လူဟူ၍ဖြစ်လာလျှင် စားရေး၊ ဝတ်ရေးနှင့် နေရေးတို့သည် အခြေခံလိုအပ်ချက်များဖြစ်သည်။ တိုအထဲတွင် နေရေးအတွက်လိုအပ်သော မိသားစုနေထိုင်ရန်အိမ်သည် နေထိုင်ရုံသက်သက်မဟုတ်ပဲ လူမျိုးတစ်မျိုးနိူင်ငံ တစ်ခု၏ ယဉ်ကျေးမူ အဆင့်အတန်းကိုလည်းဖော်ညွှန်းလျှက်ရှိကြသည်။
အိမ်နှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်တိုင်းတွင် ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင်လက္ခဏာများရှိကြပါသည်။ ကမ္ဘာပေါ်တွင် အနောက်တိုင်းဟန်နှင့် အရှေ့တိုင်းဟန်များကွာခြားသလို အာရှတိုက်အတွင်းမှာပင် တရုတ်ယဉ်ကျေးမူဟန်နှင့် အိန္ဒိယ ယဉ်ကျေးမူဟန်တို့ကွဲပြားပါသည်။
ထို့အတူ နိူင်ငံတစ်ခုအတွင်းရှိတိုင်းရင်းသားမျိုးနွယ်စုများတွင်ပင် ကိုယ်ပိုင်ရိုးရာဟန်များရှိကြပါသည်။ မြန်မာနိူင်ငံတွင် ကရင်ရိုးရာဟန်နှင့် ရှမ်းရိုးရာဟန်မတူသလို အခြားတိုင်းရင်းသားများတွင်လည်း ကိုယ်စီ ရိုးရာဟန်များရှိကြပါသည်။ရှမ်းမျိုးနွယ်စုအတွင်း၌ပင် ဒေသအလိုက်ကွဲပြားမူများရှိကြပါသည်။ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဒေသရှိ ရိုးရာဟန်နှင့် အခြားဒေသရှိ ရှမ်းလူမျိုးတို့၏ ရိုးရာဟန်ရာများမှာ ခြားနားမူအချို့ရှိနေပါသည်။
ရှမ်းနီရိုးရာအိမ်
ရှမ်းနီရိုးုရာအိမ်များကို ရှမ်းနီလူမျိုးများအများစုနေထိုင်ရာ ယခုကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ် မဘိမ်းနယ်များတွင် အများဆုံးတွေ့မြင်ကြရပြီး ယနေ့ထက်တိုင် အခိုင်အမာတည်ရှိ တွေ့မြင်နေကြရပါသည်။
အဆောက်အဦးတည်ဆောက်ပုံ
ရိုးရာဟန်ရှမ်းနီအဆောက်အဦးများသည် သစ်လုံးများဖြင့် ခြေတံရှည် အများအားဖြင့် နှစ်ဆောင်ပြိုင် ရံဖန်ရံခါ သုံးဆောင်အထိပင် ဆောက်ကြသည်ကိုတွေ့ရသည်။ ခြေတံရှည်တည်ဆောက်ရခြင်းမှာ ရှမ်းနီလူမျိုးတို့သည် လယ်ယာစိုက်ပျိုးသောလူမျိုးများဖြစ်ကြပြီး ကျွဲနွားများမွေးမြူသော ဓလေ့ရှိသောကြောင့် ကျွဲနွားများ မိုးလေ လုံခြုံမူရှိစေရန်အတွက် တည်ဆောက်ကြခြင်းဖြစ်မည်ဟုလည်း ယူဆနိူင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းနီလူမျိုးများက မိမိတို့ကျွဲနွားများကို မိမိတို့ သားရင်းမိသားစုသဖွယ် အိမ်အောက်တွင် ချည်နှောင်ကြသောကြောင့်ဖြစ်နိူင်ပါသည်။ အချို့ကလည်း အိမ်အောက်တွင် အကာအရံများဖြင့် ကျီဆောက်ကာ မိမိတို့ စပါးများကို သိုလှောင်ကြပါသည်။ ဤဓလေ့ကို ရှမ်းနီလူမျိုးများထံတွင် အများဆုံးတွေ့ရပါသည်။ အချို့က စပါးကျီကို သီးခြားအဆောက်အဦးဖြင့် သိုလှောင်ကြပါသည်။
နှစ်ဆောင်ပြိုင်အိမ်ကြီးနဲ့ ရှမ်းနီတို့အိမ်
ရှမ်းနီလူမျိုးတို့သည် အိမ်များကို အဆောင်ဆောင် အခန်းခန်းတည်ဆောက်လေ့ရှိသည်မှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနိူင်ပါသည်။ များသောအားဖြင့် နှစ်ဆောင်ပြိုင်တည်ဆောက်ရာတွင် ပင်မအဆောင်နှင့် အဆောင်ခွဲအဖြစ်တည်ဆောက်ကြပြီး ပင်မအဆောင်တွင် ဧည့်ခန်း၊ မိသားစုအိပ်ခန်းများထားရှိကြပြီး ပူးတွဲအဆောင်တွင် အချို့က သားငယ်သမီးငယ်များအတွက် အိပ်ခန်းအဖြစ်ထားရှိသည်များရှိသကဲ့သို့ ထမင်းစားခန်းနှင့် မီးဖိုဆောင်အဖြစ် အသုံးပြုသည်များကိုလည်းတွေ့ရပါသည်။
ထူးခြားသည်မှာ ရှမ်းနီလူမျိုးတို့ ၏ရိုးရာအိမ်တွင် အိမ်ရှေ့ ၀ရံတာခေါ် စင်္ကြန်လမ်းမနှင့် အိမ်နောက်ဖက်တွင် ရေစွန်ချောင်ခေါ် လသာဆောင်သဘော တစ်ခန်းစာကိုထုတ်ထားတတ်ပါသည်။ အဆိုပါ နေရာတွင် အိုးခွက်များဆေးကျောရန်အတွက်လည်းကောင်း ပူအိုက်သော ရာသီများတွင် ညအခါ လရောင်အောက် ၌ အနားယူကာ မိသားစုအလိုက် ဝိုင်းဖွဲ့စကားပြောခြင်း အိမ်မူကိစ္စများတိုင်ပင်ခြင်းအစရှိသည်တို့ကို ပြုလုပ်ကြပါသည်။ အဆိုပါနေရာအား ရံဖန်ရံခါ အမိုး မိုးထားတတ်သော်လည်း များသောအားဖြင့် အမိုးမိုးလေ့မရှိပေ။
ရှမ်းနီလူမျိုးတို့ ၏ ရိုးရာအိမ်တွင် အိမ်ရှေ့မျက်နှာစာ ၌ ၀ရံတာခေါ် လျှောက်လှမ်းများထားလေ့ရှိပြီး အဆိုပါလျှောက်လမ်းသည် များသောအားဖြင့် အိမ်ရှေ့လှေကားနှင့် ဆက်စပ်ထားလေ့ရှိသည်။
ရှမ်းနီလူမျိုးတို့အိမ်လှေကား
ရှမ်းနီလူမျိုးတို့သည် ရှည်တံရှည်အိမ်များကိုသာ အများဆုံးဆောက်လေ့ရှိသည့်အားလျှော်စွာ အိမ်လှေကားများမှာလည်း အနည်းဆုံး ငါးထစ်မှ တစ်ဆယ့်နှစ်ထစ်အထိ ရှိကြသည်ကိုတွေ့ရသည်။
ရှမ်းနီလူမျိုးတို့သည် အိမ်တစ်အိမ်တွင် လှေကားကို နှစ်စင်းထားသော ဓလေ့လည်းရှိကြပြီး အိမ်အရှေ့ဘက်နှင့် အိမ်အနောက်ဖက်တို့တွင် ထားလေ့ရှိသည်။ လှေကားတစ်စင်းတည်းထားသော အိမ်များစွာရှိသော်လည်း များသောအားဖြင့် လှေကားကို အိမ်ရှေ့ဘက်မှတက်၍ အပြင်ဖက်တွင်သာထားလေ့ရှိသည်။
ရံဖန်ရံခါ အိမ်အတွင်းဘက်မှတပ်ဆင်မူအချို့ရှိသော်လည်း အများအားဖြင့် အပြင်ဘက်တွင်သာတပ်ဆင်ကြသည်ကိုတွေ့ရသည်။ စာရေးသူလက်လှမ်းမီသလောက်လူကြီးသူမများ ၏ ပြောကြားချက်အရ အိမ်ထဲတွင်မတပ်ဆင်ရခြင်းမှာ ရဟန်းသံဃာများကြွချီပါက မသင့်တော်ဟုယူဆသောကြောင့်ဖြစ်ကြောင်းမှတ်သားခဲ့ရပါသည်။
အိမ်မိုးခြင်း
ရှမ်းနီလူမျိုးတို့နေထိုင်ရာဒေသသည် သစ်ဝါးပေါများသကဲ့သို့ အိမ်နှင့် အဆောက်အဦးများ မိုးရာတွင် အသုံးပြုနိူင်သော သက်ကယ်ကြီး၊ သက်ကယ်ညှင်း ၊ ရေသက်ကယ် နှင့် ဒေသအခေါ် ရုံးပင်များဖြင့်သာအမိုးအဖြစ်အသုံးပြုလေ့ရှိကြပါသည်။ ထိုအထဲမှ သက်ကယ်ကြီးနှင့် ရုံးပင် များသည် သုံးစွဲရလွယ်ကူခြင်းနှင့် ကြာရှည်ခံခြင်းတို့ကြောင့် အများဆုံးအသုံးပြုသည်ကိုတွေ့ရပါသည်။ သက်ကယ်နှင့် ရုံးပင်များကို တောထဲမှ ရိတ်ခုတ်ယူ၍ အပြစ်များပြုလုပ်ပြီး(ယက်လုပ်ပြီး) အသုံးပြုသကဲ့သို့ သက်ကယ်များကို အစည်းလိုက် (ဒေသအခေါ် အပေါလိုက်) ယက်မိုးသည်များလည်းရှိပါသည်။ဤနေရာတွင် သက်ကယ်ပြစ်ပုံ ရုံးပြစ်ပုံများကို ဖော်ပြခြင်းမရှိသည်မှာ ရိုးရာဟန်ပေါ်လွင်အောင်သာဖော်ပြလိုခြင်းကြောင့်ဖြစ်ပါသည်။
သစ်ကယ်မိုး ရုံးမိုးများဖြင့် ဆောက်လုပ်ထားသော ရှမ်းနီလူမျိုးတို့ ၏ ရိုးရာအိမ်သည် သဘာဝနှင့် လိုက်ရောညီထွေရှိလှပြီးလျှင် ရာသီဥတုမရွေး နေထိုင်၍ အင်မတန်မှ ကောင်းမွန်ပါသည်။
အိမ်ကြမ်းခင်း
ရှမ်းနီလူမျိုးတို့ ၏ ရိုးရာအိမ်သည် သဘာဝကို အခြေခံသော သောကြောင့် အခင်းကိုလည်း သဘာဝ သစ်တောကရသော ပျဉ်သို့မဟုတ် ဝါးကိုခွဲစိပ်၍ ကြမ်းခင်းအဖြစ်အသုံးပြုကြပါသည်။ ရှမ်းနီလူမျိုးများတွင် ဗူးခါးရည်နှင့် ကြမ်းကြားလေ ဟူသော စကားပုံတစ်ခုရှိပါသည် အဆိုပါစကားပုံမှာ ဗူးခါးသီးကို အခြောက်လှမ်း၍ အဆံထုတ်ကာ ပြုလုပ်ထားသောဗူးခါးထဲသို့ အခါးရည် (လဘက်ရည်) ထည့်သောက်ခြင်းနှင့် နွေရာသီတွင် ဝါးကြမ်းအိမ်ပေါ်တွင်အိပ်ပါက ကြမ်းကြားမှ တိုးဝင်လာသော လေသည် အလွန်အေးမြသောကြောင့်အင်မတန်မှ အပမ်းပြေ အရသာရှိသောကြောင့် ထိုသို့ ဆိုစမှတ်ပြုကြခြင်းဖြစ်သည်။ယနေ့ခေတ်အခါသမယတွင် သဘာဝကျကျနေထိုင်ခြင်းအလေ့ကို အားပေးအားမြောက်ပြုလျှက်ရှိရာ ရှမ်းနီရိုးရာအိမ်များကို ပြန်လည်ထိန်းသိမ်းသင့်ပေသည်။
ရှမ်းနီလူမျိုးတို့ ၏ လူနေမူ့ဓလေ့ကို ကြည့်လျှင် လူမျိုးကြီးတစ်မျိုး ၏ စရိုက်လက္ခဏာများကိုတွေ့ရမည်ဖြစ်ပြီး ခေတ်ကာလအလျှောက် ပြောင်းလဲမူများရှိလာသည့်တိုင် ရှေးရိုးရာလက္ခဏာများကိုလည်း အမြောက်အများတွေ့နိူင်ပါသေးသည်။ စျေးသုံးလည်းမကြွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ ဟူသော စကားအတိုင်း ရှမ်းနီလူမျိုးတို့သည် ခေတ်ကာလအလျှောက် ပြောင်းလဲမူနောက်လိုက်နိူင်သော်လည်း မိမိတို့ ၏ ရိုးရာဓလေ့များကိုလည်းမမေ့သင့်ပေ။ လူမျိုးတစ်မျိုးသည် ရိုးရာဓလေ့ ထုံးတမ်းများပျောက်ဆုံးပါက လူမျိုးတစ်မျိုးဟူ၍လည်း ရပ်တည်နိူင်မူမရှိဖြစ်သွားနိူင်ပေသည်။ ရှမ်းနီတို့ ၏ ရိုးရာအိမ်နှင့်ပတ်သက်၍ ဤမျှနှင့် ပြည့်စုံလုံလောက်မည်မဟုတ်ပေ အိမ်ဆောက်ရာတွင် နည်းစနစ်စည်းကမ်းများ၊ အခါရွေးရက်ရွေးများ၊ ဥတုတိုင်ထူ အခမ်းအနား၊ အိမ်သစ်တက်မင်္ဂလာ အစရှိသော ဓလေ့ထုံးတမ်းများ များစွာရှိသော်လည်း လက်လှမ်းမီသလောက်နှင့် သဘောတရားမျှသာ တင်ပြလိုရင်းဖြစ်သဖြင့် ကျန်အစိတ်အပိုင်းများကို အခြားတတ်သိနားလည်သူများက ပြန်လည်ပြုစုကြရန်သာပြောကြားလိုပေသည်။