
အစိုးရအဆက်ဆက်နဲ့ ဗျူရိုကရက် ပညာတတ်အဆက်ဆက်က လက်ရှောင်ပြီး သမိုင်းမှတ်တမ်းမှာ မသိလေဟန်ပြုခံရတဲ့ လူမျိုးများထဲက အနစ်နာဆုံး၊ ဆုံးရှုံးမှုအများဆုံးကတော့ ရှမ်းနီလူမျိုးတွေဘဲ ဖြစ်ပါတယ်။ သမိုင်းဘာသာရပ်အဖြစ် ကျောင်းသင်ရိုးတွေမှာ ပြည်ထောင်စုကြီးတည်ဆောက်ပုံကို လှပသေသပ်စွာ ပုံဖော်ထားပေမဲ့ တကယ့်အမှန်တရားကိုတော့ မေ့ဟန်ပြုနေကြပါတယ်။
ကချင်ပြည်နယ်ဖြစ်ပေါ်ရေးအတွက် တောင်တန်းနယ်နဲ့ မပြည့်စုံတဲ့အခါ ရှမ်းနီနယ်မြေ တွေကို ထိုးကျွေးရင်း အဲ့ဒီလိုထိုးကျွေးလိုက်တဲ့အတွက် “နောင်ပြည်ထောင်စုကဘယ်တော့မှ ခွဲမထွက်ရဆိုတဲ့” မှတ်ချက်နဲ့ အလျော်အစားကိုလုပ်ပြီး သဘောတူလိုက်ကြတဲ့အကြောင်း အစိုးမင်းများက သမိုင်းမှာ ရှူးတိုးတိုးလုပ်လိုက်ကြတာပေါ့။ ဒါဟာ မတရားဘူးလို့ရှမ်းနီတွေရဲ့ အော်သံကြားတော့ လွတ်လပ်ရေးအတွက်၊နောက်တစ်ခါ ပြည်ထောင်စုကြီးအတွက် ဆိုပြီး ခြောက်ခဲ့ ဖိန့်ခဲ့ကြတယ်။ အဲဒီတုန်းက” နောင်ခါလာနောင်ခါစျေးပေါ့”လို့ ဆိုခဲ့တဲ့ ဝန်ကြီးချုပ်ဆိုသူကလည်း လောကကြီးမှာမရှိတော့ပါ။
ပြောသေးတယ်။ နောင်နှစ်၅၀ကျော်လောက်ဆို မေ့သွားကြမှာပါ တဲ့။ရှမ်းနီလူမျိုးကို လူတွမေ့အောင်လုပ်တဲ့နည်းဗျူဟာပေါင်းစုံဟာ အစိုးရမင်းများအဆက်ဆက် လက်ဆင့်ကမ်းသုံး လာကြတယ်။ ရှမ်းနီအရေးဆိုရင် အပြောမခံ၊ စာရင်းမသွင်း၊ ရှမ်းနီ ဆိုတာပျူတွေနဲ့ ဘတစ်ပြန် ကျားတစ်ပြန် ဆော်ခဲ့ကြတာ ပထမမြန်မာနိုင်ငံဆိုတာကြီးမပေါ်ကတည်းက။ သမိုင်းအမှန်ကို မျက်ကွယ်ပြုသူတွေပေါ့။ မှတ်ပုံတင်မှာ ဗမာလို့ရေးမှ မှတ်ပုံတင်ပေးမယ်တဲ့။ ကြားဖူးကြလား ညီနောင်တိုင်ရင်းသားတွေရဲ့။
အဲဒါဘုရားစူး ကချင်ပြည်နယ်ကရှမ်းနီတွေဘဝ။ ဗမာလူမျိုးမှမဟုတ်တာလို့ ငြင်းဆန်တော့ ရှမ်းဗမာတော့လုပ်မှရမယ်တဲ့ ။သဘောကောင်းတဲ့ လဝကဆရာကြီးများက။ အဲဒါ ခုမှမဟုတ်ဘူး နှစ်(၇၀)ကျော်ကြာပြီ။ ဒီလိုနဲ့
စာသင်ခန်းထဲ ရှမ်းနီစကားပြောရင် ဒဏ်ပေးခံရဘူးတဲ့ အသက်၆၀ ဝန်းကျင် ရှမ်းနီများ မှတ်မိကောင်းပါရဲ့။ရှမ်းနီစာသင်ကြားဖို့အရေးဆို ဝေလာဝေး။ စာဆက်မသင်ဖို့ ပုရပိုက် တွေကိုမီးရှို့ ပစ်ခံခဲ့ရတာတွေကို ဘယ်သမိုင်းရေးသူတွေကမှ မသိကြ။ မခံနိုင်လို့ တော်လှန်ပုန်ကန်တော့၊တော်လှန်ရေးမစမီဘဲ တစ်ခန်းရပ်ခဲ့ရတယ်။ကရင်၊မွန်နဲ့ ရခိုင်ပြည်နယ်တွေရကြ။ တော်လှန်ရးကောင်စီအပြီး ဆိုရှယ်လစ်စံနစ်စတင်တဲ့ အေ ခြခံဥပဒေအသစ်မှာ ပြည်နယ်သစ်တွေ ရရှိနိုင်ရေး အပိုဒ်ခွဲကိုရေးဆွဲကြတော့ မြေလတ်ရှမ်းနီပြည်နယ်စကားဟမိပြောမိယုံရှိသေး၊ အင်းစိန်ထောင်ကြီးက ရယ်ပြနေပြီ။
ဒီကြားထဲ ကေအိုင်အေဆိုတဲ့ သူတော်ကောင်းများကလည်းရှမ်းနီခေါင်းမထောင်ရေးကို မသိမသာရော သိသိသာသာပါ ဖိနှိပ်နေတာပါ။ ရှမ်းနီတွေကို သုတ်သင်၊လက်နက်နဲ့ ခြိမ်းခြောက်၊ ဆက်ကြေးကောက်၊ရွာတွေမီးရှို့ ၊မုဒိန်းကျင့်၊ အဓမ္မစစ်သားကောက် ဒါတွေကိုပြည်မက ညီကိုအမ ဆိုသူများကမကြား မသိ၊ တော ထဲဟင်းရွက်ခူးတာကအစ အခွန်ဆောင်ရ။ဖောက်ခွဲလိုက်တဲ့သံလမ်းမိုင်းက နေ့တိုင်းလိုလို၊ ရထားစီးတိုင်းရင်တမမ၊ ပြောပြရရင်မကုန်ပါ။
ရှမ်းနီဒေသတစ်ခုလုံးစစ်သလင်းပြင်ဖြစ်လို့။ အစိုးရမင်းများက မသိချင်ဟန်ဆောင်၊ အခြားညီနောင်တိုင်းရင်းသားများအချို့ကတော့ပျော်လို့ ၊ပြည်နယ်တွေရကြတာကိုး။ အချို့ကြတော့ သူတို့ဒုက္ခနဲ့သူတို့ပေါ့လေ။
အခုခေတ်လိုအင်တာနက်ခေတ်မဟုတ်တော့ ရှမ်းနီတွေဒုက္ခကို အခုလိုဘယ်သူမှမသိတဲ့အတွက် ပြောပြရင် ကိုယ်တွေ့မကြုံကြတော့ ပိုတယ်ထင်၊၊ဒီလိုချိန်မှာ တစ်ထပ်တည်း ကိုကိုတပ်မတော်သားတွေရဲ့ ရက်စက်ပုံတွေကဒုနဲ့ဒေး။ပေါ်တာနဲ့ချောဆွဲတာကို အခုခေတ်လို အဓမ္မအလုပ်ခိုင်းစေတို့ ဘာတို့ ပြောပေးမဲ့လူမရှိ။ သင်္ခါရအမြဲမရှိ ပေါ်တာအမြဲရှိလို့ပေါ့။ စစ်ပွဲတွေရပ်လို့အော်ပေးမဲ့သူမရှိ။ စစ်ဘေးရှောင်ဆို တာ အခုတော့ သိပ်လှတဲ့နာမည်ပေါ့။
