ရှမ်းနီတွေ မျိုးသုန်းပျောက်ကွယ်သွားရေးဟာ ခေတ်အဆက်ဆက် အစိုးရမင်းများက လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တဲ့မူဝါဒတွေဘဲဖြစ်တယ်။ နောက်လာမဲ့ အစိုးရမင်းများကလည်း ဒီနည်းလမ်းအတိုင်းဆက်လျှောက်ကြမည်လား မပြောတတ်။ ရှမ်းနီများဟာလည်း ရှမ်းနီအချင်းချင်း အပြစ်ရှာ အပြန်အလှန် ဆဲဆိုဖို့အတွက် အလွန်အားထုတ်နိုင်ကြသူများဖြစ်ပါတယ်။ အဲဒီလိုအားထုတ်ဖို့အတွက် ရှမ်းနီမျိုးသုန်းပျောက်ကွယ်ရေး မဟာဗျူဟာအစီအစဉ်တွေကို ရှမ်းနီမျိုးနွယ်တွေကြား စီးဆင်းစိမ့်ဝင်နေတာကို ဘယ်သူမှသတိပြုဟန်မတူပါ။ ဘယ်အစိုးရမှ ပင်လုံစာချုပ်မချုပ်ခင်ပြဿနာတွေကို လူထုတွေအသိမခံချင်တော့။ ပြီးခဲ့တာပြီးပါစေတော့။ပြန်မဖော်ကြေး။ ဒါကို ရှမ်းနီများက မဖော်လို့မဖြစ်။ ရှမ်းနီတွေပြန်ဖော်ရင် မတရားဇွတ်လုပ်ခဲ့တဲ့ပြည်ထောင်စုကြီးအကြောင်း ကွက်ကွက်ကွင်းကွင်းပေါ်တော့မှာ။ အခြားတိုင်းရင်းသားတွေနဲ့စာရင် ရှမ်းနီတွေကို စတေးလိုက်တော့ ဆိုတဲ့အချိုး။ အထူးသဖြင့်ကချင်လူမျိုးများအပေါ် မျက်နှာမပျက်ချင်ကြတော့။ ဒီလိုနဲ့ရှမ်းနီများ ခေါင်းမဖော်နိုင်ရေး ခေတ်အဆက်ဆက် နည်းလမ်းပေါင်းစုံနဲ့ နှိပ်ကွပ်ခဲ့ကြပေါ့။ ဗမာအပါအဝင် အခြားတိုင်းရင်းသားများ ရဲ့ ယနေ့လူငယ်တွေအထိ အတွေးအမြင်မှာ ဘာကြောင့်ဒီရှမ်းနီတွေ နယ်မြေပြန်လည်ရရှိရေး လုပ်ဆောင်နေရ ပါသလဲလို့ တွေးပေးမဲ့သူ ရှိနိုင်ကောင်းပါရဲ့။ နယ်မြေဟာ ပကတိအမျိုးသားရေးစိတ်ဓာတ်ကို မွေးဖွားပေးတယ်။ အဲဒီအမျိုးသားရေးစိတ်ဓာတ်ကဘဲ စာပေ၊ဘာသာစကားနဲ့ယဉ်ကျေးမှုတွေကို ပြန်လည်တည်ဆောက်ပေးတယ်။ နယ်မြေပိုင်ဆိုင်ခြင်းရဲ့ အတွင်းနုညံ့တဲ့ စိတ်ခံစားမှုဟာ လူတစ်ဦးချင်းစီရဲ့ ခွန်အားကိုဖြစ်ထွန်းစေတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ဒီလိုနဲ့ အမျိုးသားရေးစိတ်ခွန်အားကို ဖန်တီးကြရတယ်။ ရှေးကတည်းကခုထိ။
နယ်မြေပိုင်ဆိုင်ခြင်းရဲ့ အတွင်းနုညံ့တဲ့ စိတ်ခံစားမှုဟာ လူတစ်ဦးချင်းစီရဲ့ ခွန်အားကိုဖြစ်ထွန်းစေတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးဟာ ဒီလိုနဲ့ အမျိုးသားရေးစိတ်ခွန်အားကို ဖန်တီးကြရတယ်။ ရှေးကတည်းကခုထိ။
