


ဇွန် ၁၃ ၊ ရန်ကုန်
မြန်မာပြည်တွင်းမှာ ငလျင်ဘေးဒဏ်ကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်တွေထက် ၂ ဒသမ ၈ ရာခိုင်နှုန်းအထိ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးအစီရင်ခံစာက မနေ့က ဇွန်လ(၁၂)ရက်နေ့မှာ ခန့်မှန်းပြောဆိုလာပါတယ်။
၂၀၁၇ခုနှစ်က ခန့်မှန်းထားခဲ့တဲ့နှုန်းမှာ ၂၄.၈ရာခိုင်နှုန်း ဖြစ်ပေမယ့် အဆိုပါခန့်မှန်းထားတာထက် ကျော်လွန်ကာ ငလျင်မတိုင်ခင် ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်အထိက ၃၁ ရာခိုင်နှုန်းထိ ဆင်းရဲနွမ်းပါးမှုနှုန်းတက်ခဲ့ပါတယ်။
ဒီနှစ်မှာလည်း အဲ့ဒီရာခိုင်နှုန်းတွေထက် ၂ ရာခိုင်နှုန်းကျော် ပိုမိုမြင့်တက်လာနိုင်တယ်ဆိုတာကို ကမ္ဘာ့ဘဏ်ရဲ့ မှန်းဆတွက်ချက်လေ့လာမှုတွေက ညွှန်ပြနေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ပဋိပက္ခလက်နက်ကိုင်တိုက်ပွဲများ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ၊ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှု နှုန်းထား ကန့်သတ်ချက်များဖြစ်ပေါ်နေစဉ် ငလျင်ဘေးပါထပ်မံပါဝင်လာတာကြောင့် ငွေကြေးဖောင်းပွမှုနှုန်းဟာလည်း ၂၀၂၅ ခုနှစ် ဧပြီလအထိ တစ်နှစ်တာကာလအတွင်းမှာပင် ၃၄.၁ရာခိုင်နှုန်းထိ ရှိခဲ့ကြောင်း သိရပါတယ်။
“ ငလျင်ကြောင့် အသက်ဆုံးရူံးမှ ၊နေရပ်ရွှေ့ပြောင်းရမှုတွေဖြစ်ရသလို ယခင်ကတည်းက အခက်အခဲကြုံနေရတဲ့ စီးပွားရေးအခြေအနေကိုလည်း ပိုမိုဆိုးရွားသွားစေပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ညွှန်ကြားရေးမှူးမီလင်ဒါဂွတ်ဒ်က ဆိုထားပါတယ်။
ဒီသဘာဝငလျင်ဘေးကြောင့် လူဦးရေ(၉)သန်းခန့် ဒုက္ခရောက်ခဲ့ပြီး နောက်ထပ်လူဦးရေ (၁၇)သန်းအပေါ်ကိုထိခိုက်မှုရှိခဲ့သလို အဆောက်အဦး တိုက်ရိုက်ပျက်စီးမှုပေါင်း အမေရိကန်ဒေါ်လာ (၁၁) ဘီလီယံရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။