ကချင်ပြည်နယ်ကမြို့နယ်တချို့မှာရှမ်းနှစ်သစ်ကူးပွဲတော်များပြန်လည်ကျင်းပသွားမည်

ဗန်းမော်မြို့တွင်ပြုလုပ်သည့် ကောက်ဦးဆွမ်းကပ်လှူပွဲနှင့် နှစ်သစ်ကူးပွဲတော် / ShanNi Voice

နိုဝင်ဘာ ၁၂ ၊ မိုးညှင်း 

ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုများက ကာလတန်ကြာရပ်နားထားရတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်တွေကို ပြန်လည်ကျင်းပသွားမယ်လို့ သိရပါတယ်။ 

ရှမ်းနှစ် ၂၁၂၀ ခုနှစ် နှစ်သစ်ကူးပွဲတော်ကို ဒေသအလိုက်ကျင်းပမယ့် အစီအစဉ်တွေရှိနေသလို  ရှမ်းမျိုးနွယ်စုများ စုပေါင်းပြီး ပြုလုပ်မယ့် အစီအစဉ်လည်းရှိတယ်လို့သိရပါတယ်။ 

“ ဒီမှာလည်း ရှမ်းငါးမျိုးပေါင်းပြီးမှ လုပ်ဖို့ နှစ်သစ်ကူးကို အစည်းအဝေးတွေလုပ်တယ်။ ဒီနှစ်တော့ ရှမ်းငါးမျိုးလုံးပေါင်းပြီးတော့မှ လုပ်မယ်လို့ပြောတယ်။ အခုကတော့ ပြန်စကြမယ်။ ရှမ်းငါးမျိုးဥက္ကဌကတော့ အကြီးအကျ ယ်ကြီးလုပ်ကြရအောင်တော့ပြောတော့ပေါ့လေ” လို့ ရှမ်းအရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပွဲတော်ဖြစ်မြောက်ရေးအတွက် အစည်းအဝေးတစ်ခုကိုလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ရှမ်းမျိုးနွယ်စုများစုပေါင်းပြီး ပြည်နယ်အဆင့် နှစ်သစ်ကူးပွဲတော်ဟာ ၂၀၁၅ ခုနှစ်မှာ  ၂၀၁၉ အထိ သိုက်သိုက်ဝန်းဝန်းကျင်းပခဲ့ပေမယ့် စုပေါင်းပြီးမကျင်းပတာ  ၅ နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ 

ရှမ်းမျိုးနွယ်စုတွေရဲ့ စုပေါင်းနှစ်သစ်ကူးပွဲတော်တွေကို ပြည်နယ်အဆင့်သတ်မှတ်ပြီး ကျင်းပတာလည်းဖြစ်ပါတယ်။ 

၂၀၂၀ ခုနှစ် ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ကျင်းပနိုင်ခြင်းမရှိတော့ပဲ ဒေသအလိုက် အကျဉ်းချုံးသာကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှ ဖျော်ဖြေပွဲတွေပါတဲ့ ပွဲတော်ကိုပြန်လည်ကျင်းပမှာလည်းဖြစ်တယ်လို့သိရပါတယ်။ 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာလည်း အင်းတော်ကြီးဒေသလုံးဆိုင်ရာ ကောက်ဦးဆွမ်းကပ်လှူပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်ကို ပြန်လည်ပြုလုပ်သွားမှာဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီဆီကနေသိရပါတယ်။ 

“ နှစ်သစ်ကူးကိုတော့ အဲ့ဒီနှစ်သစ်ကူးညမှာ အကျဉ်းချုံ့ပဲကျင်းပသွားမှာ။ လာမယ့် လပြည့်(နတ်တော်လပြည့်) နေ့မှာ အင်းတော်ကြီးဒေသလုံးဆိုင်ရာပွဲကို ပြုလုပ်သွားမယ်”​လို့ သူက ပြောပါတယ်။ 

ကချင်ပြည်နယ်အတွင်းမှာ ရှမ်းနီ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီ၊ တိုင်လေ စသည့် ရှမ်းတိုင်းရင်းသားငါးမျိုးနေထိုင်ကြတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *