုပ်သူတွေအများစုထဲမှာ လူငယ်မျိုးဆက်သစ်တွေဟာ မရှိသလောက်ရှားပါးလာပြီလို့ အိုးလုပ်သူ ဒေါ်တင်ဝင်းကပြောပါတယ်။ လူငယ်များအစုဟာ ကြီးမြင့်လာတဲ့ ကုန်စျေးတွေနဲ့ မိသားစုစားဝတ်နေရေးဖူးလုံဖို့အတွက် လယ်ယာလုပ်ငန်းနဲ့ ရိုးရာယဉ်ကျေးမှုလုပ်ငန်းတွေကို စွန့်ခွာပြီး တခြားသောလုပ်ငန်းတွေကိုလုပ်ကိုင်နေကြတာဖြစ်တယ်လို့ အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုပါတယ်။
တိုးတက်လာတဲ့ခေတ်မှာ မြေအိုးအစား ပလပ်စတစ်ဗူးတွေက နေရာဝင်ယူလာပါတယ်။ မြေအိုးတစ်လုံးဖြစ်ပေါ်လာဖို့အတွက်နူးညံ့ရပါတယ်။ မြေအိုးတွေက လွတ်ကျပြုတ်ကျကွဲလွယ်တတ်ပေမယ့် ပလပ်စတစ်ဗူးတွေက အဲ့ဒဏ်ကိုပိုခံနိုင်တာကြောင့် ဒေသတွင်းမှာလည်း အသုံးများလာခဲ့ပါတယ်။ သာမာန်မိရိုးဖလာလုပ်ငန်းတွေက တိုးတက်လာတဲ့ခေတ်ထဲမှာ စျေးကွက်ပျောက်ဆုံးမှုတွေဟာ လူငယ်တွေအတွက်အာရုံစိုက်မှုလျော့နည်းစေတဲ့အချက်လည်းဖြစ်ပါတယ်။
တစ်ချိန်က အမေပြောဆိုနေတဲ့ စကားလေးကိုသတိရမိတယ်။ မင်းပွဲကျေးရွာက ပြုလုပ်တဲ့အိုးလေးအကြောင်းဖြစ်ပါတယ်။ ရေအိုးလေးဟောင်းလာတိုင်း အမေသတိရမိနေတာက မင်းပွဲကျေးရွာက မြေအိုးလေးဖြစ်ပါတယ်။ ပူအိုက်တဲ့ ရာသီတွေရောက်လာတိုင်း ဟုမ္မလင်းတစ်ခွင်မှာတော့ မင်းပွဲကျေးရွာက မြေအိုးလေးကို သတိရမိနေမှာ မလွဲမသွေဖြစ်ပါတယ်။