ဇန်နဝါရီ ၁၀ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသမှာ ဒီနှစ်ဆောင်းခိုငှက် အကောင်ရေ ကိုးထောင်ကျော် လာရောက်ဆောင်းခိုခဲ့ပြီး မနှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လျော့နည်းနေတယ်လို့ အင်းတော်ကြီးဒေသ Myanmar – Fauna & Flora International FFI မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ကောက်ယူခဲ့တဲ့ အင်းတော်ကြီးဒေသအတွင်းက ဆောင်းခိုငှက်နဲ့ ဒေသရင်း ငှက်စာရင်းက ၂၂၁၅၉ ရှိပြီး ဒီနှစ်မှာ တစ်သောင်းငါးထောင်ကျော်သာရှိတယ်လို့သိရပါတယ်။
“ဆောင်းခိုငှက်ကဒီနှစ်အရေအတွက်ကနဲနဲလျော့တယ်ဒေသရင်းမျိုးစိတ်ကမနှစ်ကနဲ့အတူတူပဲ၊ ဒီနှစ်ကဘာကြောင့်နည်းလဲဆိုတော့အခုကောက်တဲ့စာရင်းကအင်းထဲမှာရှိတဲ့လုံးဝအတိအကျကြီးတော့ပြောလို့တော့မရဘူးရှိသမျှငှက်တွေအကုန်လုံးဒီမှာနေထိုင်ကျက်စားနေတဲ့ငှက်မှန်သမျှညီမတို့က Record မယူထားနိုင်ဘူးလေ” လို့သူကဆက်ပြောပြပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့က ၂၀၂၃ ခုနှစ်အတွက် အာရှရေပျော်ငှက်စာရင်းကောက်ယူခြင်းကို အင်းတော်ကြီးဒေသရှိ Myanmar – Fauna & Flora International (FFI)အဖွဲ့က ဦးဆောင်ကောက်ယူခဲ့ပြီး အခုလို စာရင်းထွက်ရှိလာတာလည်းဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အင်းတော်ကြီးဒေသကို လာရောက်တဲ့ ဆောင်းခိုငှက်မျိုးစိတ် ၂၅ မျိုးရှိပြီး အကောင်ရေအားဖြင့် ၉၀၇၄ ကောင် ၊ ဒေသမျိုးရင်း ရေပျော်ငှက်မျိုးစိတ် ၁၈ မျိုးက အကောင်ရေ ၆၁၃၄ ကောင်ရှိတယ်လို့ သိရပါတယ်။
“ အဆိပ်ခတ်ပြီးတော့ ဖမ်းတာလေ၊အောက်ပိုင်းကနေ ငါးလာရှာပြီး တံငါလာလု့ပ်ကြပြီး အဆိပ်ခတ်ပြီးဖမ်းကြတာလေ၊ ချောင်းရိုးရွှေတောင်ဘက်မှာ အဲ့ဘက်မှ ချောင်းကကျဉ်းသာလေကျဉ်းတဲ့အခါကျတော့ ငှက်တွေက တအားခိုတာကိုး အဲ့ဘက်မှ အဆိပ်တအားခတ်ကြတာ ၊ ဆေးတွေပါတွေချပေါ့လေ” လို့ အင်းတော်ကြီးက လယ်သမားတစ်ဦးက ပြောပြပါတယ်။
ဆောင်းရာသီမှာ ရွေ့ပြောင်းတံငါသည်တွေက ငါးတွေအပြင် လာရောက်ဆောင်းခိုကြတဲ့ ငှက်တွေကိုပါဖမ်းပြီး စီးပွားဖြစ်ရောင်းချမှုတွေရှိနေတာကြောင့်မို့ တချို့မျိုးစိတ်တွေမရှိမှုနဲ့ အကောင်ရေလျော့ကျလာမှုတွေကိုဖြစ်စေတာလို့ အင်းတော်ကြီးဒေသခံတွေက ဆိုကြပါတယ်။
အင်းတော်ကြီးကန်ထဲက ဆောင်းခိုငှက်စာရင်းတွေကို ၂၀၁၇ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ်ကောက်ယူကြတာဖြစ်ပြီး အဲ့အချိန်က ဆောင်းခိုငှက်မျိုးစိတ်က ၃၅မျိုး အကောင်ရေက၁၀၈၇၀ နဲ့ ဒေသမျိုးရင်းရေပျော်ငှက် ၁၇မျိုး ၆၃၅၃ ကောင် ရှိခဲ့တယ်လို့ သိရပါတယ်။
အာရှရေပျော်ငှက်စာရင်းကောက်ယူမှုကို အာရှတိုက်ရှိ နိုင်ငံအသီးသီးကလည်း ၎င်းတို့ဒေသအလိုက် တစ်ချိန်တည်းကောက်ယူမှုပြုကြသည်။
အင်းတော်ကြီးကန်သည် ရမ်ဆာရေတိမ်ဒေသအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ တွင် သတ်မှတ်ခြင်းခံခဲ့ရသလို UNESCO ရဲ့ Man and Biosphere Reserve ဒေသအဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။