အင်းတော်ကြီးအိုင်အတွင်း စီးဝင်တဲ့ ရေဝေရေလဲချောင်းတွေမှာ နှုံးဝင်ရောက်မှုတွေများလာခြင်းကြောင့် ရေကြည်မှုတွေ သိသိသာသာလျော့ကျလာတယ်လို့ Myanmar – Fauna & Flora International (FFI) က အင်းတော်ကြီးဒေသရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပြပါတယ်။
“ကျွန်တော်တို့ယူဆတာက ကျွန်တော်တို့မြင်တာက အထူးသဖြင့် နှုံးတွေပေါ့နော့ ဒီနှုံးတွေက အချိန်နှင့်အမျှ ပို့ချနေတာကြေင့် ရေရဲ့ကြည်လင်ပြတ်သားမှု တော်တော်လျှော့နေတာကို ကျတော်တို့ တွေ့ရပါတယ်” သူက ပြောပါတယ်။
အင်းတော်ကြီးအိုင်ရဲ့ မိုင်းနောင်၊ မမုန်ကိုင်ကျေးရွာနဲ့ ဟဲပါးကျေးရွာကြားက အင်းရေကြည်လင်မှု အနည်းဆုံး၊ အနှောက်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုတွေပိုမိုမြင့်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုင်းနောင်ကျေးရွာကိုဖြတ်စီးနေတဲ့ ခေါင်းတုန်းချောင်းဟာလည်း ရွှေမျှောတွေဆီကနေ ထွက်တဲ့ ရွံ့နွံတွေကြောင့်တိမ်ကောနေသလို အင်းအတွင်းကို ရွံ့နွံတွေအဓိကဝင်ရောက်နေတာလည်းဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ဘာလို့ရေနှောက်မှုတွေဖြစ်ရမလဲ၊ အဓိကတော့ ရွှေတူးလို့ပဲပါ့ ဒါကြောင့်ပဲရှိတယ်၊ ဒီနွံတွေဟာလည်း နှစ်ပေါင်းများစွာရှိနေပြီချောင်းထဲကိုဝင်နေတာ” လို့ မိုင်းနောင်ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
နှုံးတင်ပို့ချတာကြောင့် နေရာတော်တော်များများမှာ ငါးသားဖောက်ဖို့ အခက်ခဲ့ဖြစ်သွားတယ်လို့လဲ ဆိုပါတယ်။
“ငါးပေါက်ဖွားတဲ့နေရာအခက်ခဲဖြစ်သွားတယ်ပေါ့နော် ဒီနှုန်းတင်ပို့ချတာကြောင့် တော်တော်များများနေရာပေါ့ နော် အထူးသဖြင့် နှုန်းတင်ပို့ချလိုက်တဲ့အခါမှာ မိုင်းနောင် Area(ဧရီယာ) ရယ် နောက်အများဆုံးငါးသားဖောက်တဲ့နေရာ ဒီဘက်မှာရှိတယ် လယ်ပုံလေး ရွှေလက်ပံအကုန်လုံးပေါ့နော် အဲ့နားတလျောက်က တော်တော်များများငါးသားဖောက်ဖို့အခက်ခဲဖြစ်သွားတယ် နေရာပျောက်သွားတယ်” လို့ FFI ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။
အင်းတော်ကြီးအိုင်အတွင်းမှာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေတဲ့ လိပ် ၅ မျိုးနှင့် အင်းအတွင်းသာတွေ့နိုင်တဲ့ ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့ကို တွေ့နိုင်တဲ့ ရေတိမ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။