ရှမ်းနီနယ်ကို အပိုင်စီးထားတဲ့သူတွေက အရင်ကပြည်နယ်ရယုံဆိုပေါ့။ အခုတိုင်းပြည်တစ်ခုတည်ဆောက်ရေးကို နည်းပေါင်းစုံနဲ့ ပြင်ဆင်အားထုတ်နေလေရဲ့။ ဒါဟာသူတို့အမျိုးသားရေးကို ထိပ်ဆုံးထိမျှော်မှန်းချက်များစွာထဲကတစ်ခု။သူတို့ကြိုးစားနေကြတာက အားကျစရာ။ လူတိုင်းရဲ့ မိမိအမျိုးသားရေး မျှော်မှန်းချက်ဟာ ဘယ်လောက်ထိ ဂိတ်ဆုံးလဲဆိုတာ အားထုတ်ကြသူများရဲ့ ဆန္ဒကုန်ဆုံးချိန်ထိဘဲဖြစ်ပါလိမ့်မယ်။ တကယ်ဆို ရှမ်းနီတွေ ရှမ်းဗမာ ဘဝပြောင်းခံရပြီးကတည်းက ယနေ့အချိန်မှာ ဗမာလုံးလုံးဖြစ်သွားတဲ့အခြေအနေတွေဟာ ဒုနဲ့ဒေးပါ။ အဲဒီအခါ ရှမ်းနီအချင်းချင်း ဆဲကြဖို့ဝန်မလေးတဲ့အပြင် ဗမာခံယူသွားတဲ့ ရှမ်းနီသွေးစီးဆင်းနေသေးတဲ့ သူတွေကလည်း မသိချင်ယောင်ဆောင်ပြီး ဒီမိုကရေစီအသွင်ဆောင်စကားလုံးတွေနဲ့ မျက်ကန်းမျိုးချစ်တွေပါကွာလို့ အားပါးတရပြောကြလေရရဲ့။ ပင်လုံစာချုပ် မချုပ်မီနဲ့ စာချုပ်ချုပ်ဆိုပြီး အခြေအနေတွေကို အဲဒီကာလက ခေါင်းဆောင်လုပ်သူတွေဘယ်လိုဖြတ်သန်းခဲ့ရပါတယ် ဆိုတာကို တိတိကျကျ ယနေ့ကျောင်းသင်ရိုးညွန်းတမ်းမှာ ဘယ်ပညာရေးဝန်ကြီးက ထည့်သွင်းရေးဆွဲပြဌာန်းရဲပါသလဲ။
အားလုံးဂျင်းထည့်ခံထားရကြတော့။ ဒီစာဖတ်ပြီး ရူးနေပြီလားလို့ တွေးကြပေမပေါ့။ သမိုင်းကို ပြန်ပြန်ပြောနေရတာဟာ ပြောမှဖြစ်မှာမို့ ပြောနေရတာပါ။ ဒီမြစ်၊ ဒီချောင်း၊ ဒီတော၊ ဒီတောင်ဝန်းကျင်တွေနဲ့ ဒီလယ်ယာမြေတွေ၊ ဒီကျေးရွာ မြို့ပြ ပြည်ထောင်တွေကို ရှမ်းနီ အဖိုးအဘေးတွေ ၊ အဘီအဘင်တွေ ချွေးနဲ့သွေးနဲ့ ရင်းနှီးတည်ဆောက်ခဲ့ကြတာဖြစ်တယ်။ တစ်ခုမှ မတရား အချောင်နိုက်ယူထားတာမရှိပါ။ စာရွက်ပေါ်မှာ စကားပြော မြေပုံပေါ်မှာ လက်ညှိးထိုးပြီး ဇွတ်တောင်းယူထားတာမဟုတ်ပါ။ မြို့ပြ ပြည်ထောင်တွေကိုတည်ဆောက်၊ စာပေယဉ်ကျေးမှုတွေ ထွန်ကားစည်ပင်အောင်ဆောင်ရွက်၊ စံနစ်ကျတဲ့ အုပ်ချုပ်မှုပုံစံတွေနဲ့ ဖမ်တီးတည်ဆောက်ခဲ့တဲ့ ဘိုးဘေးဘီဘင်များရဲ့ တန်ဘိုးတွေကို ယနေ့မတရားသိမ်းပိုက်ခံ ဖျက်ဆီးခံနေရတဲ့ အခြေအနေတွေရဲ့ ကွက်ကွက်ရော ကွင်းကွင်းပါ မြင်နိုင် ခံစားနိုင် ပြန်လည်ရယူနိုင်ဖို့ ဘယ်ရှမ်းနီတွေက ထပ်၍ ငြင်းခုံကြ ဆဲဆိုကြ အပြစ်တွေတင်နေကြ အုံးမှာလဲ။
ရေးသားသူ – ဆေရန်ပြိုနိုင်