မေ ၁၂ ၊ တမူး
မြန်မာ-အိန္ဒိယ နယ်စပ် မဏိပူရ်ပြည်နယ်အတွင်းမှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် မေလအထိ တရားမဝင် ဝင်ရောက်နေထိုင်သူ ငါးထောင်ကျော်ရှိခဲ့ပြီး နေရပ်ပြန်ပို့ရေးလုပ်ဆောင်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က မေလ ၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
မဏိပူရ်ပြည်နယ် ကမ်ဂျွန်ခရိုင်အတွင်းမှာ တရားမဝင် ရွေ့ပြောင်းနေထိုင်သူ ၅၄၅၇ ဦးကို စိစစ်တွေ့ရှိခဲ့ရပြီး ပြည်နှင်ဒဏ်ပေးရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်နေဆဲဖြစ်တယ်လို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N Biren Singh က သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာကနေ ပြောဆိုပါတယ်။
“ ကျွန်ုပ်တို့ဟာ ယခုအချိန်အထိ ရှာဖွေတွေ့ရှိခဲ့တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအားလုံးကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးလျက်နေပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ အခြေအနေဖြစ်နေပေမယ့်လည်း ကျွန်တော်တို့က အဲဒါကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနေပါတယ်။ ” လို့ သူက ပြောပါတယ်။
တရားမဝင် ဝင်ရောက်လာသူ ၅၄၅၇ ဦးထဲက ၅၁၇၃ ဦးရဲ့ ဗီဝဗေဒဆိုင်ရာ အချက်အလက်တွေကို မှတ်ပုံတင် စုဆောင်းထားပြီလို့လည်း သူက ပြောဆိုပါတယ်။
မေ ၂ ရက်ကလည်း မဏိပူရ်ပြည်နယ် ၊ အင်ဖာအကျဥ်ထောင်မှာ အကျဥ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား တချို့ကို မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဖြစ်တဲ့ မိုးရေး – တမူး အင်ဒို – မြန်မာ နယ်စပ်ဂိတ်မှာ အိန္ဒိယက လွဲပြောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။
“ အစိုးရကတော့ မကြာခင်က ဝင်လာတဲ့သူတွေကို ပြန်ပို့ဖို့အတွက် အစီအစဉ်တွေချထားပြီးနေပြီ။ မြန်မာနိုင်ငံအတွင်းကနေ ဝင်ရောက်လာတွေရှိတယ်။မဏိပူရ်ပြည်နယ်အတွင်းမှာ တိုက်ကြခိုက်ကြနဲ့ ဆိုးရွားတဲ့အခြေအနေတွေဖြစ်လာခဲ့တာပေါ့လေ။ လူထုကလည်း အစိုးရကို ဖိအားပေးတာတွေရှိတယ်။ အဲ့ခါကျတော့ လူမျိုးစုတွေကို မခွဲခြားတော့ပဲနဲ့ ဝင်လာတဲ့သူအားလုံးကို ပြန်ပို့မယ့်အစီအစဉ်ချမှတ်လိုက်တာဖြစ်မယ် ” လို့ မဏိပူရ်ရှိ မီတေလ်-တိုင်း အဖွဲ့အစည်းမှ ခေါင်းဆောင် မွန်တီရာဂျက်ကူးမားက ပြောပါတယ်။
အိန္ဒိယနိုင်ငံအတွင်းကို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူ ငါးထောင်ကျော်ရှိပြီး အဲ့ထဲမှာ ရှမ်းနီ စစ်ဘေးတိမ်းရှောင်သူ သုံးထောင်နီးပါးရှိနေတာလည်းဖြစ်ပါတယ်။
တမူးမြို့နယ်အတွင်း သနန်ကျေးရွာ ၊ စိုးသာယာ ၊ အောင်ဇေယျကျေးရွာအတွင်း နေထိုင်ကြတဲ့ ရှမ်းနီတိုင်းရင်းသားတွေဟာ စစ်ကောင်စီတပ် နဲ့ ကူးကီး+ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲကြောင့် အိန္ဒိယနိုင်ငံဘက်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးခိုလှုံခဲ့ကြရတာလည်းဖြစ်ပါတယ်။