နိုဝင်ဘာ ၁၈ ၊ အင်းတော်ကြီး
စိုက်ပျိုးရေးချေးငွေတွေကို လာမယ့် ဒီဇင်ဘာလကနေ ပြန်လည်ပေးဆပ်ရမှာဖြစ်ပေမယ့် တောင်သူသမားတွေက အခက်အခဲဖြစ်နေကြတယ်လို့ဆိုပါတယ်။
ဒီလိုစိုက်ပျိုးရေးဘဏ်ချေးငွေတွေ ပြန်လည်ပေးဆပ်ဖို့ တောင်သူတွေထက် ပြန်ဆပ်ဖို့အခက်အခဲကြုံတွေ့နေတဲ့ တောင်သူဦးရေက ပိုများနေကြတယ်လို့ တောင်သူတွေက ဆိုပါတယ်။
“ ဘဏ်ချေးငွေကို တစ်လပိုင်းကြရင်ဆပ်ကြရတော့မှာ စပါးကလည်းမထွက် ၊ ရိတ်ချွေခတွေကလည်း တက်၊ တခြားဟာတွေလည်းတက် ၊ ဘဏ်ချေးငွေဆပ်ဖို့အတွက် စပါးရောင်းစရာမကျန်တော့ဘူး အခက်အခဲကတော့အကြီးကြီးပဲ” ချေးငွေပြန်ဆပ်ဖို့ စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
စပါးစိုက်ပျိုးရာသီမှာ ဓာတ်မြေဩဇာစျေးနှုန်းတွေ နှစ်ဆကျော်မြင့်တက်ကာ တောင်သူအများစု ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိတာကြောင့် စပါးအထွက်နှုန်းတွေလည်း နှစ်ဆနီးပါးလျော့ကျနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
ချေးငွေတွေကို ပြန်ဆပ်ဖို့ ရှိနိုင်ကြသလို မဆပ်နိုင်သူတွေအတွက်လည်း ရွာလူကြီးတွေက စိုက်ပျိုးရေးဘဏ်ဘက်နဲ့ ညှိနှိုင်းမှုတွေလုပ်ဆောင်ပေးမယ်လို့လည်းဆိုကြပါတယ်။
“ ဆပ်နိုင်တဲ့သူတွေကျဆပ်ကြမယ် စပါးမကျန်တဲ့သူတွေလဲမကျန်ကြဘူးဆိုတော့ သူတို့ဘယ်လိုလုပ်ကြမလဲမသိဘူး အရင်တုန်းကြီးနဲ့ကျန်ထားတဲ့သူတွေလဲအများ ကြီးရှိတယ် မဆပ်ဘဲနဲ့ကျန်ထားတဲ့သူတွေ သုံးလေးနှစ်ကျန်ထားတဲ့သူတွေလဲရှိတယ်” လို့ ပန်းလားကျေးရွာမှ တောင်သူတစ်ဦးက ပြောပြပါတယ်။
၂၀၂၁ ခုနှစ်က ဘဏ်ချေးငွေတွေကိုလည်း ပြန်မပေးဆပ်နိုင်တာကြောင့် လွန်ခဲ့တဲ့ စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးချေးငွေတွေ မရရှိခဲ့တဲ့ တောင်သူအများအပြားလည်းရှိခဲ့ကြပါတယ်။
မိုးရာသီချေးငွေတွေကို တစ်ဧက တစ်သိန်းခွဲကျပ် နဲ့ တောင်သူတစ်ဦးကို ၁၀ ဧကအထိ ချေးပေးတာဖြစ်ပြီး အတိုးတစ်နှစ်ကို ၅ ရာခိုင်နှုန်းသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်မှာ ကျေးရွာအုပ်စု ၄၃ အုပ်စု လူဦးရေ နှစ်ထောင့်ခြောက်ရာကျော်ကို ဧကနှစ်သောင်းနှစ်ထောင်အတွက် ကျပ်သိန်းပေါင်း သုံးသောင်းသုံးထောင်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ထုတ်ချေးပေးတာလို့ မိုးညှင်းမြို့နယ် စိုက်ပျိုးရေးဘဏ်ကနေ သိရပါတယ်။