ဖေဖော်ဝါရီ ၅ ၊ အင်းတော်ကြီး
အင်းတော်ကြီးကန်အတွင်းကို စီးဆင်းနေတဲ့ ခေါင်းတုန်းချောင်း တစ်လျောက်မှာ ရွှေတူးဖော်မှုတွေကြောင့် ကန်ပတ်ဝန်းကျင်အနီး ဧကတစ်ရာကျော် တမ်ကောလာတယ်လို့ အင်းတော်ကြီးဒေသ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်နေသူတွဆီကနေသိရပါတယ်။
“ အဓိကတော့ ရွှေတွေလည်းမထိန်းနိုင်ဘူးလေ အင်းကောတာကတော့ ရွှေကြောင့်ပဲ ၊ ခေါင်းတုန်းချောင်းဆိုရင်အခုဆို ဧကတစ်ရာကျော်လောက်ကောလာတယ် အဲ့လိုမျိုး၊ ရွှေလုပ်ငန်းတွေလည်းတဖြည်းဖြည်းများတာပဲမဟုတ်ဘူး ရွာတွေပါပျောက်တော့မလိုဖြစ်လာတယ်” လို့ အင်းတော်ကြီးဒေသ သစ်တောဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မိုင်းနောင် နဲ့ မမုန်ကိုင်ကျေးရွာမှာ စက်ယန္တယားများဖြင့် ရွှေတူးဖော်လုပ်ဆောင်မှုတွေ ပိုမိုမြင့်တက်လာတာလည်းဖြစ်ပါတယ်။
တရားမဝင်ရွှေတူး ဖော်မှုတွေကြောင့် အင်းတိမ်တောလာရခြင်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ တရားမဝင်ရွှေလုပ်ငန်းကြောင့်ပါအေး အဲ့မှာ နွံတွေထိုးကျသွားတာပေါ့ ရွှေလုပ်တော့ ချောင်းကနေ တဆင့် အင်းထဲကိုရောက်သွားတာပါအေး” လို့ အင်းတော်ကြီး မိုင်းနောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပြပါတယ်။
တိမ်ကောနေတဲ့ ခေါင်းတုန်းချောင်းတလျောက်မှာ စိုက်ပျိုးလို့လည်းမရနိုင်ပဲ ကန္တရစူးခင်းတွေအဖြစ်သာ ရှိနေတယ်လို့ သိရပါတယ်။
ယခုလအတွင်းမှာ ဖမ်းဆီးမှုတွေရှိလာခြင်းကြောင့် ရွှေလုပ်ကိုင်မှု အနည်းငယ်လျှော့နည်းလာတယ်လို့လည်း ဆိုပါတယ်။
“ အခုက ဒီနားမှာ လုပ်ကွက်တွေလဲသိပ်မရှိတော့ဘူး အဖမ်းအဆီးတွေလဲရှိတော့ အခုဒီလပိုင်းပေါ့လေ လျှော့သွားတယ်၊ မြေလုပ်ကွက်မရှိတော့ဘူးလေ ကုန်သလောက်ဖြစ်နေပြီ၊ ရှိတဲ့ မမုန်ကိုင်နားကလည်း အဖမ်းဆီးများတော့ နန့်ရင်းခါချောင်းနားကိုရောက်သွားပြီ” လို့ သူကဆက်ပြောပါတယ်။
အင်းတော်ကြီးကန်ရဲ့ ရေပြင်ဟာ အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိပြီး အလျား ၁၄ မိုင် ၊ အနံ (၇) မိုင်ကျယ်ဝန်းတာလည်းဖြစ်ပါတယ်။
မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာ အနောက်ဘက်ခြမ်းမှာ ရွှေမျှောတွေကို ၁၉၈၀ ဝန်းကျင်ကအစောပိုင်းကတည်းက တူးဖော်လာခဲ့ကြတာဖြစ်ပြီး ၂၀၁၆ ဝန်းကျင်ကစ ရွှေမျှောတွေ ပြန်လည်လျှော့နည်းလာခဲ့တာလည်းဖြစ်ပါတယ်။