

အောက်တိုဘာ ၂၃ ၊ မြဝတီ
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေဆီမှာ တရားမဝင်အွန်လိုင်းနဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို လာရောက်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသား ၉၅၀၀ ကျော်ကို မြန်မာက သက်ဆိုင်ရာ နိုင်ငံတွေဆီကို ပြန်လည်လွှဲပြောင်းပေးနေတယ်လို့ မြန်မာ့အလင်းသတင်းစာက ဒီနေ့မှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံနယ်စပ်မှတစ်ဆင့် တရားမဝင် ရောက်လာသူတွေ နဲ့ မြဝတီမြို့( KK Park) နယ်မြေအတွင်းသို့ရောက်ရှိသွားတဲ့ နိုင်ငံခြားသားအမျိုးသား ၈,၇၅၄ ဦးနှင့် အမျိုးသမီး ၇၉၇ ဦးရှိပြီး စုစုပေါင်း ၉,၅၅၁ ဦးအထိရှိပြီး နိုင်ငံပေါင်း (၄၀) ကနေ ရောက်လာတဲ့သူတွေလို့ ဆိုပါတယ်။
အဲ့ဒီထဲက ၉,၃၃၉ ဦးတို့ကို သူတိုရဲ့ ကိုယ်ရေးအချက်အလက်များ နှင့် မှတ်တမ်းများ စာရင်းကောက်ယူပြီး ပြည်နှင်လွှဲပြောင်းပြီးပြီ လို့ဆိုပါတယ်။
ကျန်ရှိနေတဲ့ ၂၁၂ ဦးတို့ကိုထိန်းသိမ်းထားဆဲဖြစ်ပြီး ဆက်လက်လွှဲပြောင်းရန်အသင့်ဖြစ်နေကြောင်း သိရပါတယ်။
စစ်ကော်မရှင်အနေနဲ့ Online Scam Center(ကျားဖြန့်) လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနဲ့ နောက်ကွယ်က ကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
စစ်တပ်က ကျားဖြန့်လုပ်ငန်းတွေနဲ့နာမည်ကျော်တဲ့ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းက KK Park လောင်းကစားရုံထဲမှာ အလုပ်သမား ၂,၁၉၈ ဦးအားတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီအလုပ်သမားတွေကို ဂိုဒေါင်၊ တိုက်၊ ဆေးပေးခန်း အဆောက်အအုံတွေမှာ အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး နှင့် လုံခြုံရေး (၉၈) ဦးတို့ ပါဝင်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
မနေ့ကစပြီး KK Park အတွင်းမှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေအပြင် တခြားလုပ်ငန်းလုပ်ကိုင်နေသူတွေအားလုံးဟာ ရွေ့ပြောင်းနေကြပြီလို့ သိရပါတယ်။
ရွေ့ပြောင်းနေသူ ရာနဲ့ချီဟာ တစ်ဖက်ကမ်းက ထိုင်းနိုင်ငံအတွင်းသို့ ကမ်းကူးပြီးသွားရောက်နေသူတွေရှိသလို မြဝတီမြို့အတွင်း ဝင်ရောက်လာသူတွေလည်း တစ်မြို့လုံးပြည့်နှက်နေတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