တောတောင်မှာ ပျော်တဲ့ ကချင်မျိုးနွယ်တွေကိုလည်း စုစည်းတို့၊အောင်မြေ တို့ ဆိုပြီးမြေပြန့်ကရှမ်းနီလယ်ကွက်တွေကို အကွက်ရိုက်ပြီး ဇွတ်အတင်းပြောင်း ရွှေ့ကြပေါ့။ အရင်ကသူတို့စိတ်ညစ်ပေမဲ့ ခုတော့ပျော်လွန်းလို့ သူတို့နေရာဟောင်းကို မေ့ပြီး ဒါငါတို့မြေလုပ်နေပြီ။ ဒါက အစိုးရမင်းများရဲ့ ရှမ်းနီလူမျိုးသုန်းပျောက်ကွယ်ရေးရဲ့ စီမံချက်အချို့ဘဲရှိသေးတယ်။မူးယစ်ဆေးဝါးကို လက်ရှောင်တော့ ထင်တိုင်းပေါပေါ့။
ဘယ်အစိုးရတက်တက် ရှမ်းနီအရေးလက်ရှောင်နေကျ ။ ယနေ့ စကစ အထိ။ ပင်လုံစာချုပ်ကနေ ယနေ့အထိပြန်စဉ်းစားပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုတို့ကို အကြိမ်ကြိမ်ထိုင်ကန်တော့ ရမှာက ယနေ့ကချင်ပြည်နယ်က ကချင်လူမျိူးများပါ။ ဦးနုတို့အဖွဲ့ဆို ရှမ်းနီတွေအကြိမ်ကြိမ်တားတဲ့ကြားက ပါလီမန်မှာရအောင်ဖန်တီးရေးဆွဲခဲ့တယ်။ အစိုးရမင်းများက ကချင်ပြည်နယ်အတွက်ရေးထားတဲ့ ဥပဒေ မှာ ပါတဲ့ Non Kachin များဆိုပြီး ရှမ်းနီ လူမျိုးနာမည် ဖျောက်ခြင်းခံခဲ့ကြရတယ်။ ဒါတွေကို တကယ်တော့ပြောမပြချင်တော့ပါ။ ခုတော့ သီးခြားနိုင်ငံဖြစ်ထွန်းပေါ်ပေါက်ရေးကို ခြေလှမ်းနေကြပြီလေ။သူတို့ကြိုးစားကြတာ ခရီးကပေါက်နေပြီ။ ရှမ်းနီတွေက ဂရမ်ပေါက်ဖို့၊နာမည်ဖောက်ဖို့လုပ်နေရတုန်း။ ပြည်မသားများကို ပြောပြတော့ မဟုတ်လောက်ဘူးထင်ကြ။
၁၉၈၈မှာ စပ်ခါးခါးအရသာကို ပြည်မသားတွေ ကိုယ်တိုင်ခံစားရတဲ့အခါ။ အဲလောက် ဆိုးသလားတဲ့။ တော်တော်လေးသိပေမဲ့ ၊နဲနဲကြာတော့မေ့သွားတယ်။ ဟိုက က ကွက်တွေ ဆိုငိုပြောတွေက ပိုင်သကိုး။၂၀၂၀ မှာတော့ ဒီဘဲတွေရဲ့ သရုပ်မှန်ကို တစ်နိုင်ငံလုံး ကွက်ကွက်ရော ကွင်းကွင်းရောမြင်ရ တွေ့ကြုံ ခံစားကြရတုန်း(ချွတ်ခြုံကျနေတဲ့နိုင်ငံ)ကိုကမ္ဘာကပါ အာရုံပြုပေးလာရတဲ့ အခြေအနေပေါ့။ ဒီလိုအချိန် နိုင်ငံရေးအမြတ်ဟာ၊ နိုင်ငံကြီးကိုကယ်မသူတွေအချင်းချင်း၊အဖွဲ့ပေါင်းစုံ ကြားမှာ ကေအိုင်အေဟာ ပေါ်ပျူလာအ ဖြစ်ဆုံး။ စကစနဲ့ ဆန့်ကျင်ဘက်အနေအထားဆိုပေမဲ့ ၊၊ရှမ်းနီတွေ ပြန်လည်မရှင်သန်ရေးအတွက်( ကေအိုင်အေ)+(ခေတ်အဆက်ဆက်အစိုးရ)ဟာ မူဝါဒအရ”လက်ဝါးဂဟေ” မဖြုတ်ကြေးများလား။ဒီလိုအခြေအနေမျိုးနဲ့ ရှမ်းနီအရေးဟာ လူမလေးခွေးမခန့် များဖြစ်နေပြီလား။
ဆေရန်ပြိုနိုင်