
အောက်တိုဘာ ၂၇၊ မြစ်ကြီးနား
ကချင်ပြည်နယ်က မြန်မာ-တရုတ်နယ်စပ်ရှိ KIA ထိန်းချုပ်ထားတဲ့ဂိတ်တွေဖွင့်လိုက်ပေမယ့် ကုန်တင်ယာဉ်တွေအတွက် ကြန့်ကြာမှုတွေရှိနေတယ်လို့ ဒေသခံကုန်သည်တွေက ပြောဆိုကြပါတယ်။
“ကိုယ့်မြန်မာကားတွေ တရုတ်ထဲ ဝင်သွားရင် ပြန်ထွက်လာဖို့မျှော်ရတာ လည်ပင်းတောင်ဗျိုင်းတောင် အဖေခေါ်ရတော့မလားပဲ” ဟု ၎င်းတို့ကဆိုပါတယ်။
ကန်ပိုင်တည်၊ လိုင်ဇာ၊ မိုင်ဂျာယန် နှင့် လွယ်ဂျယ် စတဲ့ ကုန်သွယ်ရေးဂိတ် (၄) ခုလုံးကို အောက်တိုဘာ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ပေးလိုက်တာလို့ သိရပါတယ်။
KIA ကအောက်တိုဘာ ၂၄ ရက် တရုတ်စံတော်ချိန် ည ၁၂ နာရီကစ လို့ လိုင်ဇာနဲ့ မိုင်ဂျာယန် နယ်စပ်ဂိတ်တွေ ဖွင့်မှာဖြစ်ကြောင်း တရုတ်ဘက်က အကြောင်းကြား အသိပေးညွှန်ကြားစာ ရထားပြီးသားလို့ သိရပါတယ်။
နှစ်နိုင်ငံ နယ်စပ်ဂိတ်များတွင် လူနဲ့ ကုန်ပစ္စည်းများ အဝင်အထွက်အခြေအနေများကို လာမယ့်နိုဝင်ဘာ ၁ ရက်နေ့အထိ အသေးစိတ်စောင့်ကြည့်တင်ပြဖို့မြို့ အုပ်ချုပ်ရေးတာဝန်ခံတွေကို ညွှန်ကြားထား တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုန်စည်များအပါအဝင် သစ်နဲ့ ကျောက်စိမ်း ထွက်ကုန်များ တရုတ်နိုင်ငံဘက်သို့ တင်ပို့ ဝင်ရောက်နိုင်ဖို့အတွက် အဓိကရည်ရွယ်တယ်လို့ ဒေသခံများက သုံးသပ်ပြောဆိုထားပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတည်းက ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းလိုက်ပြီး ကန်ပိုက်တည်မြို့ကို ဆက် တိုက်ခိုက်နေချိန်မှာပဲ ၎င်းတို့ထိန်းချုပ်ထားတဲ့နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးပြုလုပ်နေတဲ့ ကန်ပိုက်တည် နဲ့ လွယ်ကျယ်ဂိတ်တွေဆီကနေ နှစ်စဉ် ကန်ဒေါ်လာ သန်း ၄၀ နီးပါ ကုန်သွယ်နေရတာလည်းဖြစ်ပါတယ်။
