“ ရိုးရာပွဲမို့ ရိုးရာမပျက်ဖို့ ငါတို့မြစ်ဝှမ်းက ချယ်ရီမပွင့်လဲ နှစ်သစ်ကြိုနေမှာ” ရှမ်းအဆိုတော် စိုင်းအောင်ထီးခမ်းရဲ့ ရှမ်းနီဒေသအကြောင်း ဆိုထားတဲ့ သီချင်းသံဟာ ဒီတစ်နှစ်တော့ တိတ်ဆိတ်လို့နေသွားပါပြီ။
မြူနှင်းငွေ့များကြား ဗုံတို ၊ ဗုံရှည် ၊ မောင်းဆိုင်းနဲ့ လင်းကွင်းသံတွေနေရာမှာ အမြောက်ကြီးပစ်ခတ်သံများက ရှမ်းတို့ဌာနများမှာ နေရာယူလို့လာပါပြီ။
ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ရှမ်းနှစ်သစ် ၂၁၁၈ ခုနှစ် ( မယ်ပီ (နှစ်မ) အမည်က ကပ်၊ လုတ်ပီ(နှစ်ငယ်) အမည်က ဆီ ၊ ပီငုတ် (နဂါးနှစ်) ကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ ရှမ်းနီတိုင်းရင်းသားတို့အတွက် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ ပြုလုပ်တဲ့ ပွဲလမ်းသဘင်များစွာထဲက နှစ်သစ်ကူးပွဲတော်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်ရောဂါ ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုများကြောင့် လုံးဝကျင်းပနိုင်ခြင်းမရှိပဲ ရပ်တန့်သွားခဲ့ရပါတယ်။ သို့သော်လည်း နှစ်သစ်ကို စောင့်ဆိုင်းတာ ၊ ကြိုဆိုကြတာ၊ နှစ်သစ်ဝမ်းမြောက်တာ၊ လှူဒါန်းတာတွေကို ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ရှမ်းနီဒေသတချို့မှာ နှစ်သစ်ကူးပွဲတော်အကျဉ်းချုံးပြီး ကျင်းပကြရပေမယ့် အခုနှစ်က ထူးထူးခြားခြား ရှမ်းနီဒေသအားလုံး နှစ်သစ်ကူးပွဲတော်ကို တစ်နေရာမှာမျှ ကျင်းပနိုင်ခြင်းမရှိတော့ပေ။ နှစ်သစ်ကူးဖို့အတွက်ထက် မိမိရဲ့ အသက်ရှင်သန်ရပ်တည်ရေးအတွက် ဦးစားပေးပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးမတိမ်းရှောင်ကြရသူများအဖို့လည်း စစ်ရေးပဋိပက္ခများကြောင့် ပွဲတော်ကို ကျင်းပခွင့်မရရှိကြပါဘူး။
ရှမ်းနှစ်သစ်ကူးပွဲတော်ကာလ နိုဝင်ဘာ ၊ ဒီဇင်ဘာလ တွေမှာ ရှမ်းနီဒေသဖြစ်တဲ့ ဟုမ္မလင်း၊ ဗန်းမောက် ၊ပင်လည်ဘူး၊တမူး၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး ၊ ဗန်းမော် အပါအဝင် ဒေသအသီးသီးမှာ နှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ်လှူပွဲကို ပြုလုပ်ကြပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး လက်နက်ကိုင်တပ်ဖွဲ့များရဲ့ စိုးမိုးနယ်မြေပိုင်ဆိုင်မှုတွေကြား ဒေသခံတွေရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများက လုံးဝကျင်းပခွင့်မရှိတော့ချေ။
ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များ ကျင်းပနိုင်ဖို့ မဆိုထားလင့် ရှမ်းနီစကားပြောတာ၊ တေးသီချင်း၊ ရုပ်သံများ၊ မှတ်ပုံတင်မှာ ရှမ်းဟု အမည်ဖော်ပြထားလျှင်ပင် ရိုက်နှက်ဖျက်ဆီးမှုများကြုံတွေ့နေရတဲ့အခြေအနေလို့ ရှမ်းနီညီညွတ်ရေးအစည်းအရုံးရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
မြေပြင်လက်တွေ့မှာလည်း အခုထုတ်ပြန်ချက်နှင့် အနီးစပ်ဆုံးဖြစ်ပွားနေပြီး တော်လှန်ရေးအင်အားစုအသီးသီးက လျစ်လျူရှုထားနေကြတာလည်းဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရေးလို့ဆိုရင် နိုင်ငံရေးကဏ္ဍမှအစ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများအဆုံး အခြေခံကျကျလေးစားလိုက်နာဖို့လိုအပ်နေတယ်လို့ ရှမ်းနီလူငယ်များပြောဆိုနေကြပါတယ်။ ရှမ်းနီဒေသအပြင် ရှမ်းပြည်မြောက်ပိုင်းဒေသအားလုံးမှာလည်း ၁၀၂၇ စစ်ဆင်ရေးများကြောင့် ရှမ်းနှစ်သစ်ကူးပွဲတော်ကိုလုံးဝမကျင်းပနိုင်သလို စစ်ပွဲမဖြစ်ပွားသေးတဲ့ ဒေသတွေကလည်း ရှမ်းနှစ်သစ်ကူးပွဲတော်ကို ပျော်ပွဲရွှင်ပွဲတွေအား ဆွမ်းကပ်လှူမှုများ၊ အကူအညီပေးမှုများသာ ပြုလုပ်ကြတာပါတယ်။
ရှမ်းနှစ်သစ်ကူးပွဲတော်ကာလက ကောက်ဦးရိတ်သိမ်းပြီးသွားသည့်အချိန် ၊ တောင်တန်းများမှာ ချယ်ရီပန်းဖူးငုံစပြုတဲ့အချိန်ဖြစ်ပါတယ်။ ကောက်ဦးတွေကို ဆွမ်းကပ်လှူမှုများ၊ ရိုးရာယဉ်ကျေးမှုဓလေ့အတိုင်း စုစုစည်းစည်း တွေ့ဆုံပြီး လာမယ့်နှစ်အတွက် စီးပွားရေး၊ လူမှုရေး အစရှိတဲ့ကဏ္ဍတွေကို ညှိနှိုင်းတိုင်ပင်မှုတွေပြုလုပ်ကြပါတယ်။ အခုလိုအလေ့အထ ဓလေ့များကလည်း တဖြည်းဖြည်းမှေးမှိန်လာနေပြီလည်းဖြစ်ပါတယ်။ သမိုင်းအဆက်ဆက်မှာ ရိုးရာနှစ်သစ်ကူးပွဲတော်မှအစ တခြားသော ဓလေ့ယဉ်ကျေးမှုများကလည်း ထိန်းသိမ်းနိုင်ဖို့ ရှမ်းနီတိုင်းရင်းသားများအဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ကြရတာကို အမှတ်ရနေမိပါတယ်။ လွတ်လပ်ရေးခေတ်ကတည်းက ယနေ့ တော်လှန်ရေးကာလများအထိ ကြိုးစားရုန်းကန်နေရတာလည်းဖြစ်ပါတယ်။ “ တမျိုးသားလုံး စည်းလို့ညီစေ၊ ဝိုင်းဖို့ကကြမယ်လေ” ဆိုတဲ့ စာသားလေးဖြင့် နိဂုံးချုပ်လိုက်ပါတယ်။
စိုင်းခေး ရေးသားသည်။