အင်းတော်ကြီးရေလည်ဘုရားနတ်လမ်းပြန်ပေါ်လာ

ရာသီဥတုဖောက်ပြန်မှုကြောင့်လို့ဒေသခံများသုံးသပ် 

ဇွန်အင်းတော်ကြီး 

အင်းတော်ကြီးရေလည်ဘုရားသွားတဲ့ နတ်လမ်း လို့ ဒေသခံတွေခေါ်တဲ့ လမ်းဟာ မေလကုန်ကစပြီး ပြန်ပေါ်လာခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

မေလနောက်ဆုံးအပတ်အတွင်းမှာ အင်းတော်ကြီးဒေသတွင်း နေ့အပူချိန်မြင့်တက်နေပြီး ကန်ရေတွေလျော့ကျလာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

နတ်လမ်းဆိုတာ လှိုင်းတွေပုတ်ပြီးတော့ အမြင့်ကုန်းလေးမှာ အဲ့လိုတင်ပြီးဖြစ်တာလေ။ ရာသီဥတုပါ့လေ။ ဒီနှစ်ကမိုးကလည်းမရှိဘူး။ ဒီနှစ်က နေကလည်း အပူချိန်က ၄၀ ကျော်တယ်လေ။ ၃၈ အဲ့တာတွေက အနည်းဆုံးလိုလိုဖြစ်နေတာလေ သဘာဝပျက်စီးတော့ ရေတွေက တအားခန်းပြီလေ။နောက်ဆို နတ်လမ်းဆိုတဲ့နေရာက ခဏလေးနစ်ပြီးတော့မှ ခဏလေးပြန်ပေါ်နိုင်တယ်။” လို့ အင်းတော်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။ 

အင်းတော်ကြီးကန်အတွင်းကို စီးဝင်နေသည့်ချောင်းများတွင် ရွှေတူးဖော်မှုများကြောင့် ချောင်းအများစုပျက်စီးပြီး ကန်အတွင်းရေတွေ ကောင်းကောင်းမွန်မွန် မစီးဝင်နိုင်တော့ဘူးလို့သိရပါတယ်။ 

ကန်အတွင်းကို  နန့်မွန်းတောင်ခြေမှ   စီးဝင်သည့် ချောင်းများ ၊ မိုင်းနောင်ကျေးရွာကျေးရွာမှ စီးဝင်လာသည့် ချောင်းများဖြစ်သည့် နန့်ရင်းခါ၊ မိုင်းနောင်ချောင်းတွေဟာ  ရေစီးဝင်နိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။ 

“ သဘာဝပတ်ဝန်းကျင်ကိစ္စပေါ့လေ။  ရွှေတူးဖော်ကြတာပေါ့လေ။ သစ်လုပ်တာတွေလည်းပါတယ်။ အင်းတော်ကြီးအနောက်ကမ်းဘက်မှာ ရွှေတွေတအားလုပ်ကြတယ်လေ။ ဘာမှမရှိတော့ဘူး သစ်တွေလည်းမရှိတော့ဘူးလေ။ ရွှေတူးတာတွေလည်း ဟတ်ဟိုးတွေ စက်ယန္တရားတွေနဲ့လေ။ နိုင်ငံရေးအခြေအနေတွေကြောင့်လည်းပါမယ်။ ဒေသခံတွေက ဒီလိုလုပ်တာကို တားဆီးချင်ကြပေမယ့် သေနတ်ကိုင်ထားတဲ့သူတွေကို ကြောက်ရတယ်လေ။ ငွေပေးပြီးလုပ်ကြတာလေ။” လို့ အင်းတော်ကြီးဒေသရှိ ရှမ်းနီလူငယ်တစ်ဦးက ပြောပါတယ်။ 

အင်းတော်ကြီးရေလည်ဘုရားသွားသည့် နတ်လမ်းသည် ဘုရားပွဲရာသီဖြစ်သည့် မတ်လတွင် ပေါ်လာတတ်တယ်လို့ အင်းတော်ကြီးဒေသရှေးလူကြီးတွေက ဆိုထားကြပါတယ်။ 

သို့ပေမယ့် ပြီးခဲ့တဲ့  ၂၀၂၀ ခုနှစ်  မေလမှာ နတ်လမ်းသိသိသာသာပြန်ပေါ်လာခဲ့ပြီး အဲ့ချိန်က သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့်လို့ ရှမ်းနီရပ်မိရပ်ဖတွေက ရှမ်းနီအသံကိုပြောဆိုထားပါတယ်။ 

ဆယ်နှစ် ဒါမှမဟုတ် နှစ်နှစ်ဆယ်မှ တစ်ကြိမ် သိသိသာသာပေါ်လာတတ်တဲ့ “နတ်လမ်း” ဟာ လက်ရှိမှာ သုံးနှစ်တစ်ကြိမ်ပေါ်လာနေပြီလည်းဖြစ်တယ်လို့ အင်းတော်ကြီး  ဒေသခံတွေကပြောဆိုထားပါတယ်။ 

အင်းတော်ကြီးဒေသကို ၂၀၁၆ ခုနှစ်မှာ ယူနစကိုလ်စာရင်းဝင်တဲ့ လူသားနှင့်ဇီဝအဝန်းအဝိုင်းနယ်မြေဖြစ်သတ်မှတ်ထားပြီး ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် သဘာဝပတ်ဝန်းကျင်ပျက်စီးစေမယ့် ရွှေတူးဖော်မှုများ၊ သစ်ထုတ်လုပ်မှုများကို တားဆီးနိုင်ခြင်းမရှိသေးပါဘူး။ 

Leave a Reply

Your email address will not be published. Required fields are marked *