
ဩဂုတ် ၁၃ ၊ ဗန်းမောက်
ဟုမ္မလင်း-ဗန်းမောက်မြို့နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် မိုးရာသီမှာ အဓိကရေကြောင်းလမ်းဖြစ်တဲ့ ချောင်းကြီးချောင်းအတွင်း ယခုရက်ပိုင်းမှာ စက်လှေတိမ်းမှောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ ဩဂုတ်လ(၁၂)ရက်နေ့မှစပြီး ချောင်းကြီးတွင်း စီးဝင်နေတဲ့ နမ့်ကျင်ချောင်း၊ နမ့်မားချောင်း စတဲ့ချောင်းလက်တက်ရေတွေ တစ်ပြိုက်နက်တည်း ရေမြင့်ခဲ့တာကြောင့် ချောင်းကြီးအတွင်း ရေစီးကြောင်းသန်ပြီး ရေယာဉ်တွေ မတော်တဆ တိမ်းမှောက်မှုတွေ ဖြစ်ပေါ်နေကြတာဖြစ်ပါတယ်။
“ကျနော်တွေ့ခဲ့တာက မနေ့တနေ့က တုံပေအထက်နားမှာက လှေအချင်းချင်း တိုက်မိတာ။ လှေက ဘော်ဒီတောင် ကွဲနေတာ။ အဲ့ဒါကို ဖုံးဖာလုပ်နေရတာ။ မနေ့က ကျနော်တို့လှေ ဆန်တက်လာတာ နမ့်ကျင်ရေကြီးလို့ ခရီးနောင့်နှေးခဲ့ရတာ။ မနေ့ကပဲ ရေတံခွန်အနားမှာ ကုန်ခြောက်တွေတင်တဲ့ ရှော်လဗန်(၂)စီး မှောက်တယ်လို့ကြားတယ်။ ဆီတင်တဲ့လှေက တစ်စီးတဲ့။ အဲ့နေရာက ရေစီးအတော်သန်တာကြီးကို။ ရေကြီးရင် ဒီချောင်းကြီး ရေကြောင်းလမ်းက အန္တရာယ်အတော်များတယ်ဗျ။” လို့ လှေမောင်းသူတစ်ဦးက ပြောပြပါတယ်။
ရေကြောင်းအတွင်း အများဆုံးတိမ်းမှောက်နေကြတာက လှေငယ်တွေ အများဆုံးဖြစ်ပြီး လှေကြီးများရဲ့ ရေလှိုင်းလုံးရိုက်ခတ်မှုတွေကြောင့် ကုန်ပစ္စည်းဆုံးရှုံးရတဲ့ လှေငယ် (ရှောလဗန်) ပိုများနေတာပါ။
ရှမ်းနီအသံက ပြုစုထားတဲ့ စာရင်းတွေအရ ဩဂုတ်လ လဝက်အတွင်းမှာ မတော်တဆမှုကြောင့် စက်လှေတိမ်းမြှုပ်တာ ၃ ခုနဲ့ စက်လှေအချင်းချင်းတိုက်မိတာ ၂ မှုရှိခဲ့ပါတယ်။
မိုးတွင်းကာလမှာ ဟုမ္မလင်းမြို့နယ်အတွင်းက လိုအပ်တဲ့ အခြေခံစားသောက်ကုန်ကစလို့ လုပ်ငန်းသုံး စက်သုံးဆီများ၊ ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို အခုချောင်းကြီးချောင်းကိုသာ အဓိကအားထားနေရတာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မိုးအဆက်မပြတ် ရွာသွန်းနေဆဲဖြစ်ပြီး ချောင်းရေ ဆက်လက်မြင့်တက်နေဆဲဖြစ်တာကြောင့် ဟုမ္မလင်းနှင့် ဗန်းမောက်မြို့နယ်များအတွင်းက ချောင်းကြီးချောင်းရိုးတလျှောက်နေထိုင်သော ဒေသခံများရဲ့ ရေဘေးအန္တရာယ် စိုးရိမ်ဖွယ်ရှိနေပြီလည်းဖြစ်ပါတယ်။