ချောင်းကြီးချောင်းရေလျော့နည်းတဲ့အချိန်အထိဆိပ်ကမ်းကုန်သွယ်ရေးအားလုံးကို SNA ပိတ်ခိုင်းထား

ရေကြီးရေလျှံမှုကြောင့် ရွှေတော်ကုန်သွယ်ရေးဂိတ် ရွေ့ပြောင်းနေစဉ် / ShanNi Voice

ဇူလိုင်ဗန်းမောက် 

ဗန်းမောက်မြို့နယ် အနောက်ဘက်ဒေသရှိ ချောင်းကြီးချောင်းရေဟာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်က ပျက်စီးဆုံးရှုံးမှုတွေရှိနေတာကြောင့် ရွှေတော်ဆိပ်ကမ်းကုန်သွယ်ရေး အားလုံးကို ရပ်နားထားဖို့ ရှမ်းနီအမျိုး သားများတပ်မတော် (SNA)  တပ်မဟာ ၆၁၄ က ထုတ်ပြန်ခဲ့ပါတယ်။ 

ဇူလိုင်လ ၇ ရက်နေ့ကစလို့ ဒီဆိပ်ကမ်းတွေကနေ ကုန်သွယ်မှုအားလုံး ရပ်နားထားဖို့ ညွှန်ကြားစာထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ 

ချောင်းရေအတက်အကျအပေါ်မူတည်ပြီး ပြန်လည်ကူးသန်းနိုင်ဖို့ သူတို့တပ်ဖွဲ့ရဲ့ခွင့်ပြုချက်မရမချင်း ဖြတ်သန်းတာ ၊ ရောင်းဝယ်ဖောက်ကားတာတွေအားလုံး ရပ်ဆိုင်းထားရမှာဖြစ်ကြောင်း ဆိုထားပါတယ်။ 

ဒီဒေသတွေဟာ ၂၀၂၀  ခုနှစ်နောက်ပိုင်း SNA တပ်မဟာ (၆၁၄) ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်ပြီး စက်သုံးဆီအပြင် ကုန်စည်အမျိုးအမျိုးကို သယ်ယူနေရတဲ့အဓိကဆိပ်ကမ်းတစ်ခုလည်း ဖြစ်ပါတယ်။

ဇူလိုင် (၆)ရက်နေ့ ညပိုင်းမှစတင်ကာ ချောင်းကြီးချောင်း ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး  စက်လှေသုံးစီးနစ်မြှပ်ခဲ့တာအပြင် ချောင်းအနီးနဲ့ဘေးပတ်ဝန်းကျင်နေထိုင်သူအားလုံး ရွှေ့ပြောင်းနေထိုင်နေရပါတယ်။

“ ပစ္စည်းတွေ တန်းထိုးပြီး အမိုးပေါ်တင်ထားတယ် ။ ခေါင်အမိုး ထုတ်တန်းပေါ်တင်ထားတာ။ အရင်က ကုန်တင်ကုန်ချကားကြီးဝင်းပဲ အဲ့ဒါ ခုလှေတွေပြည့်နေပြီ။  စက်လှေ ညက သုံးစီးရေမြှုပ်တယ်။ ရေတက်တာ မသိလိုက်ကြဘူး ။ တောင်ကျရေဆိုတော့အတက်မြန်လို့” လို့ စက်လှေပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ယနေ့နဲ့ဆို ရေကြီးရေလျှံမှုဟာ သုံးရက်မြောက်နေ့ရှိလာပြီဖြစ်သလို ချောင်းရေအနည်းငယ်လျော့ကျလာခဲ့ပေမယ့်  မိုးဆက်လက်ရွာသွန်နေသေးကြောင်း ဒေသခံများထံမှ သိရပါတယ်။ 

၂၀၂၂ခုနှစ်ကစပြီး မိုးရာသီအချိန်မှာ ကုန်စည်တွေသယ်ယူပို့ဆောင်ရေးအတွက် အလွန်အသုံးဝင်တဲ့ချောင်းဖြစ်လာပြီး နွေရာသီမှာတော့ရေခန်းခြောက်မှုကြောင့် ရေယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *