
ဇွန် ၂၇ ၊ မိုးညှင်း
မနေ့က ကျရောက်တဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံတဝှမ်းက ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး စုစုပေါင်း ကန်ဒေါ်လာ ၂၉၇ သန်း (ကျပ် ၁၀၇၂ ဘီလီယံကျော်) ကို တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ တမူး၊ ကသာ နဲ့ ရွှေဘိုမြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။
အခုနှစ်ဝက်(၆)လအတွင်းမှာ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့က ဖမ်းဆီးရမိမှုအများဆုံးစာရင်းထဲပါဝင်နေပြီး စာရင်းတွေအရ ဘိန်း ၉၁၉ ကီလိုကျော်၊ ဘိန်းဖြူ ၄၆၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၂ သန်းကျော်၊ အိုက် ကီလိုငါးထောင်ကျော်၊ စိတ်ပြောင်းမူးယစ်ဆေးဝါး ၉၇ ကီလို ၊ ကတ်တမင်း ၂၇၁၅ ကီလိုကျော် ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသနဲ့ အထက်ပိုင်းဒေသတွေမှာတော့ ဘိန်း ၃၈၀ ကီလို ၊ ဘိန်းဖြူ ၁၁၁၀ ကီလို ၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅ သန်း ၊ အိုက် ၆၄၁ ကီလို ၊ စိတ်ပြောင်းမူးယစ်ဆေးဝါး ၈၆ ကီလိုကျော် ၊ကတ်တမင်း ၉၃ ကီလိုကျော် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဒီစာရင်းတွေအရ မူးယစ်ဆေးဝါးတွေကို မန္တလေး ၊ စစ်ကိုင်း ၊ မုံရွာ ၊ ကလေး ၊ ကသာမြို့နဲ့ ကချင်ပြည်နယ်က မိုးညှင်းမြို့တွေမှာ အဓိကဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကာလတူ စာရင်းအရ ကျပ်ငွေ ၁၁၆၃ ဘီလီယံကျော် ( ကန်ဒေါ်လာ ၃၄၈.၄၄၃ သန်း) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ပြီး အခုနှစ်မှာ အနည်းငယ်လျော့နည်းလာတာလည်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လကနေ ၂၀၂၅ ခုနှစ် မေလကုန်အထိ တစ်နှစ်တာအတွင်းမှာ ငွေကျပ် ၉၇၂ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေအရ သိရပါတယ်။
မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်ကနေ အဓိက သယ်ဆောင်ကြတာဖြစ်ပြီး မြန်မာ့မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနဲ့ထိစပ်တဲ့ အိန္ဒိယ နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အပါအဝင် နိုင်ငံတချု့ကို ပို့ဆောင်မှုတွေလည်းရှိတယ်လို့သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးအများစုဟာ ကချင်ပြည်နယ်သို့ ပို့ဆောင်ရမယ့်် ပစ္စည်းများနှင့် အိန္ဒိယနိုင်ငံဘက်သို့ တင်ပို့မည့်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ CCDAC Myanmar.ရဲ့ ထုတ်ပြန်မှု ကောက်နုတ်ချက်များအရ သိရပါတယ်။
မြန်မာနိုင်ငံဟာကမ္ဘာ့နိုင်ငံတွေကြား ဘိန်းစိုက်ပျိုးမှုထိပ်ဆုံးနိုင်ငံထဲကပါဝင်နေပြီး စိတ်ကြွရူးသွပ်ဆေးပြားများ၊ ကတ်တမင်းများထုတ်လုပ်တင်ပို့မှုအများဆုံးသော နိုင်ငံတစ်ခုအဖြစ်ရှိနေကြောင်း ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြထားပါတယ်။
