၂၀၁၆ ခုနှစ် ဒီလို မိုးရာသီတစ်ခုပါပဲ ။ ရှမ်းပြည်က သမိုင်းဝင်မြို့ဖြစ်တဲ့ ပင်လုံမြို့ကိုတစ်ခုရှိလို့ သွားခွင့်ရလိုက်ပါတယ်။ တောင်ကြီး – လွိုင်လင်-ပင်လုံ လမ်းပေါ်မှာ မိုင်းပွန်မြို့ဆိုတာ ရှိပါတယ်။ တောင်ပေါ်မြို့တစ်ခုပီသစွာပဲ တက်ဆင်းကွေ့ကောက်နေတဲ့ လမ်းမတွေနဲ့ မကျယ်ပြန့်လွန်းတဲ့ မြို့ဧရိယာတွေနဲ့ပါ။ နမ့်ပွန်ချောင်းကိုအစွဲပြုပြီး မိုင်းပွန်မြို့လို့ဆိုပါတယ်။ ဒီမြို့က အအေးပိုတဲ့ မြို့တစ်ခုဖြစ်သလို မိုးလည်းများပါတယ်။ ဒီမြို့ငယ်လေးကလည်း ရှမ်းသမိုင်းရော မြန်မာ့သမိုင်းမှာရော အရေးပါတဲ့ မြို့တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီမြို့နဲ့အတူ မြို့ကို အုပ်ချုပ်ခဲ့တဲ့ စော်ဘွား မိုင်းပွန်စော်ဘွားစဝ်စံထွန်း ဆိုတာ မြန်မာ့သမိုင်းကနေ ဖျောက်မရတဲ့ စော်ဘွားတစ်ဦးလည်းဖြစ်ပါတယ်။
သူ့ကို မိုင်းပွန်မြို့ စော်ဘွားကြီး စဝ်ခွန်ထီးနဲ့ မယ်တော် နန်းစိန်ဥတို့က ၁၉၀၇ ခုနှစ် မေလ ၃၁ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းမှာ ၁၀ တန်းအထိ ပညာသင်ကြားခဲ့ပြီး မိတ္ထိလာမြို့ စက်ရှင်တရားသူကြီးဦးကျောက်တိုင်ရုံးမှာ အလုပ်သင်ဝင်ခဲ့ပါတယ်။ မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းမှာလည်း ၆ လ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ ရဲအုပ်သင်တန်းဆင်းပြီး ဗန်းမော်မြို့မှာ ရဲဝန်ထောက်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ထိုမှတဖန် တောင်ကြီးမြို့ ရှမ်းပြည်မင်းကြီးရုံတွင် အလုပ်လုပ်သည်၊
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်းအင်္ဂလိပ်တွေ မြန်မာနိုင်ငံထဲကို ပြန်ဝင်လာပြီး သူတို့နဲ့အတူပါလာတဲ့ စက္ကူဖြူ အုပ်ချုပ်ရေးကို မိုင်းပွန်းစော်ပွားစဝ်စံထွန်းက ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့အခြေအနေ၊ မြန်မာ့အခြေအနေ၊ တောင်းတန်းဒေသအခြေအနေတို့ကို ကွက်ကျော်မြင်ပြီး အင်္ဂလိပ်တို့ရဲ့ တောင်တန်းနှင့် မြေပြန့် သွေးခွဲအုပ်ချုပ်မှုကို မလိုလားကာ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ် အစိုးရ အဖွဲ့တွင် ၁၉၄၇-ခုနှစ် မတ်လ၂၆-ရက်နေ့မှပြီး အတိုင်ပင်ခံတောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါတယ်။
၁၉၄၇ ခုနှစ်၊ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန်မှာ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်စုံဝတ်ဆင်ထားသော လူတစ်စုသည် ဝန်ကြီးများရုံးအတွင်း ဝင်ရောက်ကာ ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်အချို့အား ပစ်ခတ်လုပ်ကြံခဲ့ကြပါတယ်။
အဲ့နေ့မှာပဲ ဗိုလ်ချုပ်အောင်ဆန်း နဲ့အတူ တခြားအာဇာနည် (၈) ဦး ကွယ်လွန်ခဲ့ရပြီး ဇူလိုင်လ ၂၀ ရက်နေ့မှသာ မိုင်းပွန်စော်ဘွားက ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။
သူ့အလောင်းကို ရှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့သို့ ယူဆောင်သွားပြီးနောက် ၁၃၁၀-ပြည့်နှစ် ကဆုန်လဆန်း ၁-ရက်နေ့မှာရှမ်းရိုးရာအစဉ်အလာအခမ်းအနားနဲ့ သင်္ဂြုလ်ခဲ့ကြပါတယ်။
အရိုးပြာတစ်ဝက်ကို ရန်ကုန် အာဇာနည် ဗိမ္မာန်မှာ ထားပြီးတစ်ဝက်ကို မိုင်းပွန်မြို့ တောင်ဘက်ကမှာအာဇာနည်ဗိမ္မာန်လုပ်ပြီး ထားရှိထားတာလည်းဖြစ်ပါတယ်။
ဒီလို လွတ်လပ်ရေးအတွက်ကြိုးစားခဲ့တဲ့ မိုင်းပွန်စော်ဘွားရဲ့ ဟော်နန်းက ၂၀၁၆ ခုနှစ်မှာ ရောက်သွားတဲ့အခါပေါက်ပြဲနေတဲ့ ကြမ်းခင်း ၊ ယိုင်နဲ့နေတဲ့ လှေကားထစ်များ ၊ လသာပြင်တွေနဲ့သာ စိတ်မကောင်းစွာတွေ့မြင်ခဲ့ ရပါတယ်။
ဒီလိုသမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးရဲ့ အထင်ကရနေရာ ၊ အမှတ်အသား စတာတွေကို ထိန်းသိမ်းနိုင်မှုက အင်မတန် အားနည်းတာကို တွေ့မြင်ရတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာ ပြန်သိလိုက်ရတာက မိုင်းပွန်စော်ဘွားရဲ့ နေအိမ်ကို ပြန်လည်ပြင်ဆင်ထားပြီးပြီဆိုတာ ဝမ်းသာစရာပါ။
မြန်မာ့သမိုင်းအချိုးအကွေ့တွေထဲက မမေ့အပ်သောသူတစ်ယောက်အဖြစ် ဒီနေ့အာဇာနည်နေ့မှာတင်ပြလိုက်ရပါတယ်